CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇
PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ဖီဖာကလ ပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ခြေထောက်ကျိုးပြီး ခြေချင်းဝတ် အဆစ်လွဲခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း ကြယ်ပွင့် မူစီယာလာဟာ ကာလရှည်ကြာ အနားယူရဖို့ ရှိနေပါတယ်။
မူစီယာလာဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ ဘောလုံးကိုဖမ်းဖို့ ဝင်ရောက်လာခဲ့တဲ့ PSG အသင်းဂိုးသမား ဒွန်နာရမ်မာနဲ့ ထိခိုက်မိပြီး ပြင်းထန်တဲ့ဒဏ်ရာ ရရှိသွားခဲ့တာပါ။
အဲဒါကြောင့် မူစီယာလာကို ကွင်းထဲကနေ ထမ်းစင်နဲ့ထုတ်ကာ ဒဏ်ရာအခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေ ခံယူဖို့ ဆေးရုံပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ မူစီယာလာဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့ မြူးနစ်ထံ ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မတ်ဇ်အီဘဲလ်က ပြင်းထန်တဲ့ ဒဏ်ရာကြောင့် မူစီယာလာ ကာလ ရှည်ကြာ အနားယူရမှာက သူ့အတွက်ရော အသင်းအတွက်ပါ ကြီးမားတဲ့ ထိခိုက်မှုဖြစ်ပြီး သူအကောင်းဆုံး ပြန်လာနိုင်ဖို့ အသင်းဘက်က အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
မူစီယာလာကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်း ခေါင်းဆောင် နူအာက မူစီယာလာကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တဲ့ PSG အသင်း ဂိုး သမား ဒွန်နာရမ်မာကို ပွဲအပြီးမှာ ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။
ဒွန်နာရမ်မာဟာ မူစီယာလာကို တောင်းပန်မှု ပြုလုပ်ခဲ့ပြီး အမြန်ဆုံးပြန်ကောင်းမွန်လာဖို့ ဆုတောင်းကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့တာပါ။
မူစီယာလာအနေနဲ့ ဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်ထဲ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီအသင်းရဲ့ပွဲတွေမှာ ပါဝင်နိုင်ဖို့ မရှိတော့ဘဲ ၂၀၂၆ ခုနှစ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
၂၀၁၉ ခုနှစ်က ချယ်လ်ဆီး လူငယ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်ရှိ မူစီယာလာဟာ ဘိုင်ယန်မြူးနစ် အသင်းကြီးအတွက် ၂၀၂၀ ခုနှစ်မှာ စတင် ပွဲထွက်ခွင့်ရခဲ့ပြီး လက်ရှိအချိန်ထိ ပွဲပေါင်း ၂၀၇ ပွဲ ပါဝင်ကစားထားကာ ၆၄ ဂိုးသွင်းယူပြီး ဆုဖလားပေါင်း ၁၁ ခုအထိ ရယူထားတာဖြစ်ပါတယ်။
Source: BBC