CNI International News

ဘာရီ၊ ဇွန်လ ၁၇

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) သည် ၂၀၂၂ ခုနှစ်က စတင် တာဝန်ထမ်းဆောင် ခဲ့ချိန်ကတည်းက ၎င်း၏ ရှေးရိုးစွဲအယူဝါဒကို ပြသခဲ့သလို မကြာသေးမီက အီတလီတွင် ပြုလုပ်ခဲ့သည့် စက်မှု ထိပ်သီးခုနစ်နိုင်ငံ (G-7) ညီလာခံတွင် ထိုရှေးရိုးစွဲအယူဝါဒကို ထပ်မံဖော်ပြခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် G-7 ညီလာခံတွင် မယ်လိုနီက မိသားစုအရေးကိစ္စများ၊ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်ပြီး ၎င်း၏ တရားသေ ကိုင်စွဲထားသည့် ရှေးရိုးစွဲအယူဝါဒကို အလျှော့ပေးမည် မဟုတ်သည့် အကြောင်းကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ခဲ့သည့် G-7 ညီလာခံတွင် ထိန်းချုပ်ခံထားရသော ရုရှား၏ ပိုင်ဆိုင်မှုများကို အသုံးပြုပြီး ယူကရိန်းအတွက် ဒေါ်လာဘီလျံချီ ချေးငွေထောက်ပံ့မှုများ၊ တရုတ်နှင့် ကုန်သွယ်ရေးတွင် ဖြေရှင်းရ မည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့သည်။

ထိုအရေးကိစ္စများတွင် G-7 အဖွဲ့ဝင်များအကြား တူညီသည့် သဘောတူညီမှုများရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ် မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်စွာရှိမှုကို ချီးကျူးခဲ့ကြသည်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ပြင်သစ်သမ္မတ မက်ခရွန်ကို တွေ့ရစဉ်

ထို့နောက် အီတလီသည် မမျှော်လင့်ဘဲ G-7 နောက်ဆုံး ကြေညာချက်ထဲမှ ဘေးကင်းလုံခြုံစွာနှင့် တရားဝင် ကိုယ်ဝန်ဖျက်ချမှုဆိုသည့် အကြောင်းအရာကို ဖယ်ရှားရန် အပြင် ကာကွယ်ဆေး ရန်ပုံငွေများနှင့် ပတ်သက်ပြီး ရေးသားထားသည့် အသုံးအနှုန်းများအား ပြင်ဆင်ဖော်ပြရန် တောင်းဆိုခဲ့သည်ဟု သံတမန်များက ထုတ်ဖော် ပြောဆိုခဲ့သည်။

ကိုယ်ဝန်ဖျက်ချခွင့်နှင့် ပတ်သက်ပြီး မယ်လိုနီနှင့်အခြား G-7 အဖွဲ့ဝင်နိုင်ငံများအကြား သဘောထား တိုက်ဆိုက်မှု မရှိခဲ့ဘဲ မယ်လိုနီသည် အီတလီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အသုံးချပြီး ၎င်း၏ ရှေးရိုးဆွဲ အယူအဆကို အ လျှော့မပေးဘဲ ထိုအကြောင်းအရာကို ကြေညာချက်ထဲမှ ဖယ်ရှားရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သံတမန် များက ပြောသည်။

“မယ်လိုနီဟာ ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သူဖြစ်ပြီး အရင်ကလည်း အခုလို ဆန့်ကျင်ခဲ့ပါတယ်။ ဒီအကြောင်းအရာဟာ သူ့အတွက် အလျှော့မပေးတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ်ဝန် ဖျက်ချခွင့်ကို တရားဝင်ဖြစ်ဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း G-7 ဥက္ကဋ္ဌနေရာကို ယူထားတဲ့ အီတလီက မလုပ်နဲ့ဆိုရင် မလုပ်ရတော့ပါဘူး” ဟု အမည်မဖော်လိုသည့် ဥရောပသံတမန်တစ်ဦးက ပြောကြားခဲ့သည်။

ဥရောပနှင့် အမေရိကန်ရှိ ရှေးရိုးစွဲ အုပ်စုများကဲ့သို့ပင် မယ်လိုနီ၏ Brtothers of Italy ပါတီသည် ကိုယ်ဝန်ဖျက်ချ မှုကို ဆန့်ကျင်ခဲ့ပြီး အစဉ်အလာရှိသည့် မိသားစု စံတန်ဖိုးများကို မြှင့်တင်ရန် တိုက်တွန်းလျက်ရှိသည်။

Source: ရိုက်တာ