CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀

အေစီမီလန်အသင်းဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို အသင်းထံ ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ESPN ဘရာဇီးလ်က ဖော်ပြထားပါတယ်။ 

အသက် ၄၁ နှစ်အရွယ်ရှိ သီယာဂိုဆေးလ်ဗားဟာ ၆ လကျန်ရှိနေတဲ့ ဖလူမီနက်စ်အသင်းနဲ့ စာချုပ်ကို ဖျက်သိမ်း ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ဝါရင့်နောက်ခံလူ တစ်ဦးဖြစ်တဲ့ သီယာဂိုဆေးလ်ဗားဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေး သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်ဦးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ 

သီယာဂိုဆေးလ်ဗားဟာ ၂၀၂၂ ခုနှစ်ကတည်းက ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့တာပါ။ 

ဘရာဇီးလ်အသင်း ခေါင်းဆောင်ဟောင်းဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မကြာမီမှာ ချမှတ် သွားဖို့ ရှိနေပါတယ်။

သီယာဂိုဆေးလ်ဗားကို တွေ့ရစဉ်

သီယာဂိုဆေးလ်ဗားဟာ သူ့ရဲ့ မိသားစုနဲ့ နီးကပ်စွာ နေချင်တာကြောင့် ဥရောပထံ ပြန်ချင်နေပြီး သူ့ရဲ့ မိသားစုဟာ လန်ဒန်မှာ ရှိနေတဲ့အတွက် အင်္ဂလန်ထံ ပြန်လာဖို့က သူ့ရဲ့ ဦးစားပေးရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ 

သီယာဂိုဆေးလ်ဗားရဲ့ သားနှစ်ဦးဟာ ချယ်လ်ဆီး လူငယ်အသင်းတွေမှာ ကစားနေပြီး အကြီးဆုံးသားဖြစ်သူ အသက် ၁၇ နှစ်အရွယ်ရှိ အီဆာဂိုဟာ မကြာသေးမီကမှ ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။

သီယာဂိုဆေးလ်ဗားဟာ သူအလွန်နှစ်သက်ခဲ့တဲ့ အေစီမီလန်အသင်းထံ ပြန်လာဖို့လည်း အလေးအနက်ထား စဉ်းစားနေပါတယ်။ 

သီယာဂိုဆေးလ်ဗားဟာ ၂၀၁၂ ခုနှစ်က PSG အသင်းထံ မပြောင်းရွှေ့မီ အေစီမီလန်အသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပြီး စီးရီးအေဖလားနဲ့ အီတလီစူပါဖလား ၁ ကြိမ်စီ ရရှိခဲ့တာဖြစ်ပါတယ်။

Source: ESPN