CNI International News
အစ္စလာမ်မာဘက်၊ နိုဝင်ဘာ ၁၁
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်(Balochistan)ရှိ ရထားဘူတာရုံ တစ်ရုံတွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁၄ ဦး အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ပြည်နယ်မြို့တော် ကက်တာရှိ အဓိက မီးရထားဘူတာရုံ ပလက်ဖောင်းပေါ်တွင် ခရီးသည်များက စောင့်ဆိုင်းနေ စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"စစ်သား ၁၄ ယောက်နဲ့ အရပ်သား ၁၂ ယောက် သေဆုံးသွားပါတယ်"ဟု ကက်တာ၏ ဆန်ဒီမန်ပြည်နယ်ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ ဝါဆင်ဘိတ်(Wasim Baig)က ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင် ၄၆ ဦးနှင့်အရပ်သား ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
အခင်းဖြစ်ပွားရာ နေရာတွင် သွေးအိုင်များနှင့် သွေးစွန်းနေသော လွယ်အိတ်များကို အေအက်ဖ်ပီ သတင်းထောက် တစ်ဦးက မြင်တွေ့ခဲ့သည်။
ပါကစ္စတန် ဗုံးပေါက်ကွဲသည့် နေရာကိုတွေ့ရစဉ်
ဘာလိုချီစတန်တွင် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း နိုဝင်ဘာ ၉ ရက်က ဖြစ်ပွားသည့် ပေါက်ကွဲမှုသည် အာဖဂန်နစ္စတန်နှင့် အီရန် နယ်စပ်တို့နှင့် ထိစပ်နေသော ထိုပြည်နယ်အတွက် သေဆုံးမှုအလွန် များပြားသော ပမာဏဖြစ်သည်။
ရထားဘူတာရုံတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက် မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် (BLA) က တာဝန်ခံ ထွက်ဆိုခဲ့ သည်။
"ခြေလျင်တပ်ဖွဲ့ စစ်သင်တန်းကျောင်းမှာ စစ်ပညာတွေ လေ့ကျင့် သင်ယူခဲ့ပြီးနောက် ကက်တာ ရထားဘူတာရုံမှာ ရထားစောင့်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်" ဟု BLA က ကြေညာ ခဲ့သည်။
ဗုံးပေါက်ကွဲမှုသည် ရထား ၂ စင်း ထွက်ခွာမည့် အချိန်တွင် လက်မှတ်ရောင်းသည့် ရုံအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးရထားအာဏာပိုင်များက ပြောကြားခဲ့သည်။
Source: CNA