- By CNI
- Category: စီးပွားရေး
- Hits: 791
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၁
အမေရိကန်အစိုးရယန္တရား ရပ်တန့်သွားဖွယ်ရှိသည့် အခြေအနေကြောင့် စက်တင်ဘာ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၌ ရွှေတစ်ယူနစ်လျှင် ဘတ် ၆၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် အစိုးရယန္တရား ရပ်တန့်ဖွယ်ရှိသည့် အခြေအနေနှင့် ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်နေချိန် ၌ ရင်းနှီးမြှုပ်နှံသူများသည် ဝယ်ပြီးပါက ဆုံးရှုံးခြင်းမရှိနိုင်သည့် ရွှေနှင့် ငွေချေးစာတိုက်များကို စိတ်ဝင်စားလာ သဖြင့် ထိုင်းရွှေစျေးများ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရွှေကုန်သည်များအသင်းက စက်တင်ဘာ ၃၀ ရက် အဖွင့်စျေးကို ဘတ် ၆၅၀ အထိ မြှင့်တင်ကြောင်း ကြေညာခဲ့ပြီး ရွှေတစ်ယူနစ်လျှင် ဘတ် ၅၈,၈၅၀ သို့ ရောက်ရှိခဲ့သည်။
နံနက် ၁၁ နာရီတွင်မူ ရွှေချောင်း ရောင်းဝယ်မှုများတွင် ရောင်းစျေး ဘတ် ၅၉,၃၀၀ ရှိခဲ့ပြီး ဝယ်စျေးမှာ ဘတ် ၅၉,၂၀၀ ရှိခဲ့သည်။
ရွှေထည်များ၏ စျေးနှုန်းများသည်လည်း ဝယ်စျေးသည် တစ်ယူနစ်လျှင် ၅၈,၀၁၇ ဒသမ ၃၂ ဘတ်နှင့် ရောင်းစျေး သည် တစ်ယူနှစ်လျှင် ဘတ် ၆၀,၁၀၀ ဒသမ ၅၀ အထိ စျေးရှိခဲ့သည်။

ထိုင်းရွှေတုံးကို တွေ့ရစဉ်
အမေရိကန်အစိုးရ၏ ဘတ်ဂျက်အစီအစဉ် မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေမှုကို ရင်းနှီးမြှုပ်နှံသူ များက စိုးရိမ်ခဲ့ကြသဖြင့် ရွှေစျေးများ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ရွှေကုန်သွယ်ရေးအဖွဲ့ MTS Gold Group ၏ ဥက္ကဋ္ဌ ဖြစ်သည့် ကရန်သက် တူရာကစ်ဂျ် (Krungthep Turakij) က ပြောကြားခဲ့သည်။
အမေရိကန်တွင် လွှတ်တော်က ဘတ်ဂျက်ကို အတည်မပြုခဲ့ပါက အစိုးရလုပ်ငန်းများ ရပ်တန့်သွားမည်ဖြစ်ပြီး စျေးကွက် ကသောင်းကနင်း အခြေအနေအား ဖြစ်ပွားစေခဲ့ကာ ရွှေစျေးများ ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။
ကမ္ဘာ့ရွှေစျေးသည် စက်တင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၃၈၆၄ ဒသမ ၅၅ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများ မြင့်တက်လာခဲ့မှုနှင့်အတူ ရွှေသည် ဘေးကင်း လုံခြုံသည့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းအဖြစ် ၎င်း၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 694
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၂
ထိုင်းနိုင်ငံ၊ ချင်းမိုင် (Chiang Mai) မြို့တွင် တရုတ်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုများ လျော့ကျခဲ့သော်လည်း မြန်မာ၊ အမေရိကန်နှင့် ဥရောပရင်းနှီးမြှုပ်နှံသူများ၏ ကွန်ဒိုဝယ်ယူမှုများ မြင့်တက်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
မကြာသေးခင်က ချင်းမိုင်မြို့ရှိ ကွန်ဒိုများကို တရုတ်ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူမှု မြင့်တက်ခဲ့ပြီး တရုတ်သည် ပြည်ပဝယ်လိုအား စျေးကွက်၏ ကျောရိုးတစ်ခု ဖြစ်လာခဲ့သည်။
တစ်ချိန်က ချင်းမိုင်တွင် တရုတ်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှု နှုန်းထားသည် ပြည်ပနိုင်ငံသားများ၏ ကွန်ဒို ဝယ်ယူမှု စုစုပေါင်း၏ ၅၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) က အတည်ပြုခဲ့သည်။
သို့သော် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ထိုနှုန်းထားသည် လျော့ကျလာခဲ့သည်။
တရုတ်နိုင်ငံသားများသည် ထိုင်း၏ ကွန်ဒိုဝယ်ယူမှုတွင် ထိပ်ဆုံးနေရာ၌ ဆက်လက် ရပ်တည်နေသော်လည်း ဝယ်ယူမှု နှုန်းထားသည် ၃၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ထိုင်းအိမ်ခြံမြေကို တွေ့ရစဉ်
ထိုအချိန်အတောအတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုနှုန်းသည် ၄၂ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက် ခဲ့ကာ အမေရိကန်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုနှုန်းနှင့် တန်းတူဖြစ်လာခဲ့သည်။
ယခင်က အမေရိကန်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုနှုန်းသည် မြန်မာနိုင်ငံသားများထက် ၂၃ ဒသမ ၈ ရာခိုင်နှုန်း ပိုမို များပြားခဲ့သော်လည်း ယခုအခါတွင် တန်းတူဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဥရောပနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုများလည်း မြင့်တက်ခဲ့ပြီး အီတလီနိုင်ငံသားများက ၂၀၀ ရာခိုင်နှုန်း၊ နယ်သာလန်နိုင်ငံသာများက ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်လာခဲ့သည်။
သို့သော် ဩစတြေးလျ နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုနှုန်းသည် ၆၈ ဒသမ ၈ ရာခိုင်နှုန်း၊ အစ္စရေးနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုနှုန်း ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ထို့နောက် ယခင်က ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် အဆင့် ၇ နေရာ၌ ရှိခဲ့သည့် တောင်ကိုရီးယားသည်လည်း ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိတော့ပေ။
ထိုအပြောင်းအလဲများက ချင်းမိုင်၏ အိမ်ခြံမြေစျေးကွက်သည် နိုင်ငံတစ်နိုင်ငံတည်းအပေါ် မှီခိုခြင်း မရှိတော့သည့် အခြေအနေကို ဖော်ပြရာ ရောက်နေသည်။
"ဒီနေ့မှာ ချင်းမိုင်ရဲ့ အိမ်ခြံမြေ စျေးကွက်အပေါ် ပြည်ပရဲ့ ဝယ်လိုအားကို သုံးသပ်ကြည့်မယ်ဆိုရင် တစ်နိုင်ငံတည်း ကသာ လွှမ်းမိုးထားတာ မဟုတ်တော့ပါဘူး။ ချင်းမိုင်မှာ အခွင့်အလမ်းတွေ ရှိနေတာကို နိုင်ငံပေါင်းစုံက မြင်တွေ့ လာကြပါပြီ" ဟု REIC က ထုတ်ပြန်ခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 625
CNI International News
တိုကျို၊ စက်တင်ဘာ ၂၀
ကုန်သွယ်ရေး စစ်ပွဲများနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာသည့် အခြေအနေများက အိန္ဒိယနှင့် ဂျပန်ကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်တက်စေခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အထူးသဖြင့် အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ကျန်သည့် နိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးကို ကာကွယ်ရန်အတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လာခဲ့ကြသည်။
ကုန်သွယ်ခွန်များ တိုးမြှင့်မှု၊ ထောက်ပံ့ရေး ကွင်းဆက်များ ပြောင်းလဲမှု၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ များကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး တင်းမာမှုများလည်း မြင့်တက်နေသည်။
ဥပမာအားဖြင့် အမေရိကန်သည် အိန္ဒိယ အပါအဝင် အခြားကုန်သွယ်ဖက် နိုင်ငံများ၏ ပို့ကုန်များအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ကုမ္ပဏီအများစုသည် တရုတ်အပြင် အခြား စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်နိုင်ငံ ထက်ပိုပြီး စီပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နေသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ နုတ်ထွက်သွားသည့် ဂျပန်ဝန်ကြီးချုပ်ကိုတွေ့ရစဉ်
ဩဂုတ်လကုန်ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) နှင့် ဂျပန်ဝန်ကြီးချုပ် အီရှီဘာ (Ishiba) တို့သည် နှစ်နိုင်ငံ စီးပွားရေးနှင့်လုံခြုံရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။
ထိုသဘောတူညီချက်တွင် ထောက်ပံ့ရေးကွင်းဆက် ခိုင်မာစေရန်၊ ကာကွယ်ရေးကဏ္ဍ၊ သန့်ရှင်းသည့် စွမ်းအင်ကဏ္ဍ၊ AI နည်းပညာ၊ အာကာသစီမံကိန်းနှင့် အခြားနယ်ပယ်ကဏ္ဍများ ပါဝင်ခဲ့သည်။
ထို့ပြင် အိန္ဒိယနှင့် ဂျပန်တို့သည် လုပ်သားအင်အားနှင့် ကျောင်းသားများ အပါအဝင် နှစ်နိုင်ငံ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ရန် သဘောတူခဲ့ပြီး လာမည့် ၅ နှစ်အတွင်း နှစ်နိုင်ငံစလုံးမှ ကျောင်းသားများနှင့် အလုပ်သမား ၅ သိန်းခန့်ကို အပြန်အလှန် စေလွှတ်ပို့ဆောင်သွားရန် ရည်ရွယ်ထားသည်။
ဂျပန်တွင် သက်ကြီးပိုင်း လူဦးရေး များပြားလာသဖြင့် အလုပ်သမားအင်အား ပြတ်လပ်နေချိန်တွင် အိန္ဒိယ လူငယ်များအတွက် ဂျပန်၌ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခဲ့သည်။
ထို့ပြင် ဂျပန်ကုမ္ပဏီများကလည်း အိန္ဒိယ၏ ကုန်ထုတ်လုပ်ရေး၊ အခြေခံ အဆောက်အအုံ၊ နည်းပညာ အစရှိသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်နေသည်ဟု ဖော်ပြခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 537
CNI International News
လန်ဒန်၊ စက်တင်ဘာ ၁၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဗြိတိန်ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ဒေါ်လာ ၁၀ ဘီလျံ တန်ဖိုးရှိ စာချုပ်များ ချုပ်ဆိုဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် စက်တင်ဘာ ၁၆ ရက် ဗြိတိန်စံတော်ချိန် ညပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ထိုခရီးစဉ်သည် ထရမ့်အတွက် အမေရိကန်သမ္မတအဖြစ် ဗြိတိန်သို့ သွားရောက်သည့် ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။
လန်ဒန်သို့ ထရမ့် ရောက်ရှိမလာမီ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) နှင့် ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး ရေချယ် ရိဗ်စ် (Rachel Reeves) တို့သည် ပွဲဦးထွက် အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။
ထရမ့်သည် စက်တင်ဘာ ၁၇ ရက်တွင် ဗြိတိန်၏ ချားလ်စ်ဘုရင်ကြီးနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံကို တွေ့ရစဉ်
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ကမူ ထရမ့်နှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုသည် ဗြိတိန် အတွက် အကျိုးရှိစေလိမ့်မည်ဟု မျှော်လင့်ထားပြီး အမေရိကန်ထိပ်သီး အရာရှိများကလည်း ထရမ့်၏ ခရီးစဉ် အတွင်း စွမ်းအင်နှင့် နည်းပညာ အပါအဝင် ဒေါ်လာ ၁၀ ဘီလျံကျော် တန်ဖိုးရှိသည့် သဘောတူ စာချုပ်များကို ကြေညာသွားလိမ့်မည်ဟု ပြောကြားခဲ့သည်။
"အခုလို သမိုင်းဝင်တဲ့ ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်ဟာ အမေရိကန်နှင့် ဗြိတိန်ကြားက အထူးဆက်ဆံရေးကို ပြန်လည်ဆန်းသစ်စေပြီး အလေးထားဖော်ပြရာ ရောက်ပါလိမ့်မယ်" ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။
ထရမ့်၏ ခရီးစဉ်နှင့်အတူ တစ်ချိန်တည်းမှာပင် ဗြိတိန်သို့ သွားရောက်မည့် အမေရိကန် စီးပွားရေး အလုပ်အမှု ဆောင်များ ကိုယ်စားလှယ်အဖွဲ့တွင် Nvidia Corp ၏ စီအီးအို ဂျန်ဆန်ဟွမ် (Jensen Huang) နှင့် OpenAI ၏ စီအီးအို ဆမ် အတ်မန်း (Sam Altman) တို့ အပါအဝင် အခြားစီးပွားရေး လုပ်ငန်းရှင်များကလည်း အစည်းအဝေး ကို တက်ရောက်မည်ဖြစ်သည်။
ထရမ့်သည် ပထမသက်တမ်း ကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လကလည်း ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်ဖြင့် သွားရောက်ခဲ့ပြီး ထိုအချိန်က ဗြိတိန်၏ ဒုတိယမြောက် အဲလိဇဘတ်သ် ဘုရင်မကြီး (Queen Elizabeth II) နှင့် တွေ့ဆုံခဲ့သည်။
ထို့ကြောင့် ယခုခရီးစဉ်သည် ထရမ့်အတွက် သမ္မတအဖြစ် ဗြိတိန်သို့ သွားရောက်သည့် ဒုတိယမြောက် နိုင်ငံတော် ခရီးစဉ်ဖြစ်ကာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ၆ နှစ်အတွင်း ဗြိတိန်သို့ သွားရောက်သည့် ပထမဆုံးနိုင်ငံတော် ခရီးစဉ် လည်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 901
CNI International News
ဘေကျင်း၊ စက်တင်ဘာ ၈
တရုတ်နိုင်ငံတွင် နေအိမ်အခြေပြု စီးပွားရေးလုပ်ငန်း (homestay industry) သည် မကြာသေးမီ နှစ်များအတွင်း လျင်မြန်စွာ ပျံ့နှံ့ကာ မြင့်တက်လာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
homestay industry သို့မဟုတ် homestay business ဆိုသည်မှာ နိုင်ငံအတွင်းသို့ လာရောက်သည့် ခရီးသွား ဧည့်သည်များကို ဒေသခံများက ၎င်းတို့၏ နေအိမ်တွင် အခန်းတစ်ခန်း သို့မဟုတ် နေရာတစ်နေရာ ငှားရမ်းပြီး တည်းခို နေထိုင်ခွင့် ပေးခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်အထိ ထိုကဲ့သို့ နေအိမ်အခြေပြု စီးပွားရေးလုပ်ငန်း မှတ်ပုံတင်မှုသည် ၃၃၁,၀၀၀ ကျော်အထိ ရှိခဲ့ သည်ဟု Travel and Tour World ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုကဲ့သို့ မှတ်ပုံတင်ထားသည့် နေအိမ်အခြေပြု စီးပွားရေးလုပ်ငန်း (အိမ်ခန်းငှားမှု) စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ကျော်သည် လွန်ခဲ့သည့် ၃ နှစ်အတွင်းက ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး စျေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာစေခဲ့ သည်။

တည်းခိုရေး ဝန်ဆောင်မှုပေးနေစဉ်
ထို့ကြောင့် ၂၀၂၅ ခုနှစ် နွေရာသီတွင် တရုတ်၏ ဟိုတယ်လုပ်ငန်း၌ အခန်းများ ငှားရမ်းမှုသည် သိသာစွာ ကျဆင်း သွားခဲ့ပြီး ပြီးခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်ဟု China Travel News ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
သို့သော် တရုတ်သို့ ရောက်ရှိလာသည့် ခရီးသွားများမှာ လျော့ကျ မသွားသဖြင့် ဟိုတယ်တွင် တည်းခိုမှုနှင့် နေအိမ် များတွင် အခန်းငှားပြီး တည်းခိုမှုတို့ကြား ပြိုင်ဆိုင်မှု မြင့်တက်လာခဲ့သည်။
ကျေးလက် ဒေသများရှိ နေအိမ်အခြေပြု စီးပွားရေးလုပ်ငန်း ၈၁,၀၀၀ ကျော်သည် မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခံခဲ့ ရပြီး ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

နေအိမ်အခြေပြု တည်းခိုရေးကိုတွေ့ရစဉ်
ထို့ကြောင့် မြို့ပြဒေသနှင့် ကျေးလက်ဒေသ အိမ်ခန်း ငှားရမ်းသူများသည် အခြေအနေကို စိတ်ပျက်လာကြပြီး စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲပြီး အန္တရာယ်များလာကြောင်း ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ပြည်တွင်း ခရီးသွားလာမှုများက ထိုအခြေအနေကို ပြန်လည်နာလန်ထူစေခဲ့ပြီး ၂၀၂၃ ခုနှစ် အတွင်း ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းတွင် ဘွတ်ကင်င်ယူမှုသည် ၂၀၂၃ ခုနှစ်သည် ၂၀၁၉ ခုနှစ်ကထက် ၂ ဒသမ ၆ ဆခန့် မြင့်တက်ခဲ့သည်။
ထို့ပြင် ၂၀၂၃ ခုနှစ်တွင် နေအိမ်များတွင် အခန်းငှားပြီး တည်းခို နေထိုင်မှုနှုန်းသည် ၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၅ နှစ်အတွင်း အမြင့်ဆုံး နှုန်းထားဖြစ်ခဲ့သည်။
ခရီးသွားအများစုက ဟိုတယ်များတွင် တည်းခိုခြင်းထက် ဒေသခံများ၏ နေအိမ်များ၊ လယ်ကွင်းများ ထွန်ယက် စိုက်ပျိုးမှုကဲ့သို့ တမူထူးခြားသည့် အတွေ့အကြုံများကို ရယူလိုသည့်အတွက် homestay ဟုခေါ်သည့် ဒေသခံ များ၏ နေအိမ်များတွင်သာ အခန်း ငှားနေထိုင်ရန် ဦးစားပေးလာခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
Source: South China Morning Post
- By CNI
- Category: စီးပွားရေး
- Hits: 821
CNI International News
တိုကျို၊ စက်တင်ဘာ ၆
တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးထားသည့် မြေရှားသတ္တုတူးဖော်ရေး Shenghe Resources Holding ကုမ္ပဏီသည် ဩစတြေးလျ မြေရှားတူးဖော်ရေးကုမ္ပဏီဖြစ်သော Peak Rare Earths ကုမ္ပဏီကို အလုံးစုံ လွှဲပြောင်းရယူရန်အတွက် ရှယ်ယာစျေးနှုန်းများကို ၂၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ကမ်းလှမ်း ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
မေလက Shenghe ကုမ္ပဏီသည် Peak ကုမ္ပဏီကို စျေးကွက်တန်ဖိုး ဩစတြေးလျဒေါ်လာ သန်း ၁၅၀ အပြင် ခံစားရပိုင်ခွင့် ငွေကြေးအဖြစ် ဩစတြေးလျဒေါ်လာ ၇ သန်းခွဲဖြင့် ကမ်းလှမ်းခဲ့ပြီး ရှယ်ယာတစ်ခုအတွက် ငွေကြေး အဖြစ် ဩစတြေးလျဒေါ်လာ ၀ ဒသမ ၃၆ ဒေါ်လာ ကမ်းလှမ်းခဲ့သည်။
စက်တင်ဘာ ၅ ရက်တွင်မူ Shenghe ကုမ္ပဏီက ရှယ်ယာတစ်ခုအတွက် အနိမ့်ဆုးငွေကြေး ဩစတြေးလျဒေါ်လာ ၀ ဒသမ ၄၄၃ အထိ တိုးမြှင့်ပေးခဲ့သည်။
ထိုပမာဏအရ ယခင် အဆိုပြုချက်နှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး ငွေကြေးပမာဏ ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည်။
ထို့ကြောင့် ယခင် အဆိုပြုချက်တွင် Peak ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးနှင့် ခံစားရရှိပိုင်ခွင့် ငွေကြေး စုစုပေါင်းသည် ဩစတြေးလျဒေါ်လာ ၁၅၈ သန်းနီးပါးရှိခဲ့ရာမှ ယခုအဆိုပြုချက်တွင် ဩစတြေးလျဒေါ်လာ ၁၉၅ သန်းအထိ ရောက်ရှိလာစေခဲ့သည်။

သတ္တုတူးဖော်နေစဉ်
ကမ်းလှမ်းချက် အသစ်အရ ရှယ်ယာရှင်များသည် စက်တင်ဘာ ၄ ရက်တွင် ပိတ်သည့် ရှယ်ယာစျေးနှုန်းများထက် အထူးခံစားခွင့် ၃၂ ရာခိုင်နှုန်းကို ပိုမိုရရှိမည်ဖြစ်သည်။
Shenghe ကုမ္ပဏီကမူ ၎င်းတို့၏ ယခုကမ်းလှမ်းချက်သည် အကောင်းဆုံးဖြစ်ပြီး နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Peak ကုမ္ပဏီ လွတ်လပ်သည့် ဘုတ်အဖွဲ့ ကော်မတီက ထိုကမ်းလှမ်းချက်ကို တညီတညွတ်တည်း ထောက်ခံခဲ့ ကြပြီး ရှယ်ယာရှင်များအတွက် အကောင်းဆုံး အကျိုးအမြတ်များကို ရရှိစေလိမ့်မည်ဟု သုံးသပ်ထားကြသည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 656
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၁
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှု ၃၀ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းဘတ်ငွေ ၂၈ ဒသမ ၇၁ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း ပေါင်း ၇၁၆၇ ခန်းကို ပြည်ပဝယ်သူများထံ ပိုင်ရှင်အမည်ပေါက်ဖြင့် လွှဲပြောင်းပေးခဲ့သည်။
ထိုကွန်ဒိုများ၏ ၈၀ ကျော်သည် ဘန်ကောက် (Bangkok) နှင့် ချောင်ဘူရီ (Chon Buri) တွင် စုစည်းထားကြောင်း အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ(REIC)က ထုတ်ပြန်ခဲ့သည်။
တရုတ်သည် ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေသော်လည်း ဝယ်ယူမှုနှုန်း သည် အရှိန်လျော့သွားခဲ့သည်ဟု ဆိုသည်။
ယခုနှစ်၏ ပထမခြောက်လတာ ကာလအတွင်း တရုတ်သည် ကွန်ဒိုယူနစ် ၈၉၉ ယူနစ်ကို အမည်ပေါက်ဖြင့် လွှဲပြောင်းဝယ်ယူခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၆ ဒသမ ၁၁ သန်း ရှိခဲ့သော်လည်း ထိုပမာဏသည် ယခင်နှစ်၏ တတိယနှင့် စတုတ္ထ သုံးလပတ် ကာလများနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခဲ့သည်ဟု ဆိုသည်။

ထိုင်းကွန်ဒိုများနဲ့မြန်မာအလံကို တွေ့ရစဉ်
၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ် ကာလတွင် ကွန်ဒိုလွှဲပြောင်း ရယူမှုနှုန်းသည် ၂၈ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့ ကြောင်း၊ ထိုအခြေအနေသည် တရုတ်၏ ပြည်တွင်းစီးပွားရေး အရှိန်နှေးကွေးနေမှုကြောင့် ပြည်ပတွင် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍအပေါ် သက်ရောက်နေသည့် လက္ခဏာကို ပြသနေသည်။
သို့သော် မြန်မာနိုင်ငံသည် ထိုင်း၏ ကွန်ဒိုများ ဝယ်ယူမှုသည် မျှော်မှန်းထားသည့် ပမာဏထက် ပိုမိုမြင့်တက်ခဲ့ သည်ဟု ဆိုသည်။
ဒုတိယသုံးလပတ် ကာလအတွင်း မြန်မာသည် ကွန်ဒို ၅၃၃ ယူနစ်ကို လွှဲပြောင်းဝယ်ယူခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၁ ဒသမ ၃၄ ဘီလျံရှိခဲ့ကာ ၃၀ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုင်းကွန်ဒိုကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် မကြာသေးမီက အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သဖြင့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အရေးပေါ် နေထိုင်ရန် အိမ်များကို ပိုမိုဝယ်ယူလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသားများသည် ချင်းမိုင်၊ ချောင်ဘူရီနှင့် ဘန်ကောက်တို့တွင် အဓိက ပြောင်းရွှေ့နေထိုင်ရန် ရွေးချယ်ခဲ့ ကြသည်ဟု ဆိုသည်။
ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု အများဆုံး ပြည်ပနိုင်ငံ ၁၀ နိုင်ငံ (၂၀၂၅ ခုနှစ် ပထမခြောက်လတာ ကာလအတွင်း)မှာ တရုတ် - ၈၉၉ ယူနစ်၊ မြန်မာ - ၅၃၃ ယူနစ်၊ ရုရှား - ၂၇၂ ယူနစ်၊ ထိုင်ဝမ် - ၁၈၁ ယူနစ်၊ ပြင်သစ် - ၁၇၀ ယူနစ်၊ အမေရိကန် -၁၂၄ ယူနစ်၊ ဗြိတိန် - ၁၀၈ ယူနစ်၊ ဂျာမနီ - ၁၀၈ ယူနစ်၊ အိန္ဒိယ - ၆၆ ယူနစ်၊ ဂျပန်- ၃၈ ယူနစ် တို့ဖြစ် သည်။
ထိုင်းနိုင်ငံ၏ ကွန်ဒိုစျေးကွက်တွင် ပြည်ပနိုင်ငံများ ပါဝင်မှုသည် ပိုမိုမြင့်တက်လာခဲ့သည်။
တရုတ်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှု လျော့ကျသွားခြင်းသည် ထိုင်း၏ ကွန်ဒိုစျေးကွက်ကို အားနည်းစေခဲ့ခြင်း မရှိဘဲ အာဆီယံနှင့် ဥရောပနိုင်ငံများအတွက် ထိုင်းကွန်ဒိုများ ဝယ်ယူမှုကို လမ်းဖွင့်ပေးရာ ရောက်ခဲ့ပြီး ထိုင်းတွင် ပြည်ပနိုင်ငံများ၏ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ပုံစံအသစ် ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 786
CNI International News
နယူးဒေလီ၊ ဩဂုတ် ၂၉
အိန္ဒိယ၏ ဆိုလာပြားများ တင်ပို့မှုအပေါ် အမေရိကန်က ကုန်သွယ်ခွန် တိုးမြှင့်နှင့် စုပုံတင်ပို့မှု တန်ပြန်သည့်အခွန် (anti-dumping duties) များ ကောက်ခံဖွယ်ရှိသည့် အလားအလာသည် လာမည့်နှစ်အတွင်း အိန္ဒိယ၏ဆိုလာပြား ထောက်ပံ့ရေး လုပ်ငန်းကို ပိုဆိုဆိုးရွား စေလိမ့်မည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အထူးသဖြင့် အိန္ဒိယတွင် ဆိုလာပြားများ အများအပြား ထုတ်လုပ်နေချိန်၌ ပြည်တွင်း ပရောဂျက်များ၏ ဝယ်လို အားများ နှေးကွေးနေသည့် အိန္ဒိယသည် ဆိုလာပြားများ စုပြုံပြီး ရောင်းမထွက်သော အခြေအနေနှင့် ရင်ဆိုင်ရ နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အိန္ဒိယ၏ ပို့ကုန်များအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်မှုသည် အိန္ဒိယ၏ ပြည်ပဈေးကွက်များသို့ ဆိုလာပြားများ ရောင်းချနေမှုကို ပိတ်ဆို့ရာ ရောက်လိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယက ဆိုလာပြား စက်ရုံကို တွေ့ရစဉ်
ထို့ပြင် အမေရိကန် ဆိုလာကုမ္ပဏီများ၏ လျှောက်ထားချက်အရ အချို့ ပို့ကုန်များအပေါ် အမေရိကန်က နောက်ထပ် စုပုံတင်ပို့မှု တန်ပြန်သည့်အခွန် ကောက်ခံမည်ဆိုပါက အိန္ဒိယဆိုလာလုပ်ငန်း၏ အခြေအနေသည် ပိုမိုဆိုးရွား လာမည်ဖြစ်သည်။
အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့၏ ပို့ကုန်အချို့ကို စုပုံတင်ပို့မှု တန်ပြန်အခွန် ကောက်ခံရန် စဉ်းစားနေသည်ဟု ဆိုသည်။
“ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်တာကပဲ တော်တော်ဆိုးနေပါပြီ။ နောက်ထပ် စုပုံတင်ပို့မှု တန်ပြန်အခွန်တွေ ဆက်ပြီး ကောက်ခံမယ်ဆိုရင် အမေရိကန်မှာ ဈေးကွက်ယှဉ်ပြိုင်ဖို့ ပိုမိုခက်ခဲလာပါလိမ့်မယ်”ဟု သန့်ရှင်းသည့် စွမ်းအင်အတိုင်ပင်ခံကုမ္ပဏီ (Mercom Capital) ၏ စီအီးအို ရာ့ဂျ် ပရာဘူ (Raj Prabhu) က ပြောကြားခဲ့သည်။

အိန္ဒိယထုတ် ဆိုလာပြားကို တွေ့ရစဉ်
ယခုနှစ် ဒုတိယ သုံးလပတ် ကာလအတွင်း အိန္ဒိယ၏ ဆိုလာစွမ်းအင် ထုတ်လုပ်ရေး ပရောဂျက်များနှင့် တင်ဒါ အသစ်များ ခေါ်ယူမှုသည် သိသိသာသာ နှေးကွေးသွားခဲ့ပြီး ကျွမ်းကျင်သူများကမူ ဆိုလာပြား ထုတ်လုပ်သူများ အနေဖြင့် စျေးကွက်၏ ဝယ်လိုအားကို သတိထား စောင့်ကြည့်ကြရန် တိုက်တွန်းထားသည်။
“၂၀၂၀ ခုနှစ်ကစပြီး အိန္ဒိယမှာ ဆိုလာပြားတွေဟာ ရောင်းချနိုင်တဲ့ ပမာဏထက် ထုတ်လုပ်တဲ့ ပမာဏက ပိုမို များပြားလာပါလိမ့်မယ်။ အမေရိကန်က စျေးကွက်ကို ဆုံးရှုံးရနိုင်ခြေတောင် ရှိလာပါလိမ့်မယ်” ဟု Wood Mackenzie ကုမ္ပဏီ၏ ကျွမ်းကျင်သူ ယူမာ ရစ်ချ်ကို (Yana Hryshko) က ပြောကြားခဲ့သည်။
အိန္ဒိယ၏ ဆိုလာပြား ထုတ်လုပ်သည့် စက်ရုံများသည် ယခင်ကတည်းက ဆိုလာပြား ထုတ်လုပ်မှုများကို လျှော့ချ ခဲ့ပြီး ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်း စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နေကြောင်း Premier Energies ကုမ္ပဏီ၏ ကုန်ထုတ်လုပ်ရေး လုပ်ငန်းအကြီးအကဲ ဗီနေး ရူစတာဂီ (Vinay Rustagi) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 783
CNI International News
ဟနွိုင်း၊ ဩဂုတ် ၂၈
ဗီယက်နမ်၏ တန်စတင် (tungsten) သတ္တုမိုင်းတွင်းနှင့် သတ္တုသန့်စင်သည့် စက်ရုံကို တရုတ်က ထိန်းချုပ် ဖွယ်ရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများမှ အရာရှိများ စိုးရိမ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုသို့ ဖြစ်လာမည်ဆိုပါက တရုတ်နိုင်ငံ ပြင်ပရှိ အရေးကြီးသည့် အဓိကသတ္တု အရင်းအမြစ်ကို ဝယ်ယူရန် အဟန့်အတား ဖြစ်လာနိုင်မည့် အရေးအား အမေရိကန်နှင့် အနောက်နိုင်ငံများက စိုးရိမ်နေခြင်း ဖြစ်သည်ဟု နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှု မြင့်တက်နေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ တန်စတင်သတ္တု (အဖြိုက်နက်)များ ထောက်ပံ့ရေးစျေးကွက်ကို လွှမ်းမိုးထားသည့် တရုတ်သည် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုအား တန်ပြန်သည့်အနေဖြင့် ထိုသတ္တုများ တင်ပို့ရောင်းချမှုကို ကန့်သတ်ဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဗီယက်နမ်၏ မိုင်းတွင်းကို တရုတ် ထိန်းချုပ်မည့်အရေး စိုးရိမ်
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ Nui Phao သတ္တုမိုင်းကို Masan စီးပွားရေးလုပ်ငန်းစု၏ လက်အောက်ခံ Masan High-Tech Materials ကုမ္ပဏီက ပိုင်ဆိုင်ထားသည်။ Masan စီးပွားရေးလုပ်ငန်းစုက ထိုသတ္တုမိုင်းတွင်းကို ရောင်းချရန် ဆန္ဒရှိနေကြောင်း သတင်းရင်းမြစ် ၅ ခုက ပြောကြားခဲ့သည်။
ထို့ကြောင့် တရုတ်ကုမ္ပဏီ ၂ ခုက ထိုသတ္တုတွင်း ဝယ်ယူရာတွင် အကျိုးဆောင်များအဖြစ် ကူညီပေးရန် အခြား ပြည်ပကုမ္ပဏီ ၂ ခုကို ချဉ်းကပ်ပြီး အကူအညီ တောင်းထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ခု က ပြောကြားခဲ့သည်။
ဗီယက်နမ်ကမူ အတိတ်ကာလက အလွန်အရေးကြီးသည့် လုပ်ငန်းများတွင် တရုတ်၏ ပါဝင်မှုကို ဟန့်တားခဲ့ သဖြင့် တရုတ်ကုမ္ပဏီများသည် ထိုသတ္တုတွင်းကို ဝယ်ယူရန် ကြိုးပမ်းရာ၌ အခက်တွေ့ဖွယ်ရှိနေသည်။
သို့သော် ဗီယက်နမ်သည် ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် တရုတ်ကို ငွေကြေး အများအပြား ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများကိုလည်း ပူးတွဲလုပ်ဆောင်ခဲ့သည်။

သတ္တုတစ်မျိုးကို တွေ့ရစဉ်
ရိုက်တာသတင်းဌာနသည် ယခု အကြောင်းအရာနှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ ၉ ဦးကို အင်တာဗျူး ပြုလုပ်ပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်။
သို့သော် ဗီယက်နမ်သည် သတ္တုမိုင်းတွင်း တစ်ခုလုံးကို ရောင်းချခြင်း သို့မဟုတ် သတ္တုမိုင်းနှင့် သတ္တုသန့်စင် စက်ရုံကို သီးခြားစီ ရောင်းချရန် စီစဉ်ထားခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပေ။
Masan ကုမ္ပဏီနှင့် ဟနွိုင်းမြို့တော်ရှိ အမေရိကန်သံရုံးတို့က ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေး ရန် ငြင်းဆိုခဲ့သည်။
ထို့ပြင် သတ္တုတွင်း လုပ်ငန်းများကို ကြီးကြပ်ရသည့် ဗီယက်နမ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း မှတ်ချက်ပေးရန် တောင်းခံမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။
Source: Reuters
- By CNI
- Category: စီးပွားရေး
- Hits: 730
CNI International News
နယူးဒေလီ၊ သြဂုတ် ၂၃
တရုတ်နှင့် အိန္ဒိယကြား ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟိမဝန္တာနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၃ ခုကို ပြန်ဖွင့်ခဲ့သည်ဟု India Today သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်မှုကြောင့် တိဘက်ဒေသ၏ စီးပွားရေးသည် ကြီးမား သည့် အခွင့်အလမ်းများ ပေါ်ပေါက်လာခဲ့ပြီး ဒေသတွင်း အာဏာအလှည့်အပြောင်းများ ဖြစ်လာစေနိုင်သည်။
ယခုသီတင်းပတ် အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ အိန္ဒိယခရီးစဉ်တွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်ဖွင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပြန်ဖွင့်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှာ ဟီမာချယ် ပရာဒေ့ရှ် (Himachal Pradesh) ပြည်နယ်ရှိ Shipki La Pass နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၊ ဥတ္တရာခမ်း(Uttarakhand) ပြည်နယ်ရှိ Lipulekh Pass နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ဆစ်ကင်မ် (Sikkim) ပြည်နယ်ရှိ Nathu La Pass နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့ ဖြစ်သည်။

တရုတ်-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို တွေ့ရစဉ်
ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကို ၂၀၂၀ ပြည့်နှစ်က COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများအား တားဆီးရန် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံကြား နယ်စပ်ဒေသ ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်မှုသည် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ယခုအခါမှ ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။
ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများသည် တိဘက်နှင့် အိန္ဒိယ နယ်စပ်ဒေသများကို ချိတ်ဆက်ထားပြီး တိဘက်တွင်မူ Shigatse၊ Lhasa နှင့် Nyingchi ဒေသတို့နှင့် ချိတ်ဆက်ထားသည်။
ထိုနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအနက် Shipki La Pass ကို ၁၉၉၅ ခုနှစ်၊ Lipulekh Pass ကို ၁၉၉၂ ခုနှစ်နှင့် Nathu La Pass ကို ၂၀၀၆ ခုနှစ်က တရားဝင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ အလုံးစုံ ကုန်သွယ်မှုများနှင့် မတူသည့်အချက်က ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများသည် အိန္ဒိယအတွက် တစ်ပန်းသာစေခဲ့ပြီး တိဘက်ဒေသမှ သွင်းကုန်များ ဝယ်ယူခြင်းထက် တိဘက်ဒေသကို ပို့ကုန်များ တင်ပို့ရောင်းချမှုက ပိုမိုများပြားခဲ့သည်။
ထိုနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုအနက် Nathu La Pass နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းက အဓိက အကျဆုံးဖြစ်ပြီး ကုန်သွယ်ရေးနှင့် လူဝင်မှုလုပ်ငန်းစဉ်များအတွက် ဆစ်ကငမ်ပြည်နယ် ချန်ဂူ (Changgu ) မြို့နှင့် တိဘက်ဒေသ၏ ရန်ချင်ဂန် (Renqinggang) မြို့ရှိ ဈေးများ၏ ထောက်ပံ့မှုကို ရရှိထားသည့် တစ်ခုတည်း သော လမ်းကြောင်းဖြစ်သည်။
Source: India Today
