CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ဂါလာတာစာရေးအသင်းဟာ အေစိမီလန်အသင်း တိုက်စစ်မှူး မိုရာတာကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအထိ ယူရို ၆ သန်းနဲ့ အငှားခေါ်ယူခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ မိုရာတာကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်ရှိတယ်လို့ အေစီမီလန်အသင်း က သူတို့ရဲ့တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
မိုရာတာဟာ ဂါလာတာစာရေးအသင်းကနေ ဒီရာသီရဲ့ ဒုတိယရာသီဝက်အတွက် လုပ်ခလစာ ယူရို ၃ သန်းနဲ့ လာမယ့်ရာသီ ပထမရာသီဝက်အတွက် ယူရို ၃ သန်းရရှိမှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ မိုရာတာဟာ ပြီးခဲ့တဲ့နွေရာသီကမှ အသလက်တီကိုအသင်းကနေ အေစီမီလန်အသင်းထံ ယူရို ၁၃ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့တာပါ။
မိုရာတာဟာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မိုရာတာကို တွေ့ရစဉ်
ဂါလာတာစာရေးအသင်းအနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး မိုရာတာကို အပြီးသတ် ဝယ်ယူဖို့ အေစီမီလန်အသင်းထံ အကြောင်းကြားခဲ့ရင် ယူရို ၈ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိတယ်လို့ တူရကီ ကလပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ဂါလာတာစာရေးအသင်း အနေနဲ့ မိုရာတာကို အပြီးသတ် မဝယ်ယူဘူးဆိုရင်လည်း အငှားကာလကို ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းတိုးခွင့် ရှိနေပါတယ်။
ဒါအပြင် ဂါလာတာစာရေးအသင်းဟာ နောက်ထပ် သက်တမ်းတိုးမယ့် အငှားကာလ မကုန်ခင်မှာ မိုရာတာကို ဝယ်ယူမယ်ဆိုရင် ယူရို ၉ သန်းပေးချေကာ အပြီးသတ်ခေါ်ယူနိုင်မယ့် ဒုတိယရွေးချယ်ခွင့်ရှိနေတာပါ။
ဂါလာတာစာရေးအသင်း အနေနဲ့ ဒီပမာဏကို ၆ လ အရစ်ကျပေးချေရမှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ မိုရာတာဟာ ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အသလက်တီကိုနဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့တာပါ။
ဂါလာတာစာရေးအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA