CNI International News

ဆိုးလ်၊ အောက်တိုဘာ ၃၁

လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့သည့် အီထယ်ဝမ် (Itaewon) လူစုလူဝေးဖြစ်ရပ်ဆိုးနှင့်ပတ်သက်၍ လူမှုကွန်ရက် မီဒီယာများပေါ်သို့ အမုန်းစကားများ လွှင့်တင်ခြင်း (သို့မဟုတ်) အတည်မပြုနိုင်သော သတင်းအချက်အလက်များ ဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ကြပါရန် တောင်ကိုရီးယားဝန်ကြီးချုပ်  ဟန်ဒက်ဆိုး (Han Duck-soo) က အောက်တိုဘာ ၃၁ ရက် (ယနေ့)တွင် တောင်းဆိုခဲ့ကြောင်း ယွန်ယက်သတင်းကို ကိုးကား၍ ကိုရီးယားတိုင်းမ်ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

“အင်တာနက်နဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ တချို့တွေက သေဆုံးသူတွေအကြောင်း အမုန်းပွားစေတဲ့ မှတ်ချက် တွေ ရေးတင်နေကြပါတယ်။ မတော်တဆဖြစ်စဉ်အပေါ် အတုယောင်နဲ့ ရန်လိုစေတဲ့ဗီဒီယိုဖိုင်တွေကို မျှဝေနေ ကြပါတယ်” ဟု ဟန်ဒက်ဆိုးက ဗဟိုအစိုးရ၏တုံ့ပြန်ရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အင်တာနက်သုံးစွဲသူတွေအနေနဲ့ ဒီလိုအပြုအမူမျိုးကို လုံးဝရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သေဆုံးသူ ၁၅၄ ဦးအနက် တစ်ဦးမှအပ ကျန်သူအားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်ဟု သိရကြောင်း၊ ကျန်ရစ်သူ မိသားစုကို ထောက်ပံ့ကူညီရန် အစိုးရအနေဖြင့် အစွမ်းကုန်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် ဆိုးလ်မြို့အပြင်ဘက်မှ လာရောက်ကြသူများ၊ နိုင်ငံခြားခရီးသွား များလည်း ပါဝင်ကြသည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲမှ လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့သည့် အီထယ်ဝမ်ဖြစ်ရပ်ဖြစ်ပွားခဲ့ရာ နေရာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ်(ဓါတ်ပုံ- Associated Press)

ဖြစ်ရပ်ဆိုးကြီး၏နောက်ဆက်တွဲမလိုလားအပ်သည်များကို အစွမ်းကုန်ရင်ဆိုင်ဖို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများကို ဟန်ဒက်ဆိုးက တိုက်တွန်းခဲ့သည်။

ဆိုးလ်မြို့တော်ရှိ ဖျော်ဖြေရေးလုပ်ငန်းများတည်ရှိရာ အီထယ်ဝမ်ခရိုင်တွင် ၃ ဒသမ ၂ မီတာကျယ်ဝန်းသော လမ်းကြားထဲ Halloween ပွဲတော်ဆင်နွှဲသူများအကြား ထုထည်ကြီးမားသည့်လူအုပ်ထဲတွင် မတော်တဆ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

လူအချို့လဲပြိုကျရာမှ အနီးအနားရှိလူများပါ ဆက်တိုက်လဲပြိုပြီး အချင်းချင်း ထိပ်တိုက်တိုးဝှေ့မိခြင်း နင်းမိခြင်း များ ရှိခဲ့သည်။

“အစိုးရအနေနဲ့ မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့မူဝါဒတွေ ပြန်လည်ပြင်ဆင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါ” ဟု ဆိုးလ်မြို့တော်ရှိ အစိုးရအာဏာပိုင်များ၊ ယောင်စန် ရပ်ကွက်ရုံးတို့တွင် တုံ့ပြန်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် ဟန်ဒက်ဆိုးက မှာကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာအလျောက်ပါဝင်ခဲ့ကြသည့် ပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source: The Korea Times