CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအား ဖြေရှင်းရန်ဆောင်ရွက်ရာတွင် ရခိုင်အဖွဲ့အစည်းများ အနေဖြင့် အချင်းချင်း ပြဿနာများဖြစ်၍မရကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်သည် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ ထိလွယ်ရှလွယ်သော သမိုင်းကြောင်းများရှိခဲ့ပြီး ယခုတွင်လည်း စစ်ရေးပဋိပက္ခများ ပြင်းထန်လျက်ရှိနေသည်။
ရခိုင်ပြည်အရေးကို ဆောင်ရွက်ရာတွင် ရခိုင်အဖွဲ့အစည်းများ အချင်းချင်း ရန်ဖြစ်၍မရဘဲ အမြင်သဘောထားများ ကျယ်ပြန့်ရန်လိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်အဖွဲ့အစည်း တစ်ခုကမှ ဦးဆောင်ပြီးတော့မှ လုပ်မယ်၊ လုပ်လို့ရမယ်ဆိုတဲ့ စဥ်းစားချက်မျိုးကတော့ မမြင်ရသေးဘူးပေါ့နော်၊ ကိုယ်ကလည်း လုပ်နေတယ်၊ သူကလည်း လုပ်နေတယ် ပြန့်ကြဲပြီးတော့မှ ကိုယ်နိုင်တာ ကိုယ်လုပ်တယ်ဆိုတဲ့ အနေအထားမျိုးပဲရှိတယ်။ ဘယ်အဖွဲ့က စလုပ်မယ်၊ ဘယ်အဖွဲ့က ဦးစီးမယ် စသည်အားဖြင့် ပြောလို့ရတဲ့ အနေအထားမရှိဘူး။ ဒါပေမယ့် တစ်ချိန်ချိန် တစ်နေ့နေ့မှာတော့ အမျိုးသား တစ်ရပ်လုံးနဲ့ဆိုင်တဲ့ ကိစ္စကတော့ မပြောမဖြစ် ပြောလာရမှာဖြစ်တယ်၊ အားလုံးက ပါဝင်လာရမှာဖြစ်တယ်၊ အဲတာကြောင့်မို့လို့ ရခိုင် အချင်းချင်း ရန်ဖြစ်လို့မရဘူး၊ ရခိုင်ပြည်အရေးကို ဆွေးနွေးတဲ့အခါမှာ ရခိုင်တွေက မပြောမဖြစ် ပြောလာရမယ်၊ အမြင်သဘောထားတွေ ကျယ်ပြန့်ဖိုလိုတယ်၊ အဲလိုပဲ ကျမ ပြောချင်တယ်လေ၊ အဲလိုပဲ ဆန္ဒရှိတယ်။ အဲဒါကြောင့် မို့လို့ ရခိုင်အရေးကို ဆောင်ရွက်တဲ့အချိန်မှာ ကျမတို့ကတော့ ရခိုင်အချင်းချင်း ရန်မဖြစ်ချင်ဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
ရခိုင်ပြည်နယ် အကျပ်အတည်းအား ဖြေရှင်းရာတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဘေကျင်းမြို့၌ ပြုလုပ်သည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများ ပြင်းထန်နေသောကြောင့် ပြည်သူလူထု ဒုက္ခရောက်နေကြပြီး ဘင်္ဂါလီများအား စစ်မှုထမ်းခိုင်းခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ရှိနေကြောင်း၊ ထိုအခြေအနေများသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား ဖန်တီးသလိုဖြစ်နေကြောင်း ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ညှိနှိုင်းရေးမှူး ဦးခင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိမှာက ကျနော်တို့ ရခိုင်ရဲ့ အနေအထားက ပြည်သူလူထုက ဒုက္ခတော်တော်ရောက်နေတဲ့ အခြေအနေ ဖြစ်နေပြီ၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်တပ်ကလည်း သူတို့ရဲ့ ရခိုင်ဒေသကို ပြန်လည်သိမ်းပိုက် ရရှိရေးကိုပဲ ကြိုးစားနေတာ၊ ဖြစ်ချင်ရာဖြစ်ပေါ့ဗျာ၊ ကျန်တဲ့လုပ်ငန်း ဘယ်ဟာကိုမှ ထည့်မတွက် တော့ဘူး ပေါ့။ ပြည်သူရဲ့ အကျိုးစီးပွား ပျက်စီးမှာတွေ၊ ဘာတွေ ညာတွေ တစ်ခုမှထည့်မတွက်ဘဲနဲ့ သူတို့သွားချင်တဲ့ လမ်းကြောင်းကိုပဲ သူတို့သွားနေတာ။ တစ်ဖက်က ပြောမယ်ဆိုရင် အဲလမ်းကြောင်းပေါ်မှာ သွားနေတဲ့ အခါ ကျတော့ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခ ဆိုတာမျိုးက သူတို့ ကိုယ်တိုင် ဖန်တီးထားတယ်လေ။ ရှေ့မှာလည်း ကျနော်တို့ လုပ်ခဲ့တာတွေရှိတာပေါ့”ဟု ပြောသည်။
AA အလိုမရှိကြောင်း ဆန္ဒပြနေကြစဉ်
လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ အများအပြားလည်းရှိလာနေသည်။
ထို့အပြင် လူနေအိမ်များ အပါအဝင် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ဈေးများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးနေရသလို စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုများဖြင့် လည်း ရင်ဆိုင်နေကြရသည်။
အလားတူ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဘင်္ဂါလီအရေးသည်လည်း မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေသည်။