CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အပြီးမှာ ပြုလုပ်ခဲ့တဲ့ ညစ်ညမ်းတဲ့ အမူအရာကြောင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေး ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အယ်လ်နာဆာအသင်းက အယ်လ်ရှာဘတ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်အပြီးမှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ အယ်လ်နာဆာအသင်းအတွက် ပင်နယ်တီကနေ ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး တာလီစကာက ၂ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်နာဆာအသင်း အနိုင်ရရှိသွားခဲ့တာကြောင့် ရော်နယ်ဒိုဟာ အသင်းဖော်တွေကို ဂုဏ်ပြုမှုတွေ ပြုလုပ် နေချိန်မှာ ပြိုင်ဘက်အသင်း ပရိသတ်တွေက အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြတာပါ။

ရော်နယ်ဒိုဟာ ဒါကိုတုန့်ပြန်တဲ့ အနေနဲ့ သူ့လက်ကို နားရွက်ပေါ်မှာ တင်ခဲ့ပြီးနောက် ညစ်ညမ်းတဲ့ အမူအရာကိုပါ လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ 

 ရော်နယ်ဒိုကို တွေ့ရစဉ်

အဲဒါကြောင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ဆော်ဒီ သတင်းစာ တစ်ခုက ရေးသားခဲ့တာကို The Telegraph က ဖော်ပြခဲ့တာပါ။ 

ဆော်ဒီနိုင်ငံရဲ့ ဘောလုံးသုံးသပ်သူတွေက ရော်နယ်ဒိုကို အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါ တယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲတွေမှာလည်း မက်ဆီလို့ခေါ်ပြီး သူ့ကိုလှောင်ပြောင်မှုတွေ ပြုလုပ်တာမှာ တုန့်ပြန်မှုတွေ ရှိခဲ့တာပါ။

မကြာသေးခင်က အယ်လ်ဟီလယ် အသင်းနဲ့ပွဲစဉ်မှာဆိုရင် ရော်နယ်ဒိုဟာ အယ်လ်ဟီလယ်အသင်း ပရိသတ် တွေက ပစ်ချခဲ့တဲ့ ပဝါကို ကောက်ယူပြီး သူ့ရဲ့ဘောင်းဘီထဲကို ထည့်ကာ ပြန်ပစ်ချသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို လုပ်ရပ်တွေကြောင့်လည်း ရော်နယ်ဒိုဟာ ဝေဖန်မှုတွေ ပြုလုပ်တာခံခဲ့ရပါတယ်။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၃၄ ဂိုးသွင်းယူထားတာပါ။

အယ်လ်နာဆာအသင်းဟာ အယ်လ်ရှာဘတ်အသင်းကို အနိုင်ရယူခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၄ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

Source: Daily Mail