CNI International News

အစ္စလာမ်မာဘက်၊ သြဂုတ် ၁၈

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ အာဏာပြန်ရခဲ့သည့် ၂ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် သြဂုတ် ၁၅ ရက် တွင် အခမ်းအနားတစ်ရပ် ကျင်းပနေချိန် ၎င်းတို့နှင့် ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့သည့် အိမ်နီးချင်း ပါကစ္စတန် နှင့် ဆက်ဆံရေး တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ပါကစ္စတန်၏ လူမျိုးစုဒေသတွင် ဆိုးရွားပြင်းထန်သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းအတွက် ပါကစ္စတန်က အာဖဂန်နစ္စတန်ကို ဝေဖန်ပြစ်တင်ခဲ့သည်။

နောက်ဆုံး ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်စဉ်တစ်ခုသည် ဇူလိုင်လကုန်ပိုင်းက ဘာဂျူအာ (Bajaur) ခရိုင်တွင် ဖြစ်ပွားခဲ့ရာ လူ ၅၄ ဦးကျော် သေဆုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ခိုရာဆန်ပြည်နယ်မှ အိုင်အက်စ်အဖွဲ့ (ISKP/ISIS-K) က ကြေညာခဲ့သည်။

အာဖဂန်၏ အာဏာရ တာလီဘန်အစိုးရသည် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် လက်နက်ကိုင် အဖွဲ့များကို လုံလောက်သည့် ထိန်းချုပ်ဟန့်တားမှုများ မလုပ်ခဲ့ကြောင်း ပါကစ္စတန် အရာရှိများက စွပ်စွဲခဲ့သည်။

အမေရိကန်နဲ့ တာလီဘန်တို့ ဒိုဟာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့စဉ်

"ကျနော်တို့အနေနဲ့ နိုင်ငံတကာဥပဒေနဲ့အညီ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လုပ်ဆောင်သွားမှာပါ။ တကယ်လို့ အာဖဂန် အာဏာပိုင်တွေက အရေးယူဆောင်ရွက်တာမျိုး မရှိဘူးဆိုရင် ကျနော်တို့ဘက်က တစ်ခုခု လုပ်ရပါ လိမ့်မယ်"ဟု နိုင်ငံရေးသမားတစ်ဦးကို ပစ်မှတ်ထားလုပ်ကြံသည့် ဘာဂျူအာ ဗုံးခွဲတိုက်ခိုက်မှု အပြီးတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘီလာဝယ် ဘူတို ဇာဒါရီ (Bilawal Bhutto Zardari) က ပြောသည်။

ပါကစ္စတန် စစ်တပ်၏ ဗိုလ်ချုပ်ကြီး ဆေးယက် အာဆင် မူနီယာ (Syed Asim Munir) ကလည်း ပါကစ္စတန် မြေပေါ်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် အာဖဂန်နိုင်ငံသားများ ပါဝင်ပတ်သက်နေခြင်းကို ရှုတ်ချခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘီလာဝယ် ဘူတို ဇာဒါရီကို တွေ့ရစဉ်

အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လျော့ပါးစေရန် လုပ်ဆောင်နေ သည်ဟု ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုများသည် တာလီဘန်နှင့် အမေရိကန်အကြား သဘောတူညီမှု ရရှိခဲ့သည့် ၂၀၂၀ ဒိုဟာ ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် သွေဖည်နေသည်ဟု ဗိုလ်ချုပ်ကြီး ဆေးယက် အာဆင် မူနီယာ ပြောသည်။ 

ဒိုဟာ သဘောတူညီချက်တွင် တာလီဘန်တို့သည် လက်နက်ကိုင်အဖွဲ့များအား အာဖဂန်၏နယ်မြေကို အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်ခွင့် ပေးမည်မဟုတ်ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။

တာလီဘန်အဖွဲ့ကလည်း ဘာဂျူအာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို ရှုတ်ချခဲ့ပြီး ပါကစ္စတန်၏ စွဲချက်များကို ငြင်းဆိုခဲ့ သည်။

"ပါကစ္စတန်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လုံခြုံရေး ဖြစ်စဉ်တွေအပြီးမှာ ပါကစ္စတန် အရာရှိတွေဟာ ကိုယ့် နိုင်ငံ လုံခြုံရေးကို မြှင့်တင်ဖို့ထက် အာဖဂန်နိုင်ငံအပေါ်ကိုပဲ အပြစ်ပုံချခဲ့ပါတယ်"ဟု တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်(Zabihullah Mujahid)က ပြောကြားခဲ့သည်။

ထိုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲပြစ်တင်မှုများသည် ပါကစ္စတန်နှင့် တာလီဘန်အဖွဲ့အကြား ဆက်ဆံရေး တင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့ပြီး ပါကစ္စတန်အစိုးရသည် နိုင်ငံအတွင်း တိုက်ခိုက်မှုများ မြင့်တက် နေသည့်် အခြေအနေကို ရင်ဆိုင်နေရသည်။

Source: အယ်လ်ဂျာဇီးယား