CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အာဆင်နယ်အသင်းထံ အပြောင်းအရွှေ့ဟာ ပျက်ပြယ် သွားနိုင်တယ်လို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြထားပါတယ်။
ပေါ်တူဂီသတင်း Record က ကစားသမားကို အပိုဆုကြေး ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဖော်ပြထားတာပါ။
စပို့တင်းလစ္စဘွန်းအသင်းဟာ အပိုဆုကြေးယူရို ၁၀ သန်း တောင်းဆိုထားပေမယ့် အာဆင်နယ်အသင်းဟာ ဒီပမာဏကိုပေးချေဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အခြေအနေ အားလုံးကို ဖွင့်ထားပေမယ့် ဆွေးနွေးမှုတွေ လုံးဝပျက်ပြယ်သွားနိုင်တဲ့ အခြေအနေ ရှိနိုင်တယ်လို့ Record ရဲ့သတင်းမှာ ဖော်ပြထားတာပါ။
ယိုကီရက်စ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို ခေါ်ယူဖို့ နီးစပ်ပြီးနောက် နောက်ထပ် သတင်း ထပ်ပြီး ထွက်လာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်က အာဆင်နယ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ဟာ ယိုကီရက်စ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း၊ add-ons ပေါင် ၇.၄ သန်းနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်ခဲ့ပြီး ကစားသမားဟာ အာဆင်နယ် အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုမှာပါ။
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ဖို့ အာရှကို ထွက်ခွာမယ့် အသင်းလူ စာရင်းထဲမှာ ခေါ်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်နဲ့ ယိုကီရက်စ်ရဲ့ အေးဂျင့်တို့ဟာ စပို့တင်းလစ္စဘွန်းအသင်း နောက်ဆုံး မီးစိမ်းပြသနိုင်ဖို့အတွက် လန်ဒန်မှာ ဆွေးနွေးမှုတွေ ထပ်ပြီး ပြုလုပ်နေကြပါတယ်။
ယိုကီရက်စ်ကတော့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး စပို့တင်းလစ္စဘွန်းအသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို သွားရောက် ပူးပေါင်းခြင်း မရှိပါဘူး။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား မာဒူကီနဲ့ ဗလင်စီယာအသင်း နောက်ခံလူ မိုစကွီယာရဲ့ အပြောင်းအရွှေ့တွေကိုလည်း ကြေညာဖို့ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ကစားသမား အများအပြား ဖြည့်တင်း မှုတွေ ပြုလုပ်နေပြီး ဇူဘီမန်ဒီ၊ ကယ်ပါနဲ့ နော်ဂတ်တို့ကို ခေါ်ယူထားသလို ခရစ္စတယ်ပဲလေ့စ်အသင်း ကြယ်ပွင့် အီဇီကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Dailymail