CNI International News
တိုကျို၊ ဒီဇင်ဘာ ၂၃
ဂျပန်နိုင်ငံ နီအီဂါတာ (Niigata) ဒေသ၏ အာဏာပိုင်များက ၎င်းတို့ဒေသရှိ ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကို ပြန်လည် ဖွင့်လှစ်ပြီး လုပ်ငန်းများလည်ပတ်ရန် ဒီဇင်ဘာ ၂၂ ရက်က မဲခွဲဆုံးဖြတ်ခဲ့သည် ဟု CNA မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သဖြင့် ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံတွင် ဓာတ်ပေါင်းဖိုများပေါက်ကွဲခဲ့သဖြင့် နျူကလီးယားဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီးနောက် ၁၅ နှစ်အကြာတွင်နျူကလီးယားစွမ်းအင်ကဏ္ဍအပေါ် ပြန်လည်ခြေဦးလှည့်လာသည့် ဂျပန်၏ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့သည်။
တိုကျိုမြို့၏ အနောက်မြောက်ဘက် ၂၂၀ ကီလိုမီတာအကွာတွင် တည်ရှိသော ခါရှီဝါဇာကီ-ခါရီဝါ (Kashiwazaki-Kariwa) စက်ရုံသည် ကမ္ဘာ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံဖြစ်သည်။
၂၀၀၁ ခုနှစ်က အင်အားပြင်းငလျင်နှင့် ဆူနာမီလှိုင်းများရိုက်ခတ်မှုကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံပျက်စီးခဲ့ပြီးနောက် ဂျပန်တွင် ပိတ်သိမ်းခဲ့သည့် နျူကလီးယားဓာတ်ပေါင်းဖို ၅၄ ခုအနက် ခါရှီဝါဇာကီ-ခါရီဝါ နျုကလီးယား စက်ရုံလည်း ပါဝင်ခဲ့သည်။

အုပ်ချုပ်ရေးမှူး ဟီဒဲယို ဟာနာဇူမီ
ဖူကူရှီးမားနျူကလီးယားဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီးနောက် ဂျပန်သည် လောင်စာဆီလိုအပ်မှုအတွက် ပြည်ပမှ တင်သွင်းဝယ်ယူနေရသည့်အခြေအနေကို လျှော့ချရန် လက်ရှိ လည်ပတ်နိုင်စွမ်း ရှိသည့် နျူကလီးယား ဓာတ်ပေါင်းဖို ၃၃ ခု အနက် ၁၄ ခုကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ခါရှီဝါဇာကီ-ခါရီဝါ နျူကလီးယားဓာတ်အားပေးစက်ရုံသည် ငလျင်ကြောင့်ပျက်စီးခဲ့သည့် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံကို ကြီးကြပ်ကွပ်ကဲနေသည့် တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီ (TEPCO) ၏ ပထမဆုံးအကြိမ် ပြန်လည် လည်ပတ်မည့် စက်ရုံဖြစ်လာမည်ဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်တွင် နီအီဂါတာစီရင်စု လွှတ်တော်က ခါရှီဝါဇာကီ- ခါရီဝါ စက်ရုံကို ပြန်လည်ဖွင့်လှစ်ရန် ထောက်ခံခဲ့သည့် အုပ်ချုပ်ရေးမှူး ဟီဒဲယို ဟာနာဇူမီ (Hideyo Hanazumi) အပေါ် ယုံကြည်မှုရှိကြောင်း မဲခွဲအတည်ပြုခဲ့သဖြင့် ထိုစက်ရုံပြန်လည်လည်ပတ်နိုင်မည့် အခွင့်အလမ်းကို ပေါ်ပေါက်စေခဲ့သည်။
"ဒါဟာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပေမယ့် အဆုံးသတ်တော့ မဟုတ်သေးပါဘူး။ နီအီဂါတာဒေသခံတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ဖို့အတွက် အဆုံးသတ်ဆိုတာ မရှိပါဘူး" ဟု မဲခွဲမှုအပြီးတွင် နီအီဂါတာစီရင်စုနယ် အုပ်ချုပ်ရေးမှူး ဟာနာဇူမီက သတင်းထောက်များအား ပြောကြားခဲ့သည်။
Source: CAN
