CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁

ရီးရယ်လ်အသင်းဟာ မိုဒရစ်နဲ့ ဗတ်စ်ကွက်ဇ်တို့ အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဗီနီစီးယက်စ်နဲ့ ကော့တွိုက်စ် တို့ကို အသင်းခေါင်းဆောင် အစုအဖွဲ့ထဲ ထည့်သွင်းခဲ့ပါတယ်။

မိုဒရစ်နဲ့ ဗတ်စ်ကွက်ဇ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းရဲ့ အသင်းခေါင်းဆောင်တွေအဖြစ် တာဝန်ယူခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့ကြတာပါ။ 

အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ လစ်လပ်သွားတဲ့ အသင်းခေါင်းဆောင် ၂ ဦးရဲ့ နေရာမှာ အသင်းမှာကစားတာ ကာလရှည်ကြာပြီဖြစ်တဲ့ ဗီနီစီးယက်စ်နဲ့ ကော့တွိုက်စ်တို့ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ 

ဒူးအရွတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ တစ်ရာသီလုံး နီးပါး အနားယူခဲ့ရတဲ့ ညာနောက်ခံလူ ကာဗာဟယ်လ်ဟာ ရီးရယ်လ်အသင်းရဲ့ အသင်းခေါင်းဆောင်သစ်အဖြစ် တာဝန်ယူသွားမှာပါ။

ဥရုဂွေးကွင်းလယ်လူ ဗယ်လ်ဗာဒီက ဒုတိယအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူမှာဖြစ်ပြီး ကော့တွိုက်စ်နဲ့ ဗီနီစီးယက်စ်တို့က တတိယနဲ့ စတုတ္ထအသင်း ခေါင်းဆောင်တွေအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်း တာဝန်ရှိသူတွေနဲ့ နည်းပြဇာဘီအလွန်ဆိုတို့ တိုင်ပင်ပြီး ဒီဆုံးဖြတ်ချက်ကို ချခဲ့တာလို့ AS သတင်းမှာ ဖော်ပြထားတာပါ။ 

ကော့တွိုက်စ်ကို တွေ့ရစဉ်

ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းရဲ့ အသင်းခေါင်းဆောင် အစုအဖွဲ့ထဲမှာ ပါဝင်နေပေမယ့် အသင်းမှာ သူ့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပါတယ်။

ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကလည်း အချိန်ကြာမြင့်နေပြီ ဖြစ်ပေမယ့် တိုးတက်မှု မရှိသေးတာပါ။ 

ဒီအချိန်မှာ ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အသင်းတစ်သင်းဟာ ဗီနီစီးယက်စ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေးပေးပြီး နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ထင်ကြေးသတင်းတွေကလည်း ထွက်ပေါ်နေပါတယ်။

ရီးရယ်လ်အသင်းကတော့ ဗီနီစီးယက်စ်ကို စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာ ပါ။

ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ထားလို့ အနားယူနေတဲ့ ရီးရယ်လ်အသင်းဟာ ရာသီသစ် စပိန်လာလီဂါ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၉ ရက်မှာ အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:Goal