CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်ရဲ့ မိခင်ဟာ သားဖြစ်သူကို ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြပြီးနောက် လက်ရှိအချိန်မှာ ဆေးရုံတင်ထားရတာဖြစ်ပါတယ်။

ရူဘီယာလက်စ်ရဲ့ မိခင် ဘီဂျာဟာ သြဂုတ် ၂၈ ရက်ကစပြီး မိုထရေလ်ရှိ ဘုရားကျောင်းတစ်ခုမှာ အစာငတ်ခံ ဆန္ဒပြနေတာပါ။ ရူဘီယာလက်စ်ဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ စပိန်အမျိုးသမီး အသင်းကွင်းလယ်လူ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မိခင်ဖြစ်သူ ဘီဂျာက သားဖြစ်သူအတွက် နေ့ရော၊ညပါ အစာငတ်ခံဆန္ဒပြမယ်လို့ စပိန်သတင်းဌာန EFE ကို ပြောခဲ့တာပါ။

ဘီဂျာဟာ အစာငတ်ခံဆန္ဒပြမှု တတိယမြောက်နေ့မှာတော့ ဆေးရုံတင်ခဲ့ရတယ်လို့ ခရစ်ယာန်ဘုန်းကြီး အန်တိုနီယိုက Reuters သတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းခဲ့ရတာပါ။

အန်တိုနီယိုက “အပူနဲ့ အခြားအရာတွေကြောင့် သူမ နေမကောင်းဘူးဖြစ်နေပါတယ်။ ခြေဖဝါးတွေလည်း ရောင်နေပြီး သူမကို ကြည့်ရတာ အလွန်ပင်ပန်းနေပါတယ်။ သူမလည်းအလွန်ထိတ်လန့်နေတယ်” လို့ ဘုရားကျောင်းအပြင်ဘက်မှာရှိတဲ့ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

ခရစ်ယာန်ဘုန်းကြီး အန်တိုနီယိုက ရူဘီယာလက်စ်နဲ့ သူ့ရဲ့ မိခင်တို့ဟာ အဆက်အသွယ်ရှိတယ်လို့ အတည်ပြု ခဲ့တာပါ။ ရူဘီယာလက်စ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး နောက် ဖီဖာက သူ့ကို ဘောလုံးလောကနဲ့ ပတ်သက်ခွင့်ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ 

စပိန်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေဟာ ရူဘီယာလက်စ်ကို ရာထူးကနေ ချက်ချင်းနုတ်ထွက်ဖို့ တောင်းဆို ထားတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေအကြီးအကဲ ဆက်ဖာရင်က ရူဘီယာလက်စ်ရဲ့လုပ်ရပ်ဟာ မသင့်လျော်ဘူးလို့ ပြောထားတာပါ။

ဆက်ဖာရင်က “ကျနော်က ရှေ့နေဖြစ်သလို ဖီဖာဒုဥက္ကဋ္ဌတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုမျိုးအရာက စပိန်အသင်းရဲ့အောင်ပွဲခံမှုကို လွှမ်းမိုးသွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ဟာ အရာတွေကို ပြောင်းလဲသင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Source:BBC