CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇

မက္ကဆီကိုအသင်း တိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ကွန်ကာကပ်ဖ် ရွှေဖလားဗိုလ်လုပွဲမှာ အသင်းအတွက် သွင်းဂိုး သွင်းယူပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ အသင်းဖော်ဟောင်း ဂျိုတာရဲ့ အောင်ပွဲခံတဲ့ပုံစံ ပြုလုပ်သွားခဲ့ပါတယ်။

၂၀၂၅ ကွန်ကာကပ်ဖ် ရွှေဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ မက္ကဆီကိုအသင်းနဲ့ အမေရိကန်အသင်းတို့ ပွဲစဉ်မှာ မက္ကဆီကိုအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ 

မက္ကဆီကိုအသင်း တိုက်စစ်မှူးဂျီမီနက်ဇ်ဟာ ဒီပွဲမှာအသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူပြီးနောက် ဂျိုတာရဲ့ နံပါတ် ၂၀ နဲ့ နာမည်ပါအင်္ကျီကို မြက်ခင်းပေါ်ချကာ ဂျိုတာရဲ့နာမည်ကြီးအောင်ပွဲခံပုံစံဖြစ်တဲ့ ဂိမ်းကစားနေတဲ့ ပုံစံ ပြု လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဂျီမီနက်ဇ်ဟာ ဒီပွဲကစားဖို့ ကွင်းထဲဝင်ရောက် လာချိန်မှာလည်း ဒီအင်္ကျီကိုဝတ်ဆင်ပြီး ဝင်ရောက်လာခဲ့တာပါ။

ဂျီမီနက်ဇ်နဲ့ ဂျိုတာတို့ဟာ ပရီးမီးယားလိဂ် ကလပ်ဝုလ်ဗ်စ် အသင်းမှာ အသင်းဖော်တွေအဖြစ် ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အထိ နှစ်ရာသီကြာ တွဲကစားခဲ့တာဖြစ်ပါတယ်။

ဂျီမီနက်ဇ်က ဂျိုတာဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖော်ဖြစ်ပြီး သူတို့နှစ်ဦးဟာ အလွန်လှပတဲ့ အခိုက်အတန့် တွေကို မျှဝေခဲ့တယ်လို့ ဗိုလ်လုပွဲမတိုင်မီ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ပြောထားတာပါ။ 

ဂျီမီနက်ဇ်ကို တွေ့ရစဉ် 

လီဗာပူးလ်နဲ့ ပေါ်တူဂီကစားသမား ဂျိုတာဟာ ဇူလိုင် ၃ ရက်က စပိန်နိုင်ငံ၊ ဇာမိုရာအနီးမှာ သူ့ရဲ့ညီဖြစ်သူ အန်ဒရီနဲ့အတူ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မက္ကဆီကိုအသင်းဟာ အမေရိကန်အသင်းနဲ့ ကွန်ကာကပ်ဖ် ရွှေဖလားဗိုလ်လုပွဲမှာ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပေမယ့် ဂျီမီနက်ဇ်က ချေပဂိုးသွင်းပြီး အယ်လ်ဗာရက်ဇ်က အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံဆုကို ရရှိခဲ့တာပါ။ 

မက္ကဆီကိုအသင်းဟာ ကွန်ကာကပ်ဖ် ရွှေဖလားချန်ပီယံဆုကို ၁၀ ကြိမ်မြောက် ရယူနိုင်ခဲ့သလို ၂ ကြိမ်ဆက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

၂၀၂၅ ကွန်ကာကပ်ဖ် ရွှေဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို မက္ကဆီကိုအသင်းက အယ်လ်ဗာရက်ဇ်၊ အကောင်းဆုံး ဂိုးသမားဆုကို မက္ကဆီကိုအသင်းက မာလာဂွန်နဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆုကို ပနားမား အသင်းက အစ္စမေးလ်ဒီယက်ဇ်က ၆ ဂိုးနဲ့ ရရှိခဲ့ပါတယ်။ 

Source: ESPN