CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၉

စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပေါ်တူဂီအမှတ်ပေးဖလားကို ထပ်မံရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ယိုကီရက်စ်ဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။ 

ယိုကီရက်စ်က “ဒါက ဘောလုံးဖြစ်ပြီး ကျနော်ဒီမှာ ရှိနေဆဲပါပဲ။ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်မသိပါဘူး။ ဘယ်သူကမှ အနာဂတ်ကို ခန့်မှန်းလို့ မရပါဘူး။ ဆုဖလားရယူနိုင်ဖို့က ကျနော်တို့ လိုချင်တဲ့အရာပါ။ ပရိသတ်တွေ ရဲ့ အားပေးမှုတွေက မယုံနိုင်စရာဖြစ်ပြီး လမ်းမတွေပေါ်မှာ လူတွေအများကြီးပါပဲ။ ပရိသတ်တွေနဲ့အတူ အောင်ပွဲ ခံချင်တယ်လို့ Sport TV ကို ပြောခဲ့တာပါ။

ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားထားပြီး ၅၃ ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။ 

ယိုကီရက်စ်ဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် ဒီရာသီဟာ သူ့ရဲ့ စပို့တင်း လစ္စဘွန်း အသင်းကစားသမားဘဝ နောက်ဆုံးရာသီလို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။ 

အာဆင်နယ်အသင်း အားကစားဒါရိုက်တာသစ် ဘာတာဟာ ယိုကီရက်စ်ကို အသင်းထံခေါ်ယူနိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေတာပါ။ 

ယိုကီရက်စ်ကို တွေ့ရစဉ်

ယိုကီရက်စ်နဲ့ စပို့တင်းလစ္စဘွန်း အသင်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်းရှိပေမယ့် စပို့တင်းလစ္စဘွန်းအသင်းဟာ သူ့ကို ပေါင်သန်း ၆၀ နဲ့ ၇၀ သန်းကြားရရှိရင် ထွက်ခွာခွင့် ပေးဖွယ်ရှိနေပါတယ်။ 

အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့် တစ်ပတ်လုပ်ခပေါင် ၂ သိန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေတာပါ။

ယူနိုက်တက်အသင်းကလည်း ယိုကီရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အခြားပစ်မှတ်တွေကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ 

စပို့တင်းလစ္စဘွန်းအသင်းဟာ ပေါ်တူဂီဖလား ဗိုလ်လုပွဲအဖြစ် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ယိုကီရက်စ်ဟာ ကလပ်အသင်းနဲ့အတူ ဒီရာသီနောက်ထပ် ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

Source: Goal