CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈

နစက-က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဟု ပြောကြားထားခြင်းကြောင့် ပါတီမှတ်ပုံတင် ခြင်းမရှိသေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောင် ယှဉ်ပြိုင်လာနိုင်လား ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအကဲခတ်များကြား သုံးသပ်ဆွေးနွေးလျက်ရှိနေကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီး မဲစာရင်းများ ပြုစုကာ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးသွားမည်ဟု ပြောကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပါတီများကို ပြန်လည်မှတ်ပုံ တင်ခိုင်းခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီ ၅၀ ကျော် UEC ထံ မှတ်ပုံတင်ခဲ့ရာ ပါတီ ၅၀ ကို မှတ်ပုံတင်ခွင့်ပြုထားပြီး ရခိုင်အမျိုး သားပါတီ(ANP)ကိုတော့ ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ထားသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အများဆုံး အနိုင်ရလေ့ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့ကတော့ ပါတီမှတ်ပုံတင်ခြင်းမရှိပေ။

နစက၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများကို တွေ့ရစဥ်

နိုင်ငံ‌ရေးအရ ဒီမိုကရေစီလမ်းကြောင်းကို သွားလိုလျှင် ရွေးကောက်ပွဲကတစ်ဆင့် ပါတီတိုင်း ဖြတ်သန်းကြရမည် ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြဿနာကတော့ နိုင်ငံရေးအရ ပြောရရင်တော့ အမှန်တော့ ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းသွားရင် ရွေးကောက်ပွဲကတစ်ဆင့် ဖြတ်ကြရမှာပဲ။ အဲဒါကတော့ ပါတီတိုင်း မလွဲမရှောင် သွားရမဲ့ လမ်းကြောင်းပေါ့လေ။ NLD ဘာလို့ မပါချင်လဲဆို‌တော့ သူတို့မှာတော့ သူတို့ဘာမျှော်လင့်ထားလဲပေါ့၊ အဲဒီအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျနော်တို့ ကြားရတဲ့ သတင်းအရတော့ တချို့က NLD ကို ပါတီအသစ်ပေါ့၊ ပါတီအသစ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အဟောင်းထဲကပဲ လူတွေစုပြီး ပြန်ထောင်တာပဲဖြစ်ဖြစ် ဒါမျိုး ခွင့်ပြုထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ ကိုယ်တိုင်က ‌ရွေးကောက်ပွဲလမ်းကြောင်းသွားဖို့ စိတ်မဝင်စားတဲ့ အခါကျတော့ သူတို့ကိုယ်ပိုင် ဘာစဥ်းစား ထားလဲပေါ့၊ အဲဒီအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ မဝင်ဘူးဆိုရင်တော့ သေချာတယ် ဒီမိုကရေစီကို လိုချင်ပါ တယ်ဆိုပြီး လုပ်ထားတဲ့ ပြောရရင်တော့ ဒီမိုကရေစီရဲ့ ရှေ့ဆောင်လို့ သတ်မှတ်ထားတဲ့ ပါတီကြီးတစ်ခုက ရွေးကောက်ပွဲသွားရမဲ့ လမ်းကြောင်းကို တန့်နေတဲ့ အခါကျတော့လည်း နည်းနည်းတော့ အပြင်မှာ ဝေဖန်စရာတွေ တော်တော်ဖြစ်တာပေါ့လေ။ လောလောဆယ်ကတော့ ဒီအခြေအနေတဲ့ ပတ်သတ်ပြီး ဒီလိုပဲ သုံးသပ်လို့ ရပါလိမ့် မယ်”ဟု ပြောသည်။

NLD ပါတီသည် လက်ရှိတွင် နှစ်ခြမ်းကွဲနေကြောင်း၊ နစကနှင့်စစ်တပ်ကို ဖြုတ်ချရေး နွေဦးတော်လှန်ရေးကို ဖော် ဆောင်နေသည့် ပြည်ပရောက် NLD နှင့် ပြည်တွင်းမှာ ပါတီဆက်လက် ရှင်သန်နိုင်ရေးအတွက် ကြိုးပမ်းလိုနေ သော အင်အားစုဆိုပြီး အုပ်စု ၂ စုဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြထားသည်။

ထို့နောက် နွေဦးတော်လှန်ရေးကို ဖော်ဆောင်နေသည့် ပြည်ပရောက် NLD ပါတီများသည် နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း အကျဉ်းချခံထားရသည့် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်သည် NLD ပါတီ ရွေးကောက်ပွဲ ဝင်မည်/မဝင်မည်ကို အဓိကကျကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။

နစက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲဖြစ်၍ NLD ပါတီအနေဖြင့် ဝင်ရောက် ရွေးကောက်မခံသင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်

၎င်းက “NLD ပါတီအနေနဲ့ ရွေးကောက်မခံသင့်ပါ။ ဘာကြောင့်လဲဆိုတော့ ဒါစစ်ကောင်စီက ဦးစီးပြီးလုပ်တဲ့အရာ ဖြစ်တယ်။ စစ်ကောင်စီ အာဏာသိမ်းတယ်ဆိုတာက မဲစာရင်းမှားလို့ မဟုတ်ပါဘူး။ NLD ပါတီကို သူတို့စစ်ကောင် စီ ကိုယ်စားပြုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဘယ်နှစ်ခါ ‌ရွေးလို့မှ၊ ဘယ်နှစ်ခါ ယှဥ်လို့မှ အနိုင်မရနိုင် ဘူးဆိုတာ သဘောပေါက်တဲ့အပေါ်မှာ ရွေးကောက်ပွဲ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ NLD ပါတီအနေနဲ့ ပါတီဝန်ကြီးချုပ်ကနေပြီးတော့ NLD ပါတီ နာမည်နဲ့ဝင်ဖို့ ကြိုးစားတာကလည်း တရားမဝင်ပါ ဘူး။ နောက်တစ်ခုက NLD ပါတီ တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကလည်း ဒီရွေးကောက်ပွဲကို ဆန့်ကျင် နေကြပါတယ်။ ဒီရွေးကောက်ပွဲမှာ သူတို့ပါဝင်ဖို့ တွန်းအားမရှိပါဘူး။ အဲ့တော့ ဒီအခြေအနေက NLD ပါတီ ရွေးကောက်ပွဲ ဝင်ဖို့အတွက် အခြေအနေ မပေးဘူး၊ အလားအလာ မကောင်းဘူးဆိုတာ သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ ကျနော်လည်း NLD ပါတီ ဝင်မပါတာကို ပိုသဘောကျပါတယ်။ ဒီအချိန်မှာ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမဝင်တာ အကောင်းဆုံးပဲလို့ ကျနော်တော့ ယုံပါတယ်။” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၊ PDF အဖွဲ့များသည် အကြမ်းဖက်လမ်းစဥ်အား စွန့်လွတ်၍ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းမှဝင်ပြီး နိုင်ငံ‌ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း နစက-က ထုတ် ပြန် ကမ်းလှမ်းခဲ့သည်။

လက်နက်ကိုင် လမ်းစဥ်ဖြင့် အာဏာပြန်လည် တည်ဆောက်ခြင်းထက် နိုင်ငံရေးနည်းအရ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် အမှန်ကန်ဆုံး နည်းလမ်းကြောင်းလည်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တခြား တစ်ဖက်မှာတော့ တရုတ်အစိုးရက နစက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က မြန်မာပြည်ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့်တွေ့ဆုံ၍ ပြောကြားခဲ့သည်။