CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃

မြန်မာနိုင်ငံရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ခေတ်အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးနေကြောင်း၊ သို့သော် တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

ထိုအကြောင်းအား ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၊မိသားစုများ၊ ပညတော်သင် သင်တန်းသားများအား တွေဆုံအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့ စည်းပုံအခြေခံဥပဒေသည်လည်း ပြည်သူများ၏ ဆန္ဒနှင့်အညီရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ထား ကြောင်း၊ ယနေ့အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ဆွေးနွေးဆောင် ရွက်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့သော်တိုင်းပြည် အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ခဲ့သည်ရှိသော် တပ်မတော်၏ စည်းမျဉ်းများအား ပျောက်သွားအောင်လုပ်မည့်အရာမျိုးကိုမူ ပြင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေစာအုပ်

၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့ရှိရင် တပ်မတော်ရဲ့ Rules ကို ပျောက်သွားအောင်လုပ်မယ့်အရာမျိုး ပေါ့နော် အဲဒါမျိုးကို သူပြင်မှာမဟုတ်ဘူး၊ နောက်တစ်ခုကတော့ ဒီလို ဒို့တာဝန်အရေးသုံးပါးပေါ့၊ ပြည်ထောင်စု ပြိုကွဲမယ့်အရေး၊ တိုင်းပြည်စည်းလုံးညီညွတ်မှုအရေးတို့ ဒါမျိုးတွေကို သူအဓိကကာကွယ်မယ်။ တပ်ရဲ့ ဒီအမျိုး သားနိုင်ငံရေးအခန်းကဏ္ဍကို ထိပါးလာတဲ့ဥစ္စာတွေကိုသူ လက်ခံမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ ပြင်ရမယ့်အချ က်တွေကတော့ ဥပမာ တိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီးပြည်နယ်နဲ့ ဗဟိုအစိုးရနဲ့ အခွန်တွေမှာခွဲဝေပုံဇယားရှိတ ယ် အဲဒီဇယားပြင်ရမယ်။ နောက်တစ်ခုက တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်တာမဟုတ်ဘဲနဲ့ သူ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကပဲ ခန့်တာမျိုးကိုလည်း အဲဒါလည်းပြင်ရမယ်။ နောက်တစ်ခုက တိုင်းဒေသကြီး ပြည်နယ်က သူ့ဘာသာသူ ဝန်ကြီးအပ်ရတာဆိုရင် အဲဒါပြီးပြီ ကောင်းတယ် အဲဒါ ကျနော်တို့ ပြင်ရမယ်၊ ဝန်ကြီး ချုပ်တင်မဟုတ်ဘူး စစ်ရေးစစ်ချုပ်တို့၊ တိုင်းဒေသကြီးစစ်ရေးစစ်ချုပ်တို့၊ တိုင်းဒေသကြီး ဥပဒေချုပ်တို့၊ အဲဒီလို လူမျိုးတွေကို တိုင်းဒေသကြီးလွှတ်တော်ကပဲ ခန့်တာမျိုးကိုတော့ အဲဒါပိုဖြစ်သင့်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရမယ့်အချက်တွေကတော့ ဟိုတော်တော်များပါတယ် အဲဒါကတော့ မပြောချင်သေးဘူးပေါ့နော်” ဟု ပြောသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် သဘောတူထားသည်များရှိသကဲ့သို့ နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့နှင့်လည်း သဘောတူထားသည်များရှိသည်။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သ‌ဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ က ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရချိန်၌ NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ကြား သဘောတူညီမှု ရယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ၄၃ ချက်ကို ပြည်ထောင်စု လွှတ်တော် မှာ တင်သွင်းဆွေးနွေးမည်ဟု ဧပြီလ ၁၀ ရက်နေ့က ပြောကြားထားသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ကြီးမားသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဥပဒေပုဒ်မ အများစုကို ပြင်ဆင်ရန်အတွက် ပြည်လုံးပြည့် ဆန္ဒခံယူပွဲပြုလုပ်ရန် လိုအပ်ကာ ပြင်ဆင်လိုသည့် ပုဒ်မများ၏ သဘောသဘာဝအပေါ်မူတည်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်နှင့် ပြည်သူလူထု၏ အဆုံးအဖြတ်လိုအပ်မှု အဆင့်ဆင့်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

တိုင်းပြည်ကို ထိခိုက်မည့် ကိစ္စရပ်များအား ကာကွယ်ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားခြင်းသည် သမ္မတတစ်ယောက် အနေဖြင့် ယေဘုယျသဘောမျိုး ပြောလိုက်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတ င်းဋ္ဌာနသို့ ပြောသည်။ 

၎င်းက”တိုင်းပြည်ကိုထိခိုက်နစ်နာစေတဲ့ဟာတွေက အဲဒါကတော့ သူဒီလိုပဲ ယေဘုယျသဘောနဲ့ပြောတာ ဖြစ်ပါ လိမ့်မယ်။ ဒါကတော့ သမ္မတတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်လုပ်လာခဲ့တဲ့ တပ် ချုပ်မျှသော်လည်းကောင်း ဒါပါပြီးသားပဲလေ။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်‌ရှောက်ပါမယ် ဆိုတဲ့ ဟာက ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့  သမ္မတတစ်ယောက်အနေနဲ့ဒါ ယေဘုယျသဘောအားဖြင့်ပေါ့နော် သူလုပ်ကိုလုပ်ရမယ့်ကိစ္စရပ်ထဲမှာပါတော့လည်း။ ဒါကတော့ကြိမ်ဖန်များစွာ တပ်ဘက်ကပြောပြီးသားပဲလေ။ လောလောဆယ်တိုင်းပြည်ငြိမ်းချမ်းမှုမရှိသေးဘူး ဒီလိုမျိုးတိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံး ကျနော် တို့ မညီမညွတ်ဖြစ်နေသ၍ကတော့ တပ်မတော်ကနိုင်ငံရေးထဲမှာဝင်ပါနေမယ်ဆိုတဲ့ဟာက သူကတရားဝင် တရားဝင် ကိုပြောတာပဲ။ အဲဒီဟာမျိုးမရှိတော့ဘူးဆိုတော့မှ တပ်မတော်က နိုင်ငံရေးထဲကဆုတ်ခွာမယ်ဆိုတဲ့ဟာရှိ တယ်လေ”ဟု ပြောသည်။

မြန်မာ့နိုင်ငံရေးစနစ်အရ ဒို့တာဝန်အရေး (၃) ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ကို ကာကွယ် စောင့်ရှောက်ရန်သည် နိုင်ငံတော် သမ္မတ၊ အစိုးရနှင့် တပ်မတော်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်မနေ ထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။