CNI International News

ဖနွမ်ပင် ၊ သြဂုတ် ၈

ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟမုဏိ (Norodom Sihamoni) သည် ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ၏ သားဖြစ်သူ ဟွန်မာနက် (Hun Manet) ကို ဝန်ကြီးချုပ်သစ်အဖြစ် အမည်စာရင်း တင်သွင်းမှုအား သြဂုတ် ၇ ရက် တွင် အတည်ပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ရာထူးအတွက် ဘုရင်၏ အတည်ပြုချက်ကို ရရှိခဲ့သည့် ဟွန်မာနက်သည် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို ရရှိရန် လိုအပ်ဦးမည် ဖြစ်သည်။ 

ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သဖြင့် ဟွန်မာနက်သည် လွှတ်တော်၌ ဝန်ကြီးချုပ်ရာထူး နေရာအတွက် အတည်ပြုချက်ကို လွယ်လင့်တကူ ရရှိလိမ့်မည် ဖြစ်သည်။

ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟမုဏိကိုတွေ့ရစဉ်

ဘုရင်၏ အတည်ပြု အမိန့်ကို ခမာနီပြောက်ကျားဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံကို ဆယ်စုနှစ် လေးစုနီးပါးကြာ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏လူမှုမီဒီယာတွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၅ ရက်က အသက် ၇၁ နှစ်ပြည့်ခဲ့သည့် ဟွန်ဆန်သည် ၎င်း၏ သားဖြစ်သူအား ပါတီတွင်း အာဏာယှဉ် ပြိုင်မှုမှ ကာကွယ်ရန် လူသိရှင်ကြား အာဏာလွှဲပြောင်းကြောင်း ကြေညာခဲ့သည်။

ဟွန်မာနက်နဲ့ ဟွန်ဆန်ကိုတွေ့ရစဉ်

သို့သော် ဟွန်ဆန်သည် CPP ၏ အဓိက နေရာကို ဆက်လက် ရယူထားလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

ဟွန်ဆန်ကလည်း  သြဂုတ် ၆ ရက်တွင် သူတာဝန် ထမ်းဆောင်ခဲ့ရသည့် အခြေအနေများကို အသေးစိတ် ပြောကြားခဲ့ပြီး သူ့အနေနှင့် ခေါင်းဆောင်မှု နေရာတွင် ဆက်လက် တာဝန်ယူသွားဦးမည်ဟု ကြေညာခဲ့သည်။

"၂၀၂၃ ခုနှစ် မကုန်ခင်အချိန်အထိ အခြားရာထူးနေရာတွေမှာ ကျနော် ဆက်လက် တာဝန်ထမ်းဆောင်သွားမှာပါ။ အရမ်းခက်ခဲခဲ့တဲ့ အချိန်တွေမှာ ကျနော့်သားကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျနော့် ဇနီးကိုလည်း ကျနော် ကျေးဇူး တင် ပါတယ်"ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။

သြဂုတ် ၂၂ ရက်တွင် ကမ္ဘောဒီးယားလွှတ်တော်သည် ဟွန်မာနက်ကို ဝန်ကြီးချုပ်ရာထူး နေရာအတွက် အတည်ပြု ရန် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။

Source: ရိုက်တာ