CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၈

ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ဟာ လာမယ့် နွေရာသီမှာ စပို့တင်းလစ္စဘွန်း အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ပေါ်တူဂီသတင်း Record က ဖော်ပြခဲ့ပါတယ်။ 

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင် ယူနိုက်တက်အသင်းကို ကိုင်တွယ်အပြီးမှာ ယိုကီရက်စ်ဟာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရတာပါ။

ဒါပေမယ့် ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ အမှတ်ပေးဖလားကို ၂ ကြိမ်ဆက်တိုက် ရယူချင် တာကြောင့် ဇန်နဝါရီမှာ မထွက်ခွာခဲ့ဘဲ ပေါ်တူဂီကလပ်မှာ ဆက်ပြီးရှိနေခဲ့တာ ဖြစ်ပါတယ်။

ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပေါ်တူဂီလိဂ်ဖလား ရယူပြီးရင် နွေရာသီမှာ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။ 

စပို့တင်းလစ္စဘွန်းအသင်းဟာ လက်ရှိအချိန်မှာ ပေါ်တူဂီလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတာကြောင့် ယိုကီရက်စ်ဟာ အသင်းကို အမှတ်ပေးဖလား ၂ ကြိမ်ဆက်တိုက် ရယူပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် လိဂ် ၂၃ ပွဲမှာ ၂၅ ဂိုး သွင်းယူတာ အပါအဝင် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၃၇ ဂိုးသွင်းယူထားတာပါ။ 

ယိုကီရက်စ်ကို တွေ့ရစဉ်

ယိုကီရက်စ်ဟာ ၂၀၂၃ ခုနှစ်နွေရာသီက ကိုဗင်ထရီအသင်းကနေ ပြောင်းရွှေ့ လာပြီးကတည်းက စပို့တင်း လစ္စဘွန်း အသင်းအတွက် ပွဲပေါင်း ၈၉ ပွဲ ကစားထားပြီး ၈၀ ဂိုးသွင်းယူထားပါတယ်။

ယူနိုက်တက်အသင်းဟာ ယိုကီရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ဒီအပြောင်းအရွှေ့အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။ 

ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း ယိုကီရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါ တယ်။

ယိုကီရက်စ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်း ပါဝင်ပေမယ့် ပေါ်တူဂီကလပ်ဟာ သူ့ကို ပေါင် ၆၈.၅ သန်း ဝန်းကျင်နဲ့ ထွက်ခွာခွင့် ပေးဖွယ်ရှိနေတာပါ။ 

ယိုကီရက်စ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားချင်တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင် သူ့ကိုခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းပါးသွားနိုင်တယ်လို့ သိရပါတယ်။ 

Source: Dailymail