CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အက်စတွန်ဗီလာနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ စိတ်ဝင်စားမှု ခံနေ ရတဲ့ တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန် အနေနဲ့ ပိုပြီးပျော်ရွှင်ဖို့အတွက် အသင်းကနေ ထွက်ခွာဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကျနော်တို့မှာ တစ်နေရာတည်း ကစားနိုင်တဲ့ တိုက်စစ်မှူး ၂ ဦးရှိပါတယ်။ အဲဒါကြောင့် အပြောင်း အရွှေ့ မပိတ်မီမှာ တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ အန်ကွန်ကူနဲ့ ဂျက်ဆန်တို့က ကျနော်တို့နဲ့အတူရှိပေမယ့် အဖြေကတော့ အတူတူပါပဲ။ ဘန်ချီဝဲလ်နဲ့ စတာလင်တို့လည်း သီးခြား လေ့ကျင့် ခန်းဆင်းပြီး အဖြေကို စောင့်နေကြပါတယ်။ သူတို့တွေဒီမှာမရှိတော့ရင် အဖြေရှာတွေ့ပြီလို့ဆိုရမှာပါ။ အဖြေရှာ နိုင်ရင် ပိုကောင်းမှာဖြစ်ပြီး သူတို့လည်းပျော်ရွှင်မှာဖြစ်သလို ကလပ်လည်းအတူတူပါပဲ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဒီလပ်နဲ့ ဂျာအိုပက်ဒရိုတို့ကို ခေါ်ယူခဲ့တာကြောင့် နီကိုလက်စ်ဂျက်ဆန်ဟာ အသင်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် သူကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းကို ထွက်ခွာခွင့် တောင်းဆိုထားတာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်အတွက် ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ လိုချင်နေတာဖြစ်ပါတယ်။
ဂျက်ဆန်ကို တွေ့ရစဉ်
အသက် ၂၄ နှစ်အရွယ်ရှိ နီကိုလက်စ်ဂျက်ဆန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းအတွက် ပြန်ပါဝင် ကစားလို့ရပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက နီကိုလက်စ်ဂျက်ဆန်ကို ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့ပြီး အနာဂတ် ဖြေရှင်းလို့ မပြီးမချင်း အသင်းအတွက် အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ စတာလင်၊ ဘန်ချီဝဲလ် အပါအဝင် အသင်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်ခြင်း မရှိတော့တဲ့ ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။
၂၀၂၃ ခုနှစ်နွေရာသီက ဗီလာရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ နီကိုလက်စ်ဂျက်ဆန်ဟာ ချယ်လ်ဆီး အသင်းအတွက် ၈၁ ပွဲ ကစားခဲ့ပြီး ဂိုး ၃၀ သွင်းယူကာ ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်းဖရန့်လိဂ် ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
Source: Metro