CNI International News
ဒါကာ၊ နိုဝင်ဘာ ၁၈
ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်း စစ်ရာဇဝတ်မှု တရားရုံးဖြစ်သည့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံးက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) ကို သေဒဏ်ချမှတ်ခဲ့ကြောင်း DW သတင်းတွင် ဖော်ပြ ထားသည်။
ဟာဆီနာသည် ၂၀၂၄ ခုနှစ်က ကျောင်းသားများ ဦးဆောင်သည့် ဆူပူအုံကြွမှုကို ပြင်းထန်စွာ နှိမ်နင်းရန် အမိန့် ပေးခဲ့မှုအတွက် မျက်ကွယ်သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဟာဆီနာသည် သွေးထိုးလှုံ့ဆော်မှု၊ လူသတ်ရန် အမိန့်ပေးမှုနှင့် ကြမ်းကြုတ် ရက်စက်မှုများကို တားဆီးရန် ပျက်ကွက်မှု အစရှိသည့် စွဲချက် ၃ ခုဖြင့် ပြစ်မှုထင်ရှား တွေ့ရှိခဲ့ကြောင်း တရားသူကြီး ဂိုလမ် မော်တူဇာ မိုဇမ်ဒါ (Golam Mortuza Mozumder) က ပြောကြားခဲ့သည်။
"ကျနော်တို့က သူ့ကို ပြစ်ဒဏ် တစ်ခုပဲချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကတော့ သေဒဏ်ပါပဲ" ဟု မိုဇမ်ဒါက ပြောကြားခဲ့သည်။
တရားရုံး၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် တရားရုံးအတွင်း လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာခဲ့သည်။

ရှိတ်ဟာစီနာကို တွေ့ရစဉ်
တရားသူကြီးများက ဟာဆီနာကို လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုများဖြင့် ပြစ်မှုထင်ရှား တွေ့ရှိခဲ့ ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ အဖွဲ့ဝင် ၃ ဦးပါ အထူးပြစ်မှုဆိုင်ရာခုံအဖွဲ့က နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဟာဆီနာ၏ စွဲချက်ကို စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဟာဆီနာသည် နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်နေသဖြင့် တရားရုံးက ၎င်းအား ဝရမ်းပြေးအဖြစ် ကြေညာခဲ့ကာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လအထိ ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းမှု အတွင်း ရက်စက်ကြမ်းကြုတ်စွာ ပြုမှုခဲ့သော စွဲချက်များနှင့်ပတ်သက်ပြီး ခုံရုံး၏ ပထမဆုံး စီရင်ချက်ဖြစ်သည်။
ဟာဆီနာကမူ ၎င်းအပေါ် ချမှတ်ခဲ့သည့် စီရင်ချက်နှင့် ပြစ်ဒဏ်သည် ဘက်လိုက်မှုရှိပြီး နိုင်ငံရေးအရ စေ့ဆော်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဟာဆီနာသည် အိန္ဒိယတွင် ပြည်ပြေးအဖြစ် နေထိုင်လျက်ရှိကာ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာပြီး တရား ရင်ဆိုင်ရန် ငြင်းဆန်ခဲ့သည်။
Source: DW
