CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉

ဒိန်းမတ်အသင်းကို ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဂိုးသမား ကတ်စပါရှမိုက်ကယ်ဟာ စကော့တလန်ချန်ပီယံ ဆဲလ်တစ်အသင်းနဲ့ ၁ နှစ် စာချုပ်ချုပ်လိုက်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းက ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ ကတ်စပါရှမိုက်ကယ်ဟာ အနားယူသွားခဲ့တဲ့ ဂိုးသမား ဂျိုးဟတ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဆဲလ်တစ် အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်ရမှာပါ။

ဒိန်းမတ်အသင်းအတွက် ၁၀၅ ပွဲ ပါဝင်ကစားထားတဲ့ ကတ်စပါရှမိုက်ကယ်ဟာ အမေရိကန်နိုင်ငံမှာ ဆဲလ်တစ် အသင်း ဖော်အသစ်တွေနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

ကတ်စပါရှမိုက်ကယ်ဟာ လက်စတာအသင်း နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာနဲ့ ဆဲလ်တစ်အသင်းမှာ ပြန်ပြီး အလုပ်တွဲ လုပ်ရတော့မှာပါ။ 

ဘရန်ဒန်ရော်ဂျာနဲ့ ကတ်စပါရှမိုက်ကယ်တို့ဟာ လက်စတာအသင်းမှာ အတူလက်တွဲခဲ့တုန်းက FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့ပါတယ်။

ကတ်စပါရှမိုက်ကယ်ကို တွေ့ရစဉ်

ကတ်စပါရှမိုက်ကယ်က ဘရန်ဒန်ရော်ဂျာလို ထိပ်တန်းနည်းပြတစ်ဦးနဲ့ နောက်တစ်ကြိမ် ထပ်မံ လက်တွဲဖို့ မစောင့်ဆိုင်းနိုင်တော့သလို ဆဲလ်တစ်အသင်းကို ထိပ်ဆုံးမှာ ဆက်ပြီး ရပ်တည်နိုင်အောင် အရာအားလုံး လုပ်ဆောင်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ကတ်စပါရှမိုက်ကယ်ဟာ အသင်းအများအပြားမှာ အငှားနဲ့ ကစားခဲ့ပြီး လက်စတာအသင်းမှာတော့ ၁၁ နှစ်ကြာကစားကာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာပါ။ 

ကတ်စပါရှမိုက်ကယ်ဟာ လက်စတာအသင်းက ထွက်ခွာပြီးနောက်မှာ နိုက်စ်နဲ့ အန်ဒါလက်ချ်အသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ဆဲလ်တစ်အသင်းဟာ ရာသီသစ်မတိုင်ခင် ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ဒီစီယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီး အသင်းတို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Source: BBC