CNI International News
ဆစ်ဒနီ၊ နိုဝင်ဘာ ၃၀
ဩစတြေးလျနိုင်ငံတွင် အသက် ၁၆ နှစ်အောက် ကလေးများကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ပိတ်ပင်မှုကို လွှတ်တော်အမတ်များက နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် လူမှုမီဒီယာများ တရားလွန် အသုံးပြုမှု၏ သက်ရောက်မှုများကို ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထိုပိတ်ပင်ချက်တွင် X ၊ Facebook ၊ Instagram ၊ TikTok ၊ Snapchat နှင့် Reddit စသည့် လူမှုမီဒီယာ ပလက်ဖောင်းများ ပါဝင်သော်လည်း YouTube ပါဝင်ခဲ့ခြင်းမရှိပေ။
ထိုပလက်ဖောင်းများ အနေဖြင့် အသက်အရွယ် ကန့်သတ်ချက်ဖြင့် မည်ကဲ့သို့ အကောင့်ဖွင့်ခွင့် ပေးမည်နည်း ဆိုသည့် အချက်ကို အဖြေရှာရန် အချိန် ၁ နှစ်ရရှိခဲ့သည်။
အကယ်၍ နည်းပညာ ချွတ်ယွင်းချက်များကြောင့် အသက် ၁၆ နှစ်အောက် ကလေးများတွင် လူမှုမီဒီယာ အကောင့်များ ရှိလာခဲ့မည်ဆိုပါက ထိုလူမှုမီဒီယာ အကောင့်များနှင့် သက်ဆိုင်သည့် ကုမ္ပဏီများအနေဖြင့် ဒဏ်ငွေအဖြစ် ဒေါ်လာ ၃၃ သန်းအထိ ချမှတ်ခံရမည်ဖြစ်သည်။
အထက်လွှတ်တော်အမတ်များက လွှတ်တော်ဆိုင်ရာ ကြားနာစစ်ဆေးမှု၏ နောက်ဆုံးရက်တွင် ညအချိန်အထိ ထိုဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဩစတြေးလျဝန်ကြီးချုပ် လွှတ်တော်တွင်း ဖြေရှင်းနေစဉ်
အတိုက်အခံ လစ်ဘရယ်ပါတီက ထောက်ခံထားသည့် ထိုဥပဒေမူကြမ်းကို အောက်လွှတ်တော်တွင် နိုဝင်ဘာ ၂၇ ရက်က မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၁၀၂ မဲနှင့် ကန့်ကွက်မဲ ၁၃ မဲရှိခဲ့သည်။
ထိုဥပဒေကို ထောက်ခံသူများက လူမှုမီဒီယာများသည် မိန်းကလေးများအပေါ် ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး စိတ်ထိခိုက်စေသည့် သက်ရောက်မှုရှိစေသလို ယောကျ်ားလေးများအပေါ် မိန်းကလေးများအား မုန်းတီးသည့် အကြောင်းအရာများဖြင့်
သက်ရောက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
ဩစတြေးလျတွင် အွန်လိုင်းပေါ်မှ အနိုင်ကျင့် ဗိုလ်ကျခံရမှုများကြောင့် ဆယ်ကျော်သက် လူငယ်များ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုဥပဒေမူကြမ်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်က YouGov အမည်ရှိ လူထုသဘောဆန္ဒ ကောက်ယူမှု စစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် ဩစတြေးလျနိုင်ငံသား စုစုပေါင်း၏ ၇၇ ရာခိုင်နှုန်းက အသက် ၁၆ နှစ်အောက် ကလေးများအား လူမှုမီဒီယာ အသုံးပြုခွင့်ပိတ်ပင်မှုကို ထောက်ခံကြောင်း ဖြေကြားခဲ့ကြသည်။
Source: ရိုက်တာ