CNI International News

တိုကျို၊ ဇူလိုင် ၇

ဂျပန်လူငယ်များသည် စတော့ရှယ်ယာစျေးကွက်၏ အကျိုးအမြတ်များကို လက်လွတ်မခံလိုသည့် စိုးရိမ်စိတ် များအပြင် အနာဂတ် ငွေရေးကြေးရေး အခြေအနေအပေါ် ပူပန်မှုများ ပိုမို ကြီးထွားလာခြင်းကြောင့် မုန့်ပဲ သရေစာများစားခြင်း၊ အားလပ်ရက် ခရီးထွက်ခြင်းများကို လျှော့ချကာ အသုံးစရိတ်များကို ခြိုးခြံချွေတာနေ ကြကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ကုန်စျေးနှုန်း ကြီးမြင့်လာခြင်း၊ လစာငွေများ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခြင်းတို့ကြောင့် ဂျပန်မျိုးဆက်သစ် လူငယ်များသည် NISA (ဂျပန် တစ်ဦးချင်း စုဆောင်းငွေအကောင့်) အစီအစဉ်များတွင် ငွေကြေးများ ပိုမို စုဆောင်းနိုင်ရန် အသုံးစရိတ်များကို လျှော့ချနေခြင်းဖြစ်သည်။

ထို့ပြင် ငွေသားကို အခြေခံသည့် သမားရိုးကျ ငွေကြေး စုဆောင်းမှုထက် ငွေရေးကြေးရေး လုံခြုံစိတ်ချရမှုအတွက် ရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခုအဖြစ် ဂျပန်လူငယ်များက ရှုမြင်လာကြသည်။

 ဂျပန်လူငယ်များ စတော့ရင်းနှီးမြှုပ်နှံမှုကိုတွေ့ရစဉ်

ယခုအပြောင်းအလဲသည် ဂျပန်လူ့အဖွဲ့အစည်းတွင် ကြီးမားသော အလှည့်အပြောင်း တစ်ခုကို ကိုယ်စားပြု နေသည်။

အစဉ်အလာအရ ဂျပန်မိသားစုများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အတိုးနှုန်း အလွန်နည်းသော ဘဏ် အကောင့်များတွင်သာ စုဆောင်းထားလေ့ရှိကြသည်။

ယခုအခါတွင်မူ တက္ကသိုလ်ကျောင်းသားများနှင့် ပရော်ဖက်ရှင်နယ် အလုပ်များကို လုပ်ကိုင်နေသည့် လူငယ်များ သည် ၎င်းတို့၏ အသားတင် ဝင်ငွေထဲမှ သိသာထင်ရှားသော ပမာဏတစ်ခုကို စတော့စျေးကွက် အတွင်းသို့ ထည့်ဝင် ရင်းနှီးမြှုပ်နှံနေကြပြီ ဖြစ်သည်။

လူငယ်အချို့ဆိုလျှင် ၎င်းတို့ ရရှိသည့် လုပ်အားခ၏ ၄၀ ရာခိုင်နှုန်းအထိ စတော့စျေးကွက်အတွင်း ရင်းနှီးမြှုပ်နှံနေ ကြသည်။

ဂျပန်လူငယ်များ စတော့ရင်းနှီးမြှုပ်နှံမှုကိုတွေ့ရစဉ်

NISA အစီအစဉ်သည် ဂျပန်အစိုးရက ပြည်သူများကို ငွေသားစုဆောင်းရုံတင် မဟုတ်ဘဲ စတော့ရှယ်ယာနှင့် ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေများအတွင်း ငွေကြေး ထည့်ဝင်လာအောင် တွန်းအားပေးသည့် အခွန်ကင်းလွတ်ခွင့် အကောင့် အစီအစဉ် ဖြစ်သည်။

ပုံမှန်အားဖြင့် ဂျပန်တွင် စတော့ရှယ်ယာက ရရှိသည့် အမြတ်အစွန်းအပေါ် ၂၀ ရာခိုင်နှုန်း အခွန်ဆောင်ရသော် လည်း NISA အကောင့်ဖြင့် ရင်းနှီးမြှုပ်နှံပါက ရရှိလာသည့် အမြတ်အတွက် ရာသက်ပန် အခွန်ပေးဆောင်ရမည် မဟုတ်ပေ။

ထို့ကြောင့် ဂျပန်အစိုးရက ကန့်သတ်ချက်များကို ဖြေလျှော့ပြီး အခွန်ကင်းလွတ်ခွင့် သက်တမ်းကို ရာသက်ပန် တိုးမြှင့်ပေးခဲ့သဖြင့် ရေရှည် ရင်းနှီးမြှုပ်နှံလိုသည့် လူငယ်များအတွက် အလွန်ဆွဲဆောင်မှုရှိသည့် လမ်းကြောင်း တစ်ခု ဖြစ်လာခဲ့သည်။

Source: Nikkei Asia