CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၅

တောင်ကိုရီးယားတွင် ဒီဇင်ဘာ ၃ ရက်က သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ယာယီထုတ်ပြန် ကြေညာမှုကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားနေချိန် ကာကွယ်ရေးဝန်ကြီး ကင်မ်ယောင်ဟွမ် (Kim Yong-hyun) သည် နိုင်ငံတော်ပုန်ကန်မှု စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း The Korea Times မှ ဖော်ပြခဲ့သည်။

ကင်မ်သည် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာရန် သမ္မတယွန်းကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် ကင်မ်သည် စွပ်စွဲပြစ်တင်မှု၊ နိုင်ငံတော် ပုန်ကန်မှု စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း၊ ထိုအမှုများသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။

တောင်ကိုရီးယား၏ အဓိက အတိုက်အခံပါတီဖြစ်သည့် DPK ပါတီကမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်ပတ်သက်ပြီး ကင်မ်၊ ယွန်းနှင့် ပြည်ထဲရေးဝန်ကြီး လီဆန်းမင် (Lee Sang-min) တို့ကို ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

လီသည် စစ်အုပ်ချုပ်ရေးအမိန့် မကြေညာမီ ကြိုတင်သိရှိခဲ့ခြင်း ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးပေ။

တောင်ကိုရီးယား သမ္မတ စစ်အုပ်ချုပ်ရေးကြေညာ၍ စစ်သားများ လမ်းပေါ်ရောက်လာစဉ်

ထို့ပြင် DPK ပါတီသည် ကင်မ်ကို ပြစ်မှုဆိုင်ရာ တိုင်ကြားစာတင်ခဲ့သလို ကင်မ်သည် တရားရေး အခြေခံများ လုံလောက်မှုမရှိဘဲ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရန် တွန်းအားပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။

"အခြေခံဥပဒေနဲ့မညီ၊ တရားမဝင်တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်မှုအတွက် ယွန်း အစိုးရအဖွဲ့ကို DPK ပါတီက အပြစ်ပေးသွားမှာပါ" ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဂျိုဆောင်လဲ့ (Jo Seoung-lae) က ထုတ်ပြန်ခဲ့ သည်။

အပြစ်ရှိသူများကို တရားစီရင်နိုင်ရန် တရားဥပဒေစိုးမိုးရေး အေဂျင်စီများအနေဖြင့် တစ်နိုင်ငံလုံးကို ဂယက် ရိုက်ခတ်စေခဲ့သည့် နိုင်ငံတော်ပုန်ကန်မှုကို ချက်ချင်း စုံစမ်းစစ်ဆေးရန် မိမိတို့ တိုက်တွန်းကြောင်း ဂျိုက ပြောကြားခဲ့သည်။

ယွန်း၏ အာဏာရ ပြည်သူ့အင်အားပါတီကလည်း ကာကွယ်ရေးဝန်ကြီးကင်မ်ကို အပြစ်ပေးသင့်ကြောင်း ယူဆခဲ့သည့် DPK ၏ သဘောထားကို သဘောတူခဲ့သည်။

Source: The Korea Times