CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
နယူးကာဆယ်အသင်း ကြယ်ပွင့် ဂေါ်ဒွန်ဟာ ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းမှာ ၄ ဂိုး သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့သလို ရှုံးထွက်အဆင့်မှာ ဒီလိုမျိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းက အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်အသင်းကို ၆ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပလေးအော့ဖ် ပထမအကျော့ပွဲမှာ ဂေါ်ဒွန်ဟာ ပထမပိုင်းအတွင်း ၄ ဂိုး သွင်းယူပြီးနောက် ဒီမှတ်တမ်းကို ရရှိခဲ့တာပါ။
၃၃ မိနစ်အတွင်း ဟက်ထရစ် ဂိုးရရှိခဲ့တဲ့ ဂေါ်ဒွန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလိပ် ကစားသမား တစ်ဦးအတွက် အမြန်ဆုံး ဟက်ထရစ် ဖြစ်ခဲ့ပြီး ဒီပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးက ၁၀ ဂိုးအထိ ရှိလာခဲ့ပါတယ်။
ဂေါ်ဒွန်က “မှတ်တမ်းတွေက ကောင်းပေမယ့် ဘောလုံးမှာတော့ အသင်းအကြောင်းပါပဲ။ အသင်းအောင်မြင်မှု ရရှိမှသာ တစ်ဦးချင်း အခိုက်အတန့်တွေက အရေးပါပြီး ဒီပွဲမှာဒါက အရေးအကြီးဆုံးပါပဲ။ ကျနော် တစ်ဦးတည်း အတွက် တင်မဟုတ်ဘဲ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးအတွက် အလွန်ဂုဏ်ယူပါတယ်။ ဒီမှာလာကစားဖို့က ဘယ်တော့မှ မလွယ်ကူတာကြောင့် တစ်သင်းလုံးအတွက် ကျနော် အလွန်ပျော်ပါတယ်”လို့ UEFA ကိုပြောခဲ့တာ ပါ။

ဂေါ်ဒွန်ကို တွေ့ရစဉ်
ဒါ့ပြင် ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယားရဲ့ ချန်ပီယံလိဂ် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်ကို ၆ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဂေါ်ဒွန်ဟာ ပထမပိုင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး သူ့ရဲ့ပထမဆုံး သွင်းဂိုးက အရေးပါတဲ့ အခိုက်တန့် ဖြစ်တဲ့အတွက် အလွန်ကျေနပ်မိတယ်လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ လာမယ့် အပတ်မှာ ကာရာဘတ်အသင်းကို ဒုတိယအကျော့အဖြစ် အိမ်ကွင်း လက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲရလဒ်ကြောင့် ၁၆ သင်းအဆင့် တက်နိုင်ဖို့ သေချာခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီးအသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
