CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄
ဘရာဇီးလ်နောက်ခံလူ ဂါဘရီရယ်လ် အပါအဝင် အာဆင်နယ်အသင်း ကစားသမား ၆ ဦးဟာ ဒဏ်ရာစိုးရိမ်မှုတွေ ကြောင့် ဒီလထဲကစားမယ့် နိုင်ငံတကာပွဲတွေအတွက် သူတို့နိုင်ငံရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ကြပါတယ်။
ဂါဘရီရယ်လ်ဟာ ပြင်သစ်နောက်ခံလူ ဆာလီဘာ၊ ဘယ်လ်ဂျီယံတောင်ပံ ကစားသမား ထရော့ဆာဒ်၊ နယ်သာ လန် နောက်ခံလူ တင်ဘာ၊ အင်္ဂလန်ကွင်းလယ်လူ အီဇီတို့နဲ့အတူ ဒဏ်ရာတွေကြောင့် နုတ်ထွက်ခဲ့တာ ဖြစ်ပါ တယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နေတာ ကြောင့် နော်ဝေအသင်း လူစာရင်းကနေ ထွက်ခွာခဲ့တာပါ။
နုတ်ထွက်ခဲ့တဲ့ ကစားသမားတွေရဲ့ ဒဏ်ရာပြင်းထန်မှု အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဂါဘရီရယ်လ်၊ ဆာလီဘာနဲ့ ထရော့ဆာဒ်တို့ရဲ့ နုတ်ထွက်မှုဟာ ကြိုတင်ကာကွယ်မှုသာ ဖြစ်ဖို့များပါတယ်။
မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဒူးနာကျင်မှု ခံစားခဲ့ရတဲ့ ဂါဘရီရယ်လ်ဟာ ပွဲကစားဖို့ကြံ့ခိုင်မှု မပြည့်ဝဘူးလို့ ဘရာဇီးလ်အသင်း ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ ဂါဘရီရယ်လ်နဲ့အတူ ဗဟိုနောက်ခံလူအဖြစ် ပွဲထွက်ခဲ့တဲ့ ဆာလီဘာဟာ ပြင်သစ်အသင်း လေ့ကျင့် ရေး စခန်းထံ ပူးပေါင်းနိုင်မှာ မဟုတ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဖော်ပြခဲ့တာပါ။

အာဆင်နယ်ကစားသမားများကို တွေ့ရစဉ်
ဆာလီဘာဟာ ခြေချင်းဝတ်နာကျင်မှုကြောင့် ကုသမှုခံယူဖို့နဲ့ အနည်းဆုံး ၁၀ ရက် အနားယူဖို့ လိုအပ်နေပါတယ်။
ဗိုလ်လုပွဲမှာ ၈၂ မိနစ်ကြာ ကစားခဲ့တဲ့ ထရော့ဆာဒ်ဟာ ဘယ်လ်ဂျီယံ FA နဲ့ အာဆင်နယ်အသင်းတို့အကြား ဆွေးနွေးပြီးနောက် ဘယ်လ်ဂျီယံအသင်းကနေ ထွက်ခွာခဲ့တာပါ။
အင်္ဂလန်နဲ့ နယ်သာလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ အီဇီနဲ့တင်ဘာတို့ဟာ ဒဏ်ရာတွေကြောင့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်း အာဆင်နယ်အသင်းအတွက် ၁ ပွဲသာ ကစားထားရသေးတဲ့ အိုဒီဂတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံဖြစ်နေဖို့ အရေးကြီးတယ်လို့ နော်ဝေအသင်းနည်းပြက ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နိုင်ငံတကာ ပွဲတွေအပြီးမှာ FA ဖလား၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီပွဲတွေမှာ ကစားသမားတွေအားလုံး ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: Dailymail
