CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈

ဇူလိုင်လထဲ ကျင်းပမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲ အတွက် လူစာရင်း ထုတ်ပြန်ခဲ့တာမှာ တိုက်စစ်မှူး မာတာဟာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားဖို့ ပါဝင် လာခဲ့ပါတယ်။

ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ ကြိမ် ရရှိထားတဲ့ မာတာဟာ အခြားဝါရင့်ကစား သမားတွေဖြစ်တဲ့ ဒီဘင်ဟာ၊ တာမီရတ်စ်၊ အန်ဒရီဆာအဲလ်ဗတ်စ်တို့နဲ့အတူ ဘရာဇီးလ်လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး အသင်းကို ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိနိုင်အောင် ဦးဆောင်ရမှာပါ။ 

ဒါပေမယ့် ဘရာဇီးလ်အသင်း နည်းပြက မာတာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမလားဆိုတာတော့ အာမခံချက် မပေးထားပါဘူး။

ဘရာဇီးလ်အမျိုးသမီး တိုက်စစ်မှူး မာတာကိုတွေ့ရစဉ်

ဘရာဇီးလ်နည်းပြ ဆန်ဟာဂီက “မာတာဟာ ဘုရင်မဖြစ်ပြီး သူမဟာ အိုင်ကွန်ပါ။ သူမအနားမှာ ရှိနေတာနဲ့ အောင်မြင်မှုတွေ ရယူနိုင်ပါတယ်။ သူမကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမလားဆိုတာတော့ မသိသေးပါဘူး။ သူမဟာ ကျမကစားခိုင်းမယ့် နေရာမှာ ကစားရမှာဖြစ်ပြီး သူမကောင်းမွန်စွာ လုပ်နိုင်မယ်ဆိုတာ ကျမယုံကြည် ပါတယ်”လို့ ပြောခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ မာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၁၇ ဂိုး သွင်းယူထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စံချိန်တင် ဂိုးသွင်းတဲ့သူအဖြစ် ရပ်တည်နေတာပါ။

အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံး ဒုတိယသာ ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၂၃ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ်၊ ဂျမေကာ၊ ပနားမားတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲ မသွားရောက်ခင် ဇူလိုင်လ ၂ ရက်မှာ ချီလီအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာပါ။

သြစတြေးလျနဲ့ နယူးဇီလန်အသင်းတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: CNA