CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅

မြန်မာ့ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းစက်လှေကို ဖမ်းဆီးထားခြင်းနှင့်ပတ်သက်၍ သေချာမဖြေရှင်းနိုင်ပါက ထိုင်းနှင့်မြန်မာကြား သံတမန်ဆက်ဆံရေး ဆိုးဝါးလာနိုင်သလားဆိုသည့်အပေါ် နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်နေကြသည်။

မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာခြင်းကြောင့် မြန်မာရေတပ်မှ ဖမ်းဆီးထားသည့် ထိုင်းငါးဖမ်း စက်လှေသမား ၄ ဦးကို ပြန်လွှတ်ပေးရန် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းနေပြီး ၎င်းတို့မှာ လုံခြုံဘေးကင်းစွာ ရှိနေသည်ဟု ထိုင်း ဝန်ကြီးချုပ် ပေတုန်တန်က ဒီဇင်ဘာ ၃ ရက်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုပြဿနာအား မြန်မာဘက်မှ သေချာစွာ မဖြေရှင်းနိုင်ပါက ထိုင်းနှင့် မြန်မာအကြား ပဋိပက္ခများ တဆင့် တိုးလာ နိုင်သည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

၎င်းက “အခုကတော့ ထိုင်းမှာတက်လာတဲ့ အစိုးရသစ်နဲ့ မြန်မာစစ်ကောင်စီက ဆက်ဆံရေးကတော့ တော်တော် လေး အဖုအထစ်တွေ များလာတယ်။ တော်တော်လေးလည်း ပြောစရာဆိုစရာတွေ ရှိလာပါတယ်။ အဲဒီတော့ တလျှောက်လုံး စစ်ကောင်စီကို ထောက်ခံလာတဲ့ ထိုင်းစစ်အစိုးရနဲ့ အခုက သက်ဆင် မျိုးနွယ်စုရဲ့သမီး ဝန်ကြီးချုပ် ဖြစ်လာတဲ့အခါမှာ သိသာထင်ရှားတဲ့ အမြင်မတူမှုတွေ သဘောထား မတိုက်ဆိုင်မှုတွေ အဲဒီကနေ အခု ပဋိပက္ခ တွေ ဖြစ်လာတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် ဒါတွေနဲ့ပတ်သက်ပြီးတော့ သေချာစွာ မထိန်းချုပ်ရင်၊ တရား မျှတစွာ သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းမှုမလုပ်ရင် ထိုင်းနဲ့ မြန်မာနိုင်ငံ စစ်ကောင်စီ ကြားထဲမှာ ပဋိပက္ခတွေက တဆင့် တိုးလာစရာရှိတယ်လို့ ယူဆပါတယ်”ဟု ပြောသည်။

နိုဝင်ဘာ ၃၀ ရက်နေ့က ထိုင်းငါးဖမ်းစက်လှေ တစ်စီးသည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ မြန်မာ့ရေပိုင်နက် အတွင်းသို့ ရောက်ရှိလာသည်ကို မြန်မာစစ်ရေယာဉ်မှ စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုစက်လှေအတွင်းမှာ မြန်မာနိုင်ငံသား ကျား ၂၇ ဦးနှင့် ထိုင်းနိုင်ငံသား ကျား ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန် ပြောကြားခဲ့သည်။

ယခုကိစ္စသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာပျက်ပြားရန်အထိ မမြင်သေးကြောင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

၎င်းက “ဒီကိစ္စကတော့ တင်းမာပြီးတော့မှ ဆက်ဆံရေး ပျက်ပြားသွားဖို့တော့ အခုလောလောဆယ် မမြင်သေး ဘူး။ ထိုင်းဘက်ကလည်း ကိုယ်စားလှယ်တွေ လွှတ်ပြီးတော့မှ SAC နဲ့ ဆွေးနွေးတာရှိတယ်။ နောက် ဒီလအတွင်း မှာပဲ tringle plus ဆိုပြီးတော့မှ သုံးပွင့်ဆိုင် အပေါင်းဆိုပြီးမှ လုပ်ဖို့ သူက ကြိုးစားနေတယ်။ အဲဒီတော့ ဒီဥစ္စာကို တော့ အပျက်မခံသေးဘူးပေါ့။ သို့သော်လည်း တစ်ဖက်ကလည်း ပြည်သူတွေအတွက် သူတို့ တတ်နိုင်သလောက် ပြောပေးရမယ်ထင်တယ်။ ပြီးခဲ့တဲ့ မ‌နေ့တစ်နေ့ကလည်း သံအမတ်ကြီးနဲ့ တွေ့တယ်။ နောက် ထိုင်းသံအမတ် ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တွေ့တယ်။ အဲဒီတော့ သူတို့ကြိုးစားနေတယ်ပေါ့။ ဒီဥစ္စာ အဖြေ ဘယ်လိုရ မလဲ မသိသေးဘူး” ဟု ပြောသည်။

အဆိုပါ ငါးဖမ်းစက်လှေသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ နေထိုင်သည့် ထိုင်းနိုင်ငံသား တစ်ဦးပိုင်ဆိုင်ကြောင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီက ထွက်ခွာလာပြီး မြန်မာ့ရေပိုင်နက်အတွင်းသို ည ၉ နာရီမှာ ရောက်ရှိ၍ ငါးဖမ်းဆီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုနောက် ထိုင်းငါးဖမ်းစက်လှေတွင် လုပ်ကိုင်ကြသူများအနက် ထိုင်းလူမျိုး တစ်ဦးလျှင် တစ်လ လုပ်ခလစာ ထိုင်းဘတ်ငွေ ၁၅၀၀၀ ရပြီး မြန်မာနိုင်ငံသား တစ်ဦးလျှင် တစ်လလုပ်ခလစာ ထိုင်းဘတ်ငွေ ၁၂၀၀၀ ရရှိကြောင်း သိရသည်။

ထိုင်းသတင်းမီဒီယာများကတော့ ထိုင်းငါးဖမ်းစက်လှေ ဖမ်းဆီးခံရမှုတွင် တစ်ဦးသေဆုံးခဲ့ကြောင်း၊ ထိုင်းပိုင်နက် အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။

သေဆုံးသူမှာ ထိုင်းငါးဖမ်းစက်လှေကို မြန်မာဘက်မှ ပစ်ခတ်ခဲ့ချိန် ရေထဲခုန်ချခဲ့သဖြင့် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်မှာ မှန်ကန်ကြောင်း ထိုင်းရေတပ်မှ အတည်ပြုထား သည်။