CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂

ဖီဖာဒုဥက္ကဋ္ဌတစ်ဦးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့် မြို့နေရာတွေကို မပြောင်းနိုင်ဘူးလို့ အခိုင်အမာ ပြောခဲ့ပါတယ်။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘေးကင်း လုံခြုံမှုရှိအောင် ပြုလုပ်သွားမှာ ဖြစ်ပြီး မလုံခြုံဘူးလို့ သူဘက်ကထင်ရင် တခြားမြို့ကို ရွှေ့မယ်လို့ မကြာသေးမီက Oval Office မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ 

ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ထံ ပုံမှန်လာရောက် လည်ပတ်လေ့ရှိတဲ့ ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ 

ဒါပေမယ့် အင်ဖန်တီနိုကတော့ ဒေါ်နယ်ထရမ့် ပြောခဲ့တာနဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးတာပါ။ 

ဒီအချိန်မှာ ဖီဖာဒုဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ မွန်တာဂါလီယာနီက လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ အားကစား စီးပွားရေး ညီလာခံမှာ ဒေါ်နယ်ထရမ့် ပြောခဲ့တဲ့ မှတ်ချက်ကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် 

ကနေဒါနိုင်ငံသားက ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့် မြို့နေရာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ဆုံးဖြတ်ခွင့် မရှိဘူးလို့ မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။

မွန်တာဂါလီယာနီက “ဒါက ဖီဖာရဲ့ပြိုင်ပွဲ၊ ဖီဖာရဲ့စီရင်ပိုင်ခွင့်၊ ဖီဖာက ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာပါ။ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်တွေကို လေးစားမှုနဲ့အတူ ဘောလုံးက သူတို့ထက် ပိုကြီးမားပါတယ်။ ဘောလုံးက သူတို့ရဲ့ အုပ်ချုပ်မှု၊ သူတို့ရဲ့ အစိုးရနဲ့သူတို့ရဲ့ ကြွေးကြော်သံတွေကို ရှင်သန်စေပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံဟာ ဗိုလ်လုပွဲ အပါအဝင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ပွဲပေါင်း ၁၀၄ ပွဲထဲက ၇၈ ပွဲကို မြို့ပေါင်း ၁၁ မြို့မှာ လက်ခံကျင်းပသွားမှာပါ။

အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ဖလား လက်ခံကျင်းပမယ့် မြို့တွေကတော့ အတ္တလန္တာ၊ ဘော်စတွန်၊ ဒဲလက်စ်၊ ဟောက်စတန်၊ ကန်ဆက်စ်စီးတီး၊ လော့စ်အိန်ဂျလိစ်၊ မိုင်ယာမီ၊ နယူးယော့ခ်၊ ဖီလာဒဲလ်ဖီးယား၊ ဆန်ဖရန်ဆစ္စကို နဲ့ ဆီတဲလ်တို့ ဖြစ်ပါတယ်။ 

Source: Goal