- By CNI
- Category: စီးပွားရေး
- Hits: 649
CNI International News
ဘန်ကောက်၊ မတ်လ ၂၄
ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းများ တောင့်ခံနိုင်သည့် အဆင့်တွင် စက်သုံးဆီ လက်လီ ဈေးနှုန်းများအား ထိန်းညှိရန်အတွက် ရေနံအပေါ် ကောက်ခံသော အခွန်နှုန်းထား လျှော့ချပေးမည့် ပမာဏကို စဉ်းစားတွက်ချက်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုသို့ အခွန်လျှော့ချမှုကြောင့် တစ်ဖက်တွင်လည်း အစိုးရ၏ အခွန်ဘဏ္ဍာငွေအပေါ် အလွန်အကျွံ ထိခိုက်မှု မရှိစေရန် ဂရုတစိုက် စဉ်းစားသုံးသပ်နေသည်။
ဒီဇယ်အပေါ် ကောက်ခံသည့် အခွန်ကို ၁ ဘတ် လျှော့ချမည်ဆိုပါက အစိုးရအနေဖြင့် အခွန်ဘဏ္ဍာငွေ စုစုပေါင်း ဘတ် ၂ ဘီလျံခန့် ဆုံးရှုံးမည်ဖြစ်ပြီး ဓာတ်ဆီအတွက်မူ ဘတ် သန်း ၈၀၀ ခန့် ဆုံးရှုံးနိုင်ကြောင်း အမည်မဖော်လို သည့် ဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ဝန်ကြီးဌာန အနေဖြင့် ရေနံနှင့် ရေနံထွက် ပစ္စည်းများအပေါ် ကောက်ခံသည့် အခွန်ကို တစ်လီတာလျှင် မည်မျှ အထိ လျှော့ချပေးသင့်သည်ကို ဆုံးဖြတ်နိုင်ရန် လက်လီ စက်သုံးဆီ ဈေးနှုန်းနှင့် စီးပွားရေး အခြေအနေကို နှိုင်းယှဉ်ပြီး လေ့လာဆန်းစစ်နေသည်ဟု ဆိုသည်။
အခွန်လျှော့ချမှုများနှင့်ပတ်သက်ပြီး အစိုးရ၏ ခန့်မှန်းခြေ စုစုပေါင်း အခွန်ရရှိမှုနှင့် ဝင်ငွေအပေါ် သက်ရောက်နိုင် သည့် အတိုင်းအတာတို့ကိုပါ ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

ထိုင်းစက်သုံးဆီဆိုင်ကို တွေ့ရစဉ်
ယခုဘဏ္ဍာရေးနှစ်၏ ပထမလေးလပတ် ကာလ (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ) အတွင်း အစိုးရ၏ အသားတင် အခွန်ဘဏ္ဍာငွေ ရရှိမှုသည် ဘတ် ၈၆၈ ဘီလီယံ ရှိခဲ့သည်။
ထိုပမာဏသည် လျာထားချက်ထက် ဘတ် ၉ ဒသမ ၅၆ ဘီလျံ (သို့မဟုတ် ၁.၁ ရာခိုင်နှုန်း) ပိုမိုများပြားခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၄ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) အစိုးရလက်ထက်တွင် ဒီဇယ်လက်လီ ဈေးနှုန်းကို တစ်လီတာလျှင် ဘတ် ၃၀ ဖြင့် ထိန်းချုပ်နိုင်ရန် ဒီဇယ်အခွန်အား တစ်လီတာလျှင် ၃ ဘတ်နှုန်း လျှော့ချပေးခဲ့ပြီး နောက်ပိုင်းတွင် ၅ ဘတ်အထိ လျှော့ချပေးခဲ့ကြောင်း ထိုင်းအစိုးရ သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ အခွန် လျှော့ချပေးခဲ့မှုကြောင့် အစိုးရ၏ အခွန်မှ ရရှိသည့် ဘဏ္ဍာငွေသည် ဘတ် ၁၀၀ ဘီလျံကျော် ဆုံးရှုံး ခဲ့ရသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 521
CNI International News
ဘန်ကောက်၊ မတ်လ ၂၃
လောင်စာဆီ ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းကြောင့် အခြေခံ လူသုံးကုန်ပစ္စည်း များ၏ ဈေးနှုန်းများပါ မြင့်တက်လာမည့် အန္တရာယ်ရှိနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ထိုင်း၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်လီဈေးနှုန်းများကို ဧပြီလအထိ တည်ငြိမ်အောင် ထိန်းသိမ်းရန် ကြိုးပမ်းနေသည်။
စွမ်းအင်စရိတ် မြင့်မားလာမှုနှင့် အစိုးရ၏ စွမ်းအင်မူဝါဒများ ပိုမိုရှင်းလင်းလာမှုတို့ကြောင့် လူသုံးကုန်ပစ္စည်းများ အပေါ် သက်ရောက်မှုများ စတင်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ လက်လီနှင့်လက်ကား ကုန်သွယ်မှုအသင်း၏ ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ် မစ္စတာ ဆွမ်ချိုင်း (Somchai Pornrattanajaroen) က ပြောကြားခဲ့သည်။

စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံ၏ စားသုံးဆီ ဈေးကွက်တွင် စားအုန်းဆီများသည် ဈေးနှုန်း စတင်မြင့်တက်လာသည့် ပထမဆုံး ကုန် ပစ္စည်းများထဲ၌ ပါဝင်လာခဲ့ပြီး တစ်လီတာဝင် ဆီဗူးများသည် တံဆိပ် အမျိုးအစားပေါ် မူတည်၍ ၅ ဘတ်မှ ၈ ဘတ်အထိ ဈေးတက်သွားခဲ့သည်။
ထုတ်လုပ်သူများသည် ဈေးတက်မည့် အကြောင်းကို ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ပရိုမိုးရှင်း အစီအစဉ် များကို ရုပ်သိမ်းခြင်းနှင့် အော်ဒါအသစ် လက်ခံမှုများကို ဆိုင်းငံ့ခြင်းတို့ လုပ်ဆောင်ခဲ့ပြီးနောက် ဈေးနှုန်း အသစ် များကို ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ဆွမ်ချိုင်းက ပြောသည်။
ရေသန့်ဗူး ဈေးကွက်တွင် လက်ကားဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရပြီး အထူးသဖြင့် ဈေးနှုန်းချိုသာ သော ၅၀၀ မီလီလီတာ ပါဝင်သည့် ရေသန့်ဗူး ကတ်များမှာ ယခင် ဘတ် ၂၀ မှ ၂၅ ဘတ်သို့ မြင့်တက်သွားခဲ့သည်။
ထိုကဲ့သို့ စျေးနှုန်း မြင့်တက်ရခြင်းမှာ ရေနံဈေးနှုန်းနှင့် တိုက်ရိုက် ဆက်စပ်နေသည့် ပလတ်စတစ် အစေး ထုတ်လုပ်သည့် စရိတ်ကြီးမြင့်မှုနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များကြောင့် ဖြစ်သည်။

စားသုံးဆီကို တွေ့ရစဉ်
လက်ရှိတွင် အာဏာပိုင်များ အနေဖြင့် လုပ်ငန်းရှင်များအား ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဈေးနှုန်းများ မမြှင့်တင်ရန် တောင်းဆိုထားပြီး စားသုံးသူများ အနေဖြင့်လည်း စိုးရိမ်လွန်ခြင်းမရှိဘဲ တည်ငြိမ်စွာ နေထိုင်ကြရန် တိုက်တွန်းထားကြောင်း ဆွမ်ချိုင်းက ဆိုသည်။
ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် Unilever(ယူနီလီဗာ)၊ ပရောက်တာ အင်န် ဂမ်ဘယ်လ်(P&G) နှင့် နက်စ်လေ(Nestle) အပါအဝင် အဓိက လူသုံးကုန် ထုတ်လုပ်သည့် ကုမ္ပဏီကြီး ၉ ခုနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးမှုများအတွင်း ထိုကုမ္ပဏီများတွင် ကုန်ပစ္စည်း လက်ကျန်များ လုံလောက်စွာ ရှိနေသေးကြောင်း၊ ၎င်းတို့ ကုမ္ပဏီများက ထုတ်လုပ်သည့် ကုန်ပစ္စည်း စျေးနှုန်းများကို ဧပြီလအထိ စျေးမတက်ဘဲ စျေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းထားရန် သဘောတူခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 637
CNI International News
လန်ဒန်၊ မတ်လ ၂၁
အီရန်စစ်ပွဲကြောင့် မြေသြဇာတင်ပို့မှုများ ပြတ်တောက်ခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားသောက်ကုန် ဈေးနှုန်းများ ထပ်မံ မြင့်တက်လာဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် COVID-19 ကပ်ရောဂါနှင့် ယူကရိန်းစစ်ပွဲတို့ကြောင့် စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဘဏ္ဍာ ရေး ဈေးကွက်များ အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ပြီးနောက် စီးပွားရေးကို နာလန်ထူရန် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် လက်ရှိ ထပ်မံ ဖြစ်ပွားလာခဲ့သည့် အီရန်ပဋိပက္ခသည် စီးပွားရေး နာလန်ထူချိန်တွင် ရရှိထားသော အကျိုးအမြတ်များအား ပျက်ပြားစေရန် ခြိမ်းခြောက်နေပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် အခြေအနေကို ရောက်ရှိစေနိုင်သည်။

တောင်သူ တစ်ဦးကို တွေ့ရစဉ်
“ဒါဟာ အချိန်ကြာလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေ၊ အထူးသဖြင့် စားသောက်ကုန် ဈေးနှုန်းတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်”ဟု ထွန်းသစ်စ စီးပွားရေးနိုင်ငံပေါင်း ၄၀ ခန့်ကို အဓိက ငွေထုတ်ချေးပေးသည့် ဥရောပ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်(EBRD)ဥက္ကဋ္ဌ အိုဒီလီ ရီနော့ဒ် ဘာဆို (Odile Renaud-Basso) က ပြောကြားခဲ့သည်။
ဖွံ့ဖြိုးပြီးနိုင်ငံ အများစုတွင် စားနပ်ရိက္ခာနှင့် လောင်စာဆီ ဈေးနှုန်းများသည် စားသုံးသူ ငွေကြေးဖောင်းပွမှု၏ ၄ ပုံ ၁ ပုံအောက်သာ ရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင်မူ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း Moody’s Ratings ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မာရီ ဒီရွန် (Marie Diron) က ပြောကြားခဲ့သည်။
“ဒီအခြေအနေတွေကြောင့် နိုင်ငံအတော်များများရဲ့ စီးပွားရေးဟာ ပြင်ပကလာတဲ့ ဈေးနှုန်း မတည်ငြိမ်မှုတွေ ဒဏ်ကို အလူအလဲ ခံရလွယ်တဲ့ အနေအထား ဖြစ်စေပါတယ်” ဟု ဒီရွန်က ဆိုသည်။

စားသောက်ကုန် ဝယ်နေစဉ်
အဓိက ဖိအားပေးနေသည့် အချက်မှာ စိုက်ပျိုးရေး မြေသြဇာဖြစ်ပြီး အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ မြေသြဇာ ကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းခန့် စီးဆင်းရာ လမ်းကြောင်း ဖြစ်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ခဲ့သည်။
ပင်လယ်ကွေ့ဒေသမှ မြေသြဇာ ထုတ်လုပ်သည့် နိုင်ငံများကလည်း အမိုးနီးယားနှင့် ယူရီးယား မြေသြဇာများကို အဓိက တင်ပို့နေသူများ ဖြစ်ကြသည်။
လက်ရှိ အီရန် ပဋိပက္ခသည် ကမ္ဘာလုံးဆိုင်ရာ ယူရီးယားမြေသြဇာ ထောက်ပံ့မှု၏ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိကို ခြိမ်းခြောက်နေပြီး ဈေးနှုန်းများမှာလည်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း Bank of America ဘဏ်က သတိပေးခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 838
CNI International News
ဘေဂျင်း၊ မတ်လ ၁၉
တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပြည်ပနိုင်ငံများတွင် သတ္တုတွင်းတူဖော်ရေး စီမံကိန်းများအတွက် ဒေါ်လာ ၁၂၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုရင်းနှီးမြှုပ်နှံမှုများထဲတွင် လစ်သီယံနှင့် မြေရှားသတ္တုများလည်း ပါဝင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန့်စင်သည့် စွမ်းအင်အသုံးပြုမှုကို မြင့်တက်စေခဲ့သည်ဟု ဩစတြေးလျအခြေစိုက် ရာသီဥတုနှင့် စွမ်းအင်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့(CEF)က မတ်လ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
တရုတ်၏ သယံဇာတများနှင့် သန့်စင်သည့် နည်းပညာကဏ္ဍတွင် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် ကမ္ဘာပေါ်ရှိ သယံဇာတကြွယ်ဝသော နေရာတိုင်းကို ရောက်ရှိလာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ကူးပြောင်း မှုအတွက် မောင်းနှင်အား တစ်ခုဖြစ်လာခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
တရုတ်၏ သန့်စင်သည့် နည်းပညာကဏ္ဍကို လွန်ခဲ့သည့် ဆယ်စုနှစ် ၂ စုအတွင်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်အတွင်း စီးပွားရေးအတွက် ယွမ် ၁၅ ဒသမ ၄ ဘီလျံခန့် ဝင်ငွေရရှိခဲ့သည်ဟု ဖင်လန်နိုင်ငံ ဟဲလ်ဆင်ကီး (Helsinki) မြို့တော် အခြေစိုက် စွမ်းအင်နှင့်သန့်စင်သည့် လေထုဆိုင်ရာ သုတေသနစင်တာက ထုတ်ပြန်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တု သန့်စင်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း၊ ဘက်ထရီနှင့် စက်ဆပ်ပစ္စည်းများ ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းနှင့် လစ်သီယံ ထုတ်လုပ်မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို တရုတ်တွင် ပြုလုပ် ခြင်းဖြစ်သည်ဟု CEF က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် သယံဇာတနှင့် စွမ်းဆင်ဆိုင်ရာ သံတမန်ဆက်ဆံရေး ပုံစံတစ်ခုကို တွန်းအားပေး လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ထိုဆက်ဆံရေး ပုံစံသစ်သည် တရုတ်၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ရင်းနှီးမြှုပ်နှံမှုများ နေရာကို အစားထိုး ဝင်ရောက်လာသည်ဟုလည်း ဆိုသည်။
၁၃ နှစ် သက်တမ်းရှိပြီဖြစ်သည့် BRI စီမံကိန်းသည် တရုတ်နိုင်ငံကို ဗဟိုပြုပြီး အခြေခံ အဆောက်အအုံ ကွန်ရက်မှတဆင့် မိတ်ဖက်နိုင်ငံပေါင်း ၁၅၀ ခန့်နှင့် ချိတ်ဆက်ထားသည်။
ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံနေသည့် တရုတ်ကုမ္ပဏီများသည်လည်း သက်ဆိုင်ရာ အစိုးရများနှင့် ပူးပေါင်းပြီး အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်မှု၊ ဆိပ်ကမ်းများကဲ့သို့ အခြေခံ အဆောက်အအုံများ တည်ဆောက်မှုတို့ ပြုလုပ်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
Source: South China Morning Post
- By CNI
- Category: စီးပွားရေး
- Hits: 1016
CNI International News
ဘေဂျင်း၊ မတ်လ ၅
အီရန်နိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၏ ရေနံနှင့် ဆက်စပ် ရှယ်ယာများသည် ပုံမှန်မဟုတ်ဘဲ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် တရုတ်နိုင်ငံ၏ အကြီးဆုံး စွမ်းအင်ကုမ္ပဏီကြီးအချို့ အပါအဝင် ဒါဇင်နှင့်ချီသော ကုမ္ပဏီများက ၎င်းတို့၏ ရှယ်ယာဈေးနှုန်းများ ပုံမှန်မဟုတ်သည့် လှုပ်ခတ်မှုများရှိနေကြောင်း သတိပေးချက်များ ထုတ်ပြန် ခဲ့ရသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီကြီး ၃ ခုဖြစ်သော Petro China (CNPC)၊ Sinopec နှင့် CNOOC တို့သည် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၃ ရက်အတွင်း ရှယ်ယာဈေးနှုန်း ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သဖြင့် ပုံမှန် မဟုတ်သော ရှယ်ယာလှုပ်ခတ်မှုအဖြစ် သတ်မှတ်ကာ ရင်းနှီးမြှုပ်နှံသူများကို သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ထိုကုမ္ပဏီကြီးများက ၎င်းတို့၏ လက်ရှိ ရေနံထုတ်လုပ်မှုနှင့် စီးပွားရေး လုပ်ငန်းများမှာ ပုံမှန်အတိုင်း လည်ပတ်နေ သော်လည်း ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် နိုင်ငံတကာ ရေနံဈေးကွက်သည် မရေရာမှုများ အလွန်မြင့်မား နေကြောင်း ပြောကြားခဲ့သည်။

အီရန် ရေနံကို သရုပ်ပြထားစဉ်
PetroChina ၏ ရှယ်ယာဈေးနှုန်းမှာ ယခုနှစ်အတွင်း ၂၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး ကုမ္ပဏီ၏ စုစုပေါင်း တန်ဖိုးမှာ တရုတ်ယွမ် ၂ ဒသမ ၄ ထရီလျံအထိ ရှိလာခဲ့သည်။
သို့သော်လည်း မတ်လ ၄ ရက်တွင် ဟောင်ကောင်ဈေးကွက်၌ Sinopec နှင့် Petro China ရှယ်ယာများ ၄ ရာခိုင်နှုန်းကျော် ပြန်လည် ကျဆင်းသွားခဲ့ပြီး ဈေးကွက်မှာ အလွန်အမင်း မတည်မငြိမ် ဖြစ်နေသည်။
ရေနံတင်သင်္ဘော လုပ်ငန်းတစ်ခုဖြစ်သည့် Sinotrans Shipping ကလည်း ၎င်းတို့၏ ရှယ်ယာများ အဆမတန် မြင့်တက်နေခြင်းသည် ဈေးကွက်၏ လှုပ်ရှားမှုနှင့် အခြေအမြစ်မရှိသော ခန့်မှန်းချက်များကြောင့် ဖြစ်နိုင်ကြောင်း၊ ပါရှန်းပင်လယ်ကွေ့ လမ်းကြောင်းပေါ်ရှိ သင်္ဘောများသည် ဘေးကင်းလုံခြုံရေးအရ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သတိပေးခဲ့သည်။
တရုတ် စတော့အိတ်ချိန်း၏ စည်းမျဉ်းများအရ ရှယ်ယာဈေးနှုန်းသည် ရက်ပိုင်းအတွင်း အတက်အကျ ၂၀ ရာခိုင်နှုန်း ကျော်သွားခဲ့မည်ဆိုပါက ကုမ္ပဏီများအနေဖြင့် ပုံမှန်မဟုတ်သည့် လှုပ်ခတ်မှုအဖြစ် အများပြည်သူကို သတိပေးရမည်ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 1650
CNI International News
ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၉
ဆီးရီးယားအစိုးရသစ်နှင့် ဆော်ဒီတို့သည် စွမ်းအင်၊ ဆက်သွယ်ရေး၊ လေကြောင်းနှင့် အိမ်ခြံမြေ ကဏ္ဍများတွင် လုပ်ကိုင်မည့် အဓိကရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များကို ဖေဖော်ဝါရီ ၇ ရက်က လက်မှတ်ရေး ထိုးခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဆီးရီးယား၏ ဒမတ်စကတ်(Damascus) မြို့တော်တွင် လက်မှတ် ရေးထိုးခဲ့သော ဒေါ်လာ ဘီလျံချီ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ၌ အဓိက ဆက်သွယ်ရေး စီမံကိန်းတစ်ခု၊ တန်ဖိုးနည်း ဖက်စပ်လေကြောင်း လိုင်း တစ်ခုနှင့် ဆီးရီးယားမြောက်ပိုင်းရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတို့ ပါဝင်သည်။
“ဒမတ်စကတ်မှာ ကျနော်တို့ ရောက်ရှိနေတာဟာ ကျနော်တို့ နှစ်နိုင်ငံကြား ဘုံအနာဂတ်တစ်ခု တည်ဆောက်မယ့် မျှော်မှန်းချက်ကို ထင်ဟပ်စေပါတယ်” ဟု ဆော်ဒီရင်းနှီးမြှုပ်နှံမှုဝန်ကြီး ခါလစ်အယ်လ်ဖာလီ (Khalid al-Falih) က ပြောကြားခဲ့သည်။
ဆော်ဒီအနေဖြင့် ဆီးရီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း၊ ဆီးရီးယား မြောက်ပိုင်း အလက်ပို (Aleppo) မြို့ရှိ လေဆိပ်နှစ်ခုကို အဆင့်ဆင့် အကောင်အထည်ဖော်မှု တိုးတက်လာစေရန် အတွက် ဆော်ဒီသုံး ငွေကြေး ရီယယ် ၇ ဒသမ ၅ ဘီလျံ (ယူရို ၁ ဒသမ ၇ ဘီလျံ သို့မဟုတ် ဒေါ်လာ ၂ ဘီလျံ) ကို အသုံးပြု သွားမည်ဖြစ်ကြောင်း အယ်လ်ဖာလီက ပြောကြားခဲ့သည်။

ဆော်ဒီနဲ့ ဆီးရီးယား အစိုးရခေါင်းဆောင်များကိုတွေ့ရစဉ်
ထိုရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေသည် ဆော်ဒီ၏ ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများ ပါဝင်သည့် ဆီးရီးယားနိုင်ငံရှိ အကြီးစား စီမံကိန်းများကို ဘဏ္ဍာငွေ ပံ့ပိုးပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်လာ ၁ ဘီလီယံနီးပါး တန်ဖိုးရှိသော ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ၁၈ လမှ ၂၄ လအထိ ကြာမြင့်မည့် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဟု ဆီးရီးယား ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး အဗ္ဗဒူဆလမ် ဟေကယ်လ် (Abdulsalam Haykal) က ပြောကြားခဲ့သည်။
လေကြောင်းကဏ္ဍနှင့် ပတ်သက်ပြီး ဆော်ဒီအခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်သည့် ဖလိုင်း-နားစ် (flynas)နှင့် ဆီးရီးယား အရပ်ဘက်လေကြောင်း အာဏာပိုင်တို့သည် ဖလိုင်း-နားစ် ဆီးရီးယား(flynas Syria)ဟု အမည်ပေးထားသည့် လေကြောင်းလိုင်းသစ်တစ်ခု တည်ထောင်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ ကြသည်။
ထိုဖက်စပ် လေကြောင်းလိုင်းတွင် ဆီးရီးယားဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဖလိုင်း-နားစ်ဘက်မှ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုများကို ၂၀၂၆ ခုနှစ် နှောင်းပိုင်း၌ စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ဖလိုင်း-နားစ်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
Source: DW
- By CNI
- Category: စီးပွားရေး
- Hits: 1739
CNI International News
အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၅
ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာတွင် ကုန်ကျစရိတ်သည် အိမ်နီးချင်း နိုင်ငံများထက် ၃ ပုံ ၁ ပုံခန့် (၃၄ ရာခိုင်နှုန်း) ပိုမိုမြင့်မားနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် ပုဂ္ဂလိက သုတေသန စစ်တမ်းများကို ကိုးကား ပြီး Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုကုန်ကျစရိတ် ကွာဟမှုကြောင့် လူငယ်များကို ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်မည့်အစား လခစား ဝန်ထမ်းများ အဖြစ်သာ လုပ်ကိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။
ပြီးခဲ့သည့်လက ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များကို ကိုယ်စားပြုသည့် ပါကစ္စတန် စီးပွားရေး (PBF) ၏ တွေ့ရှိချက်အရ ပါကစ္စတန်တွင် စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်ရန် အိမ်နီးချင်း တောင်အာရှနိုင်ငံများထက် ၃၄ ရာခိုင်နှုန်း ပိုမိုကုန်ကျကြောင်း သိရသည်။
ထိုလေ့လာ တွေ့ရှိချက်များကို PBF ၏ စည်းရုံးရေးမှူး အာမက် ဂျာဝက် (Ahmed Jawad) က Nikkei Asia နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုလေ့လာ တွေ့ရှိချက်များသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ စုဆောင်း ကောက်ခံထားသော စက်မှုကဏ္ဍ ဆိုင်ရာ အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်ကြောင်း ဂျာဝက်က ပြောကြားခဲ့သည်။

ပါကစ္စတန် ငွေကြေးကို တွေ့ရစဉ်
ကုန်ကျစရိတ်များကို မြင့်တက်စေသည့် အဓိက အကြောင်းအရင်းများမှာ အဆောက်အအုံဆိုင်ရာ အကြောင်းအရင်းများကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။
“စက်သုံးဆီအပေါ် ကောက်ခံတဲ့ အခွန်တွေက မြင့်မားနေဆဲဖြစ်ပြီး စက်သုံးဆီ တစ်လီတာကို ရေနံဖွံ့ဖြိုးရေး အခွန်အနေနဲ့ ရူပီး ၈၀ လောက် အပိုပေးဆောင်နေရပါတယ်။ ဒါ့ပြင် ဘဏ်ချေးငွေ အတိုးနှုန်းတွေကလည်း ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင်မှာ ရှိနေပြီး ဒေသတွင်းနိုင်ငံတွေရဲ့ အတိုးနှုန်း ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းနဲ့ ယှဉ်ရင် ၂ ဆနီးပါး မြင့်မားနေပါတယ်” ဟု ဂျာဝက်က ပြောကြားခဲ့သည်။
ထို့ပြင် မီတာခများမှာလည်း ဒေသတွင်း နိုင်ငံများတွင် ပျမ်းမျှ ၁၇ ရူပီးသာ ရှိသော်လည်း ပါကစ္စတန်တွင်မူ တစ်ယူနစ်လျှင် ၃၄ ရူပီး ခန့်အထိ ရှိနေကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံသုံး ငွေကြေးဖြစ်သည့် ရူပီးတန်ဖိုး သိသိသာသာ ကျဆင်းသွားခြင်းကြောင့် သွင်းကုန်စရိတ်များကို ပိုမိုကြီးမားစေခဲ့သည်ဟု ၎င်းကဆိုသည်။
“ကုမ္ပဏီတွေအပေါ်မှာ ကောက်ခံတဲ့ အခွန်နှုန်းထားဟာ ၅၅ ရာခိုင်နှုန်းအထိ ရှိနေနိုင်ပြီး ဒါဟာ ဒေသတွင်း တခြားနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေနဲ့ ယှဉ်ရင် သိသိသာသာကြီးကို ပိုများနေတာပါ”ဟု ဂျာဝက်က Nikkei Asia သတင်းဌာနသို့ ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 1494
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်းများအပေါ် စည်းကြပ် ကောက်ခံထားသည့် ကုန်သွယ်ခွန်နှုန်းထားကို ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးမည့် ကုန်သွယ် ရေး သဘောတူညီချက်ကို ဖေဖော်ဝါရီ ၂ ရက်က ကြေညာခဲ့သည်။
သို့သော် အပြန်အလှန်အားဖြင့် အိန္ဒိယသည် ရုရှားထံမှ ရေနံဝယ်ယူမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ကုန်သွယ်ရေး ဆိုင်ရာ တားမြစ်ကန့်သန်ချက်များကို လျှော့ချပေးရမည်ဖြစ်သည်။
ထရမ့်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ပြီးနောက် သဘော တူညီချက်ကို လူမှုမီဒီယာမှတဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး အိန္ဒိယသည် ရေနံကို အမေရိကန်နှင့် ဗင်နီဇွဲလားထံမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခင်က အိန္ဒိယသည် ရုရှားထံမှ ရေနံ ဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်က အရေးယူသည့် အနေဖြင့် ချမှတ် ထားသော ၂၅ ရာခိုင်နှုန်း ကုန်သွယ်ခွန်ကို ပြန်လည် ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ထိုကုန်သွယ်ခွန်သည် ယခင်ကတည်းက ကောက်ခံထားသည့် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းသော အပေါ် ထပ်ဆင့် ပေါင်းထည့်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အမေရိကန် စတော့ဈေးကွက်တွင် စာရင်းဝင် ထားသည့် အိန္ဒိယကုမ္ပဏီကြီးများ၏ ရှယ်ယာဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်သွားခဲ့သည်။
အိုင်တီ (IT) အတိုင်ပင်ခံလုပ်ငန်းဖြစ်သော Infosys ၏ ရှယ်ယာသည် ၄ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ဈေးပိတ်ခဲ့ပြီး၊ Wipro အတိုင်ပင်ခံ လုပ်ငန်း၏ ရှယ်ယာစျေးမှာ ၆ ဒသမ ၈ ရာခိုင်နှုန်း၊ HDFC ဘဏ်၏ ရှယ်ယာစျေးမှာ ၄ ဒသမ ၄ ရာခိုင်နှုန်းနှင့် iShares MSCI India ၏ ရှယ်ယာစျေးမှာ ၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ အနေဖြင့် ကျောက်မီးသွေး အပါအဝင် အမေရိကန်၏ စွမ်းအင်များကို ဒေါ်လာဘီလျံ ၅၀၀ ကျော်ဖိုး ဝယ်ယူသွားမည့်အပြင် နည်းပညာ၊ စိုက်ပျိုးရေးနှင့် အခြားကုန်ပစ္စည်းများကိုလည်း အမေရိကန် ထုတ်ကုန်များကိုသာ ပိုမိုအားပေးဝယ်ယူမည်ဟု မိုဒီက ကတိပြုခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
“အိန္ဒိယအနေနဲ့လည်း အမေရိကန်အပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ခွန် နှုန်းထားတွေနဲ့ တားမြစ် ကန့်သတ်ချက် တွေကို သုညအထိ လျှော့ချသွားဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 1905
CNI International News
နယူးဒေလီ၊ ဇန်နဝါရီ ၂၈
အိန္ဒိယနှင့် ဥရောပသမဂ္ဂ (အီးယူ)တို့သည် “သဘောတူညီချက် အားလုံး၏ မိခင်”ဟု သုံးနှုန်းဖော်ပြထားသည့် ကုန်သွယ်ရေး စာချုပ်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ ( Narendra Modi) က ဇန်နဝါရီ ၂၇ ရက်တွင် ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်သည် အိန္ဒိယအတွက် ၎င်း၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင် သော အီးယူနှင့် လွတ်လပ်စွာ ကုန်သွယ်နိုင်ရန် လမ်းပွင့်သွားခဲ့သည်။
“မနေ့က ဥရောပသမဂ္ဂနဲ့ အိန္ဒိယတို့အကြား ကြီးမားတဲ့ သဘောတူညီချက် တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေကတော့ ဒါကို "သဘောတူညီချက် အားလုံးရဲ့ မိခင်ကြီး" (Mother of all deals) လို့ ခေါ်နေကြပါတယ်။ ဒီသဘောတူညီချက်ဟာ အိန္ဒိယရဲ့ လူဦးရေ ၁ ဒသမ ၄ ဘီလျံနဲ့ ဥရောပက သန်းပေါင်းများ စွာသော ပြည်သူတွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေကို ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်” ဟု မိုဒီက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ်လအထိရှိခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနှင့် အီးယူကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၁၃၆.၅ ဘီလျံ ရှိခဲ့သည်။

အိန္ဒိယခံတပ်နီကို တွေ့ရစဉ်
အိန္ဒိယ-အီးယူ သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးမှုသည် ၅ လမှ ၆ လအထိ ကြာမြင့်နိုင်သည့် ဥပဒေကြောင်းအရ စိစစ်မှုများအပြီးတွင် စတင် အသက်ဝင်လာမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“ဒီသဘောတူညီချက်ကို တစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ထိုအိန္ဒိယအရာရှိက ဆက်လက် ပြောကြားခဲ့သည်။
ယခုသဘောတူညီချက်သည် ဥရောပသမဂ္ဂက တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ဖြစ်သော Mercosur နှင့် အရေးပါသော ပဋိညာဉ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဥရောပသမဂ္ဂသည် ပြီးခဲ့သည့် နှစ်ကလည်း အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဆွစ်ဇာလန်တို့နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိခဲ့သည်။
ထို့အတူ အိန္ဒိယနိုင်ငံကလည်း ဗြိတိန်၊ နယူးဇီလန်၊ အိုမန်နိုင်ငံတို့နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 1608
CNI International News
နယူးဒေလီ၊ ဇန်နဝါရီ ၂၇
အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့သည် ကာလကြာရှည် ညှိနှိုင်းခဲ့ရသည့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်(FTA)ကို လက်မှတ်ရေးထိုးရန် အလွန်နီးစပ်နေပြီဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၂၇ ရက်တွင် နယူးဒေလီ (New Delhi) မြို့တော်၌ ကျင်းပမည့် အိန္ဒိယ-အီးယူ ထိပ်သီး အစည်းအဝေးတွင် တရားဝင် ထုတ်ပြန်ကြေညာ ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးနောက် ဥရောပလွှတ်တော်၏ အတည်ပြုချက်ရယူရန် အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်နိုင်သည်။
အတည်ပြုသည့် လုပ်ငန်းစဉ်များ ပြီးမြောက်ပါက နှစ်နိုင်ငံကုန်သွယ်မှုကို သိသိသာသာ တိုးမြှင့်ပေးနိုင်မည်ဖြစ် သည်။

အိန္ဒိယအလံနဲ့ ဥရောပသမဂ္ဂအလံကို တွေ့ရစဉ်
အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နှောင်းပိုင်းမှစ၍ အမေရိကန်က ၅၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့် လိုက်ခြင်း ကြောင့် ထိခိုက်ခဲ့ရသည့် အိန္ဒိယ၏ အထည်အလိပ်နှင့် လက်ဝတ်ရတနာ ပို့ကုန်ကဏ္ဍကို ပြန်လည် ဦးမော့လာ စေမည်ဖြစ်သည်။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းက ဥရောပလွှတ်တော် အမတ်များသည် အီးယူ-တောင်အမေရိက (EU-South America) ကုန်သွယ်ရေးစာချုပ်ကို ဥရောပတရားရုံးချုပ်တွင် စောဒကတက်ရန် မဲခွဲဆုံးဖြတ်ခဲ့သဖြင့် ကုန်သွယ်ရေး စာချုပ်များ အတည်ပြုရာတွင် ကြန့်ကြာခြင်း သို့မဟုတ် ရှုပ်ထွေးမှုများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
ယခုကုန်သွယ်ရေး စာချုပ်သည် ပြီးခဲ့သည့် ၄ နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ၉ ခုမြောက် ကုန်သွယ်ရေး သဘောတူ ညီချက် ဖြစ်လာမည်ဖြစ်သလို ကမ္ဘာ့ကုန်သွယ်ရေးတွင် ပြည်တွင်း လုပ်ငန်းများကို ပြည်ပ၏ ယှဉ်ပြိုင်မှုအား ကာကွယ်ပေးသည့်စနစ် ပိုမိုအားကောင်းလာချိန်၌ ဈေးကွက်တစ်ခု ရရှိလိုသည့် အိန္ဒိယ၏ ကြိုးပမ်းမှုကို ထင်ဟပ် စေသည်။

အိန္ဒိယကုန်သွယ်ရေး နားလည်မှုလက်မှတ်ထိုးကြစဉ်
ဥရောပသမဂ္ဂ အတွက်မူ ယခုသဘောတူညီချက်သည် ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်ကို နယ်ပယ်အသီးသီး သို့ ခွဲထုတ်နိုင်ရန် အထောက်အကူပြုပြီး တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချ ပေးနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသော အိန္ဒိယ၏ ဒေါ်လာ ၄ ဒသမ ၂ ထရီလျံ တန်ဖိုးရှိသည့် စီးပွားရေး ဈေးကွက်အတွင်းသို့လည်း ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
ဥရောပသမဂ္ဂသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့နည်းတူ အိန္ဒိယ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများတွင် ပါဝင် ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ဥရောပသမဂ္ဂနှင့် အိန္ဒိယကြား ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍ၌ ကုန်သွယ်မှု တန်ဖိုး စုစုပေါင်း ဒေါ်လာ ၁၉၀ ဘီလျံ ကျော်ရှိခဲ့သည်။
အိန္ဒိယသည် အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂသို့ ဒေါ်လာ ၇၆ ဘီလျံ တန်ဖိုးရှိ ကုန်စည်များနှင့် ဒေါ်လာ ၃၀ ဘီလျံ တန်ဖိုးရှိသည့် ဝန်ဆောင်မှုများကို တင်ပို့နိုင်ခဲ့သည်။
Source: ရိုက်တာ
