CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆

ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း အနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးသလို ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ သူ့ရဲ့နိုင်ငံအသင်းအတွက် နောက်ဆုံးပွဲလားဆိုတာ ပြောဖို့စောလွန်းတယ်လို့ပြောခဲ့ပါတယ်။

ရောဘတ်တိုမာတီနက်ဇ်က “ပွဲအပြီးမှာ ဒီအကြောင်းကို ပြောဖို့ စောလွန်းပါတယ်။ ကျနော်တို့ဟာ ရှုံးနိမ့်မှုကို ခံစားနေကြရဆဲပါပဲ။ ဒီအချိန်မှာ တစ်ဦးချင်းဆုံးဖြတ်ချက်တွေကို ချရခြင်းမရှိသေးဘူး”လို့ ဒီပွဲက ပေါ်တူဂီဂျာစီနဲ့ ရော်နယ်ဒိုရဲ့နောက်ဆုံးပွဲလားလို့ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့တဲ့အပေါ် ဖြေကြားခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ ပြင်သစ်အသင်းနဲ့ကစားခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ 

ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမရှိသရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့တာမှာ ပြင်သစ်အသင်းက ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သွင်းဂိုး ၁ ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ပေါ်တူဂီအသင်းနဲ့ပြင်သစ်အသင်း ယှဉ်ပြိုင်နေစဉ်

ဒါဟာ ရော်နယ်ဒိုအတွက်တော့ သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ သွင်းဂိုးမရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်တယ်လို့ အတည်ပြုထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်ပြီးပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။ 

ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲ ကျင်းပမယ့်အချိန်မှာ သူ့ရဲ့အသက်ဟာ ၄၁ နှစ်အရွယ်ရှိမှာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုနဲ့အတူ ပေါ်တူဂီအသင်းမှာ နှစ်ပေါင်းများစွာ အတူတွဲကစားခဲ့တဲ့ အသက် ၄၁ နှစ်အရွယ်ရှိ ပီပီအတွက်တော့ ယူရို ၂၀၂၄ ပြိုင်ပွဲဟာ နိုင်ငံအသင်းအတွက် သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်ဖို့ရှိနေတာပါ။

ပီပီဟာ ပြင်သစ်အသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ငိုကြွေးနေခဲ့ပြီး ရော်နယ်ဒိုက သူ့ကို နှစ်သိမ့်မှုတွေ ပြုလုပ်ပေးနေခဲ့ပါတယ်။ 

ပီပီကတော့ သူ့အနာဂတ်နဲ့ပတ်သက်ပြီး အခုအချိန်မှာ မပြောချင်သေးဘူးလို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။  

Source: ESPN