CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ - ၁၁

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ချာလ်တန်အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ဝိန်းရွန်နီရဲ့ အိုးထရက်ဖို့ဒ်မှာ ၈ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို လိုက်မှီသွားခဲ့ တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းက ချာလ်တန်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ရက်ရှ်ဖို့ဒ်က ၂ ဂိုး သွင်းယူကာ အန်တိုနီက ၁ ဂိုး သွင်းယူခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၀ ခုနှစ်၊ မတ်လက ဝိန်းရွန်နီနောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ၈ ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ယူနိုက်တက် ကစားသမား ဖြစ်လာခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် နောက်ဆုံးကစားထားတဲ့ ၆ ပွဲမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်း ပြသနေခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၅ ဂိုးအထိ သွင်းယူထားပြီး ဂိုးဖန်တီးမှုက ၆ ဂိုးအထိ ရှိခဲ့တာပါ။

ရက်ရှ်ဖို့ဒ် ပြိုင်ဘက်အသင်းကို ဂိုးသွင်းနေစဉ်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီပုံစံအတိုင်းပဲ ဆက်သွားရင် ဂိုးတွေပိုပြီး သွင်းယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ခင်ဗျားတို့ကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးတယ်လို့ ထင်ပါတယ်။ သူဟာ ဂိုးဧရိယာထဲမှာ တစ်ဦးချင်းစီတွေ့တဲ့ အနေအထားမှာဆို ဂိုးသွင်းနိုင်ပါလိမ့်မယ်။ ဒါကို ဒီလိုအချိန်မှာ သူလုပ်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ် အနေနဲ့ အာရုံစူးစိုက်မှုကို ဆက်ထိန်းပြီး၊ ဒီလိုပဲ တူညီတဲ့ အားထုတ်မှုကို လုပ်နိုင်မယ်ဆိုရင်တော့ သူဟာ ဂိုးတွေ ဆက်ပြီး သွင်းယူနိုင်လိမ့်မယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲရစ်တန်ဟတ်အတွက် ယူနိုက်တက်အသင်းကို ကိုင်တွယ်ပြီး ၂၇ ပွဲမြောက်မှာ နိုင်ပွဲ ၂၀ ရရှိသွားခဲ့တာ ဖြစ်ပြီး ယူနိုက်တက်သမိုင်းမှာ အမြန်ဆုံးနိုင်ပွဲ ၂၀ ရတဲ့ နည်းပြဖြစ်လာခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ လက်ရှိ အချိန်မှာ ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲ ရရှိထားတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီအဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal/Daily Mail