CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၈

ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ မေလ ၁၉ ရက်မှာ ချယ်လ်ဆီးအသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ပါဝင်ကစားပေးအပြီးမှာ ဘရာဇီးလ်ကလပ် ဖလူမီနက်စ်အသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

ဒီရာသီအကုန်မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာမယ်လို့ ကြေညာထားတဲ့ သီယာဂိုဆေးလ်ဗားဟာ ဖလူမီနက်စ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

အသက် ၃၉ နှစ်အရွယ်ရှိ သီယာဂိုဆေးလ်ဗားဟာ ဖလူမီနက်စ်အသင်းမှာ လူငယ် ကစားသမားအဖြစ်နဲ့ရော လူကြီးကစားသမားအဖြစ်နဲ့ပါ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ 

သီယာဂိုဆေးလ်ဗားဟာ ဖလူမီနက်စ်အသင်းကနေ ထွက်ခွာအပြီးမှာ ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့တာပါ။

အခုအချိန်မှာတော့ သီယာဂိုဆေးလ်ဗားဟာ သူ့ရဲ့ငယ်ဘဝကလပ်ထံ ပြန်ပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

သီယာဂိုဆေးလ်ဗားကို တွေ့ရစဉ်

သီယာဂိုဆေးလ်ဗားဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၀ ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၅၂ ပွဲ ပါဝင်ကစားထားကာ ၉ ဂိုး သွင်းယူထားတာပါ။

ဝါရင့်နောက်ခံလူဟာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရရှိအောင် အကူအညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားနဲ့ ချယ်လ်ဆီးအသင်းတို့ ချူပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဟာ သူ့ကို အသင်းဖော်အသစ်တွေနဲ့ စောစီးစွာ ပူးပေါင်းနိုင်စေဖို့ သဘောတူထားတာပါ။ 

အဲဒါမှလည်း သီယာဂိုဆေးလ်ဗားဟာ ဖလူမီနက်စ်အသင်းရဲ့ ကစားသမားသစ်အဖြစ် စာရင်းသွင်း မှတ်ပုံ မတင်ခင်မှာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်လို့ ရမှာဖြစ်ပါတယ်။ 

သီယာဂိုဆေးလ်ဗားကတော့ ချယ်လ်ဆီးအသင်း ကစားသမားဘ၀ နောက်ဆုံးရာသီမှာ အောင်မြင်မှု မရယူနိုင် ခဲ့ပေမယ့် အသင်းကို ဥရောပဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: BBC