CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂

ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့ကိုယ်ပိုင် YouTube Channel ဖြစ်တဲ့ UR Cristiano ကို စတင်ပြီးနောက် စံချိန်သစ်တွေကို တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ဖော်လိုဝါ သန်း ၉၀၀ ကျော်ရှိတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ကိုယ်ပိုင် YouTube Channel ကို စတင်ပြီးနောက် မိနစ် ၉၀ အကြာမှာ subscribers ၁ သန်းကျော်သွားခဲ့တာပါ။ 

ဒါဟာ YouTube သမိုင်းတစ်လျှောက်မှာ Channel အသစ်တစ်ခုအနေနဲ့ အမြန်ဆုံး subscribers ၁ သန်းပြည့်တဲ့ စံချိန်သစ်လည်း ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ YouTube Channel ဟာ စတင်ပြီးနောက် ၄ နာရီအကြာမှာ subscribers ၅ သန်းအထိ ရှိခဲ့တာပါ။ 

ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ YouTube Channel ဟာ လက်ရှိအချိန်မှာဆိုရင် subscribers ၁၁ သန်းကျော် အထိ ရှိသွားခဲ့ပြီဖြစ်ပြီး နောက်ထပ် စံချိန်သစ်တွေကိုလည်း တင်ဖို့ရှိနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ သူ့ရဲ့ YouTube Channel မှာ ဘောလုံးအကြောင်း သာမကဘဲ သူ့ရဲ့မိသားစု၊ ကျန်းမာရေး၊ အဟာရ၊ ပညာရေးနဲ့ စီးပွားရေး အကြောင်းတွေကိုလည်း မျှဝေပေးမယ်လို့ ပရိသတ်တွေကို ကတိပြုထားတာပါ။ 

ရော်နယ်ဒိုက “ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေနဲ့ ဒီလိုခိုင်မာတဲ့ ဆက်ဆံရေးရှိတာကို ကျနော်အမြဲတမ်း နှစ်သက်ခဲ့ ပြီး ကျနော့်ရဲ့ YouTube Channel ဟာ ကျနော့်ကို ပိုကြီးမားတဲ့ ပလက်ဖောင်းတစ်ခု ပေးစွမ်းနိုင်မှာပါ။ ကျနော့် အကြောင်း၊ ကျနော့် မိသားစုအကြောင်းနဲ့ အခြားအရာတွေအပေါ် ကျနော့် အမြင်တွေကို သူတို့တွေပိုပြီး လေ့လာ ကြပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဆော်ဒီပရိုလိဂ် ရာသီသစ်အတွက် အယ်လ်နာဆာအသင်းနဲ့အတူ ပြင်ဆင်မှု ပြုလုပ်နေပြီး ရာသီသစ်မှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၂ ရက်မှာ အယ်လ်ရေ့ဒ်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: forbes