CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
အင်္ဂလန်ကွင်းလယ်လူဟောင်း ဒယ်လီအလီဟာ စီးရီးအေကလပ် ကိုမိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ဖျက်သိမ်းပြီး အသင်းကနေ ထွက်ခွာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီက ကိုမိုအသင်းထံ ပြောင်းရွှေ့ပြီး ၁၈ လ စာချုပ်ချုပ်ခဲ့တဲ့ ဒယ်လီအလီဟာ အသင်းအတွက် ၁ ပွဲသာ ပါဝင်ကစားပြီး ထွက်ခွာခဲ့ရတာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ ပြီးခဲ့တဲ့ မတ်လက အေစီမီလန်အသင်းနဲ့ပွဲစဉ်မှာ ကိုမိုအသင်းအတွက် ပွဲဦးထွက်အဖြစ် လူစားလဲ ဝင်ရောက်ခွင့် ရခဲ့ပေမယ့် ကွင်းထဲဝင်ရောက်ပြီး ၁၀ မိနစ်အကြာမှာ တိုက်ရိုက် အနီကတ်ပြသပြီး ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာ ဒယ်လီအလီဟာ ကိုမိုအသင်းအတွက် ပါဝင်ကစားခွင့် မရတော့ပါဘူး။
ဒယ်လီအလီဟာ ဒီရာသီ မတိုင်မီ ကိုမိုအသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခွင့် မရတော့ဘဲ သီးခြား လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာပါ။
ဒယ်လီအလီကို တွေ့ရစဉ်
အခုအချိန်မှာတော့ ကိုမိုအသင်းနဲ့ ဒယ်လီအလီတို့ဟာ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ သဘောတူကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကိုမိုအသင်းက ဒီဆုံးဖြတ်ချက်ဟာ နှစ်ဖက်စလုံးအတွက် မှန်ကန်တယ်လို့ ယူဆပြီး သူ့ရဲ့အနာဂတ် အကောင်းဆုံး ဖြစ်ဖို့ ဆုတောင်းကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
ဒယ်လီအလီဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဒဏ်ရာတွေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးပွဲအဖြစ် ကိုမိုအသင်းမှာ ကစားနိုင်ခဲ့ပါတယ်။
ဒယ်လီအလီဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်သွားခဲ့လို့ သူ့ရဲ့ကစားသမားဘဝကို ပြန်တည်ဆောက်နိုင် ဖို့အတွက် အသင်းသစ်ကို ထပ်ပြီး ရှာဖွေရတော့မှာပါ။
ဒယ်လီအလီဟာ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ဖို့ ရင်ဆိုင်နေရ ပေမယ့် အနားယူတာဟာ ရွေးချယ်စရာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားတာဖြစ်ပါတယ်။
Source: CNA