CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ဖို့ လုပ်ဆောင်ပေးရမယ်ဆိုပြီး ကတိပြုထားတဲ့ အချက်မပါဝင်ဘူးလို့ ကြေညာချက်ထုတ်ပြန်ပြီး ငြင်းဆို လိုက်ပါတယ်။

အယ်လ်နာဆာအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “အခု ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အယ်လ်နာဆာဘက်က ရှင်းပြချင်ပါတယ်။ ရော်နယ်ဒိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေ မပါဝင်ပါဘူး။ သူ့ရဲ့ အဓိကအာရုံစိုက်မှုက အယ်လ်နာဆာ အတွက်ပဲဖြစ်ပြီး အသင်းဖော်တွေနဲ့ အတူတွဲကာ အောင်မြင်မှုရအောင် ကူညီပေးဖို့ဖြစ်တယ်”လို့ ဖော်ပြထားတာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ အပြင် ၂၀၃၀ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကြိုးပမ်းမှုမှာ သံတမန်အဖြစ် ဆောင်ရွက်မှုအတွက် နောက်ထပ် ယူရိုသန်း ၂၀၀ ရရှိမယ်လို့ သတင်းတွေ ထွက်ခဲ့ တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်


ဒါကို အယ်လ်နာဆာအသင်းက ငြင်းခဲ့တာပါ။ ကမ္ဘာ့လုပ်ခလစာ အများဆုံး ကစားသမားအဖြစ် အယ်လ်နာဆာကို ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ အခုအချိန်ထိ ဆော်ဒီကလပ်အတွက် ပွဲမထွက်ရသေးပါဘူး။

ရော်နယ်ဒိုဟာ အသင်းဟောင်း ယူနိုက်တက်မှာ ရခဲ့တဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မကြာသေးခင်က ပွဲစဉ်ဖြစ်တဲ့ အယ်လ်တာအီနဲ့ ပွဲကို ကြည့်ရှုခွင့်သာရခဲ့တာပါ။

ဒါပေမယ့် ပေါ်တူဂီကစားသမားဟာ ပါဝင်ကစားတဲ့ အချိန်မှာ အဆင်သင့်ဖြစ်ဖို့အတွက် အသင်းနဲ့ လေ့ကျင့်မှုတွေ ကိုတော့ မပြတ်လုပ်ဆောင်နေပါတယ်။ ရော်နယ်ဒိုဟာ ဇန်နဝါရီ ၁၅ ရက်မှာ ကစားမယ့် အယ်လ်ရှာဘတ်နဲ့ ပွဲကို လည်း ပါဝင်နိုင်မှာ မဟုတ်ဘဲ အယ်လ်အီတီဖတ်နဲ့ ပွဲမှသာ အယ်လ်နာဆာအတွက် ပါဝင်နိုင်မှာပါ။

ဒါပေမယ့် ရော်နယ်ဒိုဟာ ဆော်ဒီပွဲဦးထွက်အဖြစ် ပီအက်စ်ဂျီနဲ့ ခြေစမ်းပွဲမှာ ပါဝင်ပြီး ပြိုင်ဘက်ဟောင်း မက်ဆီနဲ့ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီပွဲကတော့ ဆော်ဒီထိပ်တန်း ကလပ်နှစ်သင်းဖြစ်တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ်တို့ကို ပေါင်းစပ်ပြီး ဇန်နဝါရီ ၁၉ ရက်မှာ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: Goal