
- By CNI
- Category: စီးပွားရေး
- Hits: 461
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ဆောင်ခလာ (Songkhla) ပြည်နယ်၊ ဆာဒါအို (Sadao) မြို့နယ်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်နှင့် မလေးရှားနိုင်ငံ၏ ဘူကစ် ကာယူဟီတမ် (Bukit Kayu Hitam) စစ်ဆေးရေးဂိတ်ကို ဆက်သွယ်ထားသည့် လမ်းကို ယခုနှစ်ပထမ ၃ လပတ် ကာလအတွင်း အပြီးသတ် ဖောက်လုပ်ရန် ဖေဖော်ဝါရီ ၁၈ ရက်က ညွှန်ကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ပေတုန်တန်သည် ဖေဖော်ဝါရီ ၁၈ ရက်က ဆောင်ခလာပြည်နယ်တွင် အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး နိုင်ငံတောင်ပိုင်းတွင်ရှိသည့် ထိုပြည်နယ်၌ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအချို့ကို စစ်ဆေးလေ့လာခဲ့သည်။
အမှတ် ၂ ဆာဒါအို နယ်စပ်စစ်ဆေးရေးဂိတ်သို့ သွားရောက်ချိန်အတွင်း ပေတုန်တန်သည် ၂၀၁၉ ခုနှစ်က စတင် ဆောက်လုပ်ခဲ့သည့် နယ်စပ်လမ်းဖောက်လုပ်မှုကို လေ့လာခဲ့ပြီး ထိုလမ်းဖောက်လုပ်မှုသည် မပြီးဆုံးသေးသဖြင့် ယာယီရပ်နားထားရဆဲဖြစ်သည်။
ဆောင်ခလာပြည်နယ် အုပ်ချုပ်ရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက နယ်စပ် ကုန်သွယ်ရေးနှင့် ခရီးသွား လာရေးကဏ္ဍကို မြှင့်တင်ရန်အတွက် ဘတ် ၉၈ သန်းတန် ဘတ်ဂျက်အောက်တွင် စစ်ဆေးရေးဂိတ်၌ လမ်းမ ၂ ခု ဖောက်လုပ်ရေးကို အတည်ပြုခဲ့သည်။
ပထမလမ်း စီမံကိန်းမှာ ထိုင်းနှင့် မလေးရှား၏ နယ်စပ်စစ်ဆေးရေးဂိတ် ၂ ခုကို ဆက်သွယ်မည့် မီတာ ၆၀၀ အရှည်ရှိသည့် လမ်းမတစ်ခု ဖောက်လုပ်ရေးဖြစ်ပြီး ဘတ် ၂၈ သန်း ဘတ်ဂျက်ဖြင့် ၆ လအတွင်း အပြီးသတ် တည်ဆောက်ရန် စီစဉ်ထားသည်။
မလေးနဲ့ထိုင်း ကုန်သွယ်ရေးလမ်းဖောက်မယ့် စီမံကိန်းကို ပြသထားစဉ်
ဒုတိယစီမံကိန်းမှာ နယ်စပ်စစ်ဆေးရေးဂိတ်နှင့် အမှတ် ၄ အဝေးပြေးလမ်းမကို ဆက်သွယ်မည့် ၁ ဒသမ ၁၅ ကီလိုမီတာ ရှည်လျားသည့် လမ်းတစ်ခု ဖောက်လုပ်ရန်ဖြစ်ပြီး ဘတ် ၇၀ သန်း ဘတ်ဂျက်ဖြင့် ၁ နှစ်အတွင်း အပြီးသတ် တည်ဆောက်ရန် စီစဉ်ထားသည်။
ပေတုန်တန်ကမူ ပထမလမ်းစီမံကိန်းကို ယခုနှစ် ပထမ ၃ လပတ် ကာလအတွင်း အပြီးဖောက်လုပ်ရန်နှင့် ဆောင်ခလာ-မလေးရှား နယ်စပ်လမ်းသစ်ကို ဖွင့်လှစ်ရန် ပြည်နယ်အာဏာပိုင်များကို အမိန့်ပေးခဲ့သည်။
ဆာဒါအိုစစ်ဆေးရေး စခန်းမှတဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဘတ် ၄၅၀ ဒသမ ၁၈ သန်း ရှိခဲ့ကြောင်း အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမ ၃ လပတ် ကာလဖြစ်သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွင် သွင်းကုန်တန်ဖိုး ဘတ် ၅၁ ဒသမ ၂၈ ဘီလျံရှိခဲ့ပြီး ပို့ကုန်တန်ဖိုး ဘတ် ၆၂
ဒသမ ၇၉ ဘီလျံရှိခဲ့ကာ ထိုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူကထက် ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Source: The Nation

- By CNI
- Category: စီးပွားရေး
- Hits: 458
CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉
အိန္ဒိယနှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ကုန်းလမ်းမှတဆင့် ပြန်လည်စတင်ရန် စီစဉ်နေ ကြောင်း Mokokchung Times မှ ဖော်ပြခဲ့သည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်နိုင်ရန်နှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများအကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် တိုးတက်မှုရှိခဲ့ကြောင်း၊ အထူးသဖြင့် အိန္ဒိယ၏ အရှေ့မြောက် ဒေသအတွက် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်ရန်စီစဉ်နေသည်။
ထိုတိုးတက်မှု အလားအလာသည် အိန္ဒိယ၏ Act East မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းနှင့် အိန္ဒိယ၏ ကိုးလ်ကတ္တား (Kolkata) ဆိပ်ကမ်းကို ရေလမ်းကြောင်းမှ ဆက်သွယ်ထားသော ကုလား တန် သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် ကောင်းသတင်းတစ်ခု ဖြစ်ခဲ့သည်။
ထိုအခြေအနေသည် မိုကော့ချန် (Mokokchung) မြို့တွင် လွန်ခဲ့သည့် ဆယ်စုနှစ်က ပေါ်ပေါက်ခဲ့သော သဘောထားအမြင်နှင့် လိုက်လျောညီထွေရှိစွာ ချိတ်ဆက်မှုရှိနေသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
အိန္ဒိယနဲ့မြန်မာ နယ်စပ်ဂိတ်ကိုတွေ့ရစဉ်
၂၀၁၂ ခုနှစ်က မိုကော့ချန် စက်မှုနှင့်ကုန်သည်ကြီးများအသင်း၏ ငွေရတု အထိမ်းအမှတ်ပွဲ အခမ်းအနားတွင် ထိုအချိန်က နာဂလန်းပြည်နယ်၏ တွဲဖက်အတွင်းရေးမှူးချုပ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နာ အလမ်တမ်ရှီ ဂျာမီယာ (Alemtemshi Jamir) က မိုကော့ချန်းမြို့၏ ပထဝီဝင်တည်နေရာအရ အားသာချက်ရှိမှုကို အလေးထား ပြောဆိုခဲ့သည်။
အထက်အာသံ (Upper Assam) နှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသည့် ကုန်းလမ်းများသည် မိုကော့ချန်းမြို့ကို ဖြတ်ပြီး ဖောက်လုပ်ထားခြင်းဖြစ်၍ ထိုမြို့သည် အဓိကကျသည့် ကုန်စည်ဖြတ်သန်းသည့် နေရာတစ်ခု ဖြစ်နေ ကြောင်း ဂျာမီယာက ပြောကြားခဲ့သည်။
အိန္ဒိယ-မြန်မာ စင်္ကြံလမ်းသည် ပိုမိုခိုင်မာလာသည့် လက်ရှိအချိန်အခါတွင် မိုကော့ချန်းမြို့သည် နှစ်နိုင်ငံအကြား ကုန်စည်များ စီးဆင်းမှုအတွက် သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေး ဆုံချက်တစ်ခု ဖြစ်လာနိုင်သည်။
အိန္ဒိယနဲ့မြန်မာ နယ်စပ်ပြန်ဖွင့်ရေးဆွေးနွေးကြစဉ်
မိုကော့ချန်းမြို့သည် မဟာဗျူဟာကျသည့် တည်နေရာကို ခြေကုပ်ယူပြီး အိန္ဒိယအရှေ့မြောက်ဒေသနှင့် အရှေ့ တောင်အာရှအကြား အဓိကချိတ်ဆက်မှု လမ်းကြောင်းတစ်ခု ဖြစ်လာစေရန် လုပ်ဆောင်နိုင်သည်။
အာသံပြည်နယ်နှင့် မိုကော့ချန်းမြို့၏ အနီးကပ် တည်ရှိမှုသည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများအတွက် အာသံပြည်နယ်ကို အဝင်အထွက်မုခ်ဝ တစ်ခုကဲ့သို့ ဖြစ်စေရန် အထောက်အကူပြုနေသည်။
ကုန်စည်သိုလှောင်သည့် ဂိုဒေါင်များ၊ သယ်ယူပို့ဆောင်ရေး စနစ်များနှင့် ကုန်သွယ်ရေးအထူးပြု လုပ်ငန်းများကဲ့သို့ အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် မိုကော့ချန်းမြို့သည် Tuensang ၊ Wokha နှင့် Zunheboto မြို့များကဲ့သို့ အနီးပတ်ဝန်းကျင်ရှိ မြို့များမှ စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်သည်။
ထို့ပြင် အသစ် အကောင်အထည်ဖော်ခဲ့သည့် ရူပီး-ကျပ်ငွေ ကုန်သွယ်ရေး အဆင်ပြေမှု ယန္တရားသည်လည်း ဒေသန္တရစီးပွားရေး လုပ်ငန်းများအတွက် နယ်စပ်ဖြတ်ကျော် ငွေလွှဲပြောင်းမှုများတွင် ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိစေမည်ဖြစ်သည်။
Source: Mokokchung Times

- By CNI
- Category: စီးပွားရေး
- Hits: 533
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ မြဝတီမြို့ရှိ တရားမဝင် စီးပွားရေးလုပ်ငန်းများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် ရန် တာ့ခ်(Tak’s)ပြည်နယ်၊ မဲဆောက် (Mae Sot ) ခရိုင်ရှိ ကုန်တင်/ကုန်ချ ဆိပ်ကမ်းတစ်ခုကို တာဝန်ယူ လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့ သည်။
အမှတ် ၃၄ ကုန်ကူးဆိပ်ကမ်းကို တာဝန်ယူ လုပ်ကိုင်နေသည့် Hayaek Group ၏ မန်နေဂျင်းဒါရိုက်တာ အူဒွမ် ဆွတ်ဆော့ (Udom Suksod) က ကရင်လူမျိုး ဖောက်သည်များသည် မြဝတီမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ၎င်း၏ ကုမ္ပဏီထံမှ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများသည် မြဝတီတွင် ဟိုတယ်များနှင့် ဝန်ထမ်းများ ထားရှိရန် အဆောင်များ ဆောက်လုပ်ရန်အတွက် ကရင်လူမျိုးများထံမှ မြေများငှားရမ်းခဲ့သည်ဟု ယူဆရကြောင်း အူဒွန်က ပြောသည်။
၎င်း၏ တရုတ်ဖောက်သူများသည် ဘန်ကောက်မြို့တော်တွင် ကုမ္ပဏီများ ဖွင့်လှစ်ထားပြီး ဥပဒေနှင့်အညီ စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း အူဒွန်က ပြောသည်။
မြန်မာနိုင်ငံအလံနဲ့ကရင်အလံကိုတွေ့ရစဉ်
မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းများအနက် တရားမဝင် စီးပွားရေးလုပ်ငန်းများသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် မြဝတီမြို့ရှိ တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်နေသည့် နေရာဒေသများကိုသာ လျှပ်စစ် ဓာတ်အားနှင့် အင်တာနက် ဖြတ်တောက်ရန်၊ မြဝတီတစ်မြို့လုံးကို ဖြတ်တောက်ခြင်းမပြုရန် ၎င်းက အကြံ ပြုခဲ့သည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုင်းအစိုးရ အနေဖြင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကို မထိခိုက်စေသည့် စီမံကိန်းများကို လုပ်ဆောင်ရန်၊ ထိုင်း-မြန်မာ နယ်စပ်မှဖြတ်ပြီး ကုန်သွယ်နေသည့် ထုတ်ကုန် စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းသည် တရုတ်ကုမ္ပဏီများ ထံမှ ထုတ်ကုန်များဖြစ်ကြောင်း ၎င်းက ဆိုသည်။
Source: The Nation

- By CNI
- Category: စီးပွားရေး
- Hits: 833
CNI International News
ဘေကျင်း၊ ဖေဖော်ဝါရီ ၁၇
တရုတ်၏ လိမ်ဖျော်ဖြေရေးအရုပ်များ ထုတ်လုပ်သည့် အကြီးဆုံးကုမ္ပဏီများထဲမှ တစ်ခု အပါအဝင် ဖြစ်သည့် WMDoll ကုမ္ပဏီသည် ယခုနှစ်အတွင်း ရောင်းအားများ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လိမ့်မည်ဟု ကုမ္ပဏီဘက်က ခန့်မှန်းထားကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
WMDoll ကုမ္ပဏီသည် ထိုအရုပ်များထဲတွင် AI နည်းပညာကို ပေါင်းစပ်ထည့်သွင်းပြီး အရုပ်များအား လူနှင့်အနီးစပ် ဆုံး တူညီမှုရှိစေရန် AI ဟု လူသိများသည့် လူလုပ်အသိဉာဏ် ထည့်ပေးကာ အရောင်းမြှင့်တင်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ AI နည်းပညာ ထည့်ထားသည့် အရုပ်များကို အသုံးပြုသူများဘက်မှ ကောင်းမွန်သော တုန့်ပြန်မှုများ ရရှိခဲ့သည်ဟု WMDoll ကုမ္ပဏီတည်ထောင်သူနှင့် အလုပ်အမှုဆောင်ချုပ် လျူကျန်းရှား (Liu Jiangxia) က ပြောကြားခဲ့သည်။
AI နည်းပညာထည့်ထားတဲ့ လိင်ဖျော်ဖြေရေးအရုပ်များကိုတွေ့ရစဉ်
“AI ကြောင့် အရုပ်တွေရဲ့ တုန့်ပြန်နိုင်စွမ်းနဲ့ အဆင်ပြေပြေ ထိတွေ့ဆောင်ရွက်နိုင်မှုတွေ မြင့်တက်ခဲ့ပြီး အသုံးပြုသူ တွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိစေပါတယ်”ဟု လျူက South China Morning Post နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၊ ကွမ်တုံ (Guangdong) ပြည်နယ်၊ ကျုံးရှန်း (Zhongshan) မြို့တွင် အခြေစိုက်သည့် WMDoll ကုမ္ပဏီ သည် AI နည်းပညာ ထည့်သွင်းထားသည့် နောက်ဆုံးပေါ် MetaBox အရုပ်များကို တီထွင်ထုတ်လုပ်ခဲ့သည်။
ထိုအရုပ်များသည် cloud ဝန်ဆောင်မှုနှင့် ချိတ်ဆက်ထားကာ အရုပ်တစ်ရုပ်ချင်းစီ၏ အချက်အလက်များကို ဒေတာစင်တာများနှင့် သိမ်းဆည်းထားမည်ဖြစ်သည်။
ထိုအရုပ်များကို Meta ကုမ္ပဏီ၏ Llama AI မော်ဒယ်များ အပါအဝင် AI မော်ဒယ် အများအပြားနှင့် ချိတ်ဆက် သွားမည်ဟုလည်း WMDoll ကုမ္ပဏီက ပြောကြားခဲ့သည်။
မျိုးဆက်သစ် လိင်ဖျော်ဖြေရေး အရုပ်များတွင် အတွင်းပိုင်း အရိုးနေရာများအတွက် သတ္တုများကို အသုံးပြုပြီး ဆီလီကွန်နှင့် အခြား သာမိုပလပ်စတစ် အီလက်စတိုမာများဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်သည်။
ထို့နောက် AI နည်းပညာ ထည့်သွင်းထားခြင်းဖြင့် ဝယ်ယူအသုံးပြုသူ၏ စိတ်ကျေနပ်မှုကို ပိုမိုမြှင့်တင်ပေးနိုင်လိမ့် မည်ဟု လျူက ပြောကြားခဲ့သည်။
သမားရိုးကျ လိမ်ဖျော်ဖြေရေး အရုပ်များသည် လူသားများနှင့် အပြန်အလှန် ပြောဆိုဆက်ဆံရာတွင် တုန့်ပြန် နိုင်စွမ်းသည် အကန့်အသတ်သာရှိသည်။
Source: South China Morning Post

- By CNI
- Category: စီးပွားရေး
- Hits: 604
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၅
ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ဘဏ္ဍာရေးမူဝါဒ ချဲ့ထွင်သည့် မဟာဗျူဟာကို ကျင့်သုံးမှု သည် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် ကုန်ကျစရိတ်များ မြင့်တက်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ပြည်သူ့ကြွေးမြီအဆင့်ကို ထိန်းထားနိုင်သည့်အဆင့်တွင် ထားရှိရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် စွမ်းအင်ထောက်ပံ့ကြေးများကို လျှော့ချခြင်း၊ အခွန်တိုးမြှင့်ခြင်း၊ အခြေခံ အဆောက်အအုံ ကဏ္ဍနှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ဘဏ္ဍာရေးကဏ္ဍ၏ ခိုင်မာမှုကို မြှင့်တင်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည့် ထိုင်းစီးပွားရေး လေ့လာမှုစစ်တမ်း၌ ဖော်ပြခဲ့သည်။
“ဒစ်ဂျစ်တယ် ထောက်ပံ့ငွေပေးတဲ့ အစီအစဉ်တွေလိုမျိုး ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ စားသုံးသူကဏ္ဍ လှုံ့ဆော်ရေး အစီအစဉ်တွေဟာ ဘဏ္ဍာရေးကဏ္ဍအတွက် ဖိအားတွေကို သက်ရောက်စေပါတယ်”ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) အစိုးရအဖွဲ့၏ ထိုင်းလူမျိုးများအား တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပြီး စီးပွားရေးကို လှုံ့ဆော်မည့်အစီအစဉ်ကို ကမ္ဘာ့ဘဏ်က ရည်ရွယ်ပြောဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံ စီးပွားရေးသည် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး ကျယ်ပြန့်မှုနှုန်းထားနှင့် နှိုင်းယှဉ်ပါက နောက်ကျ ကျန်ခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံမှ ဈေးပေါသည့် သွင်းကုန်များ အများအပြား ဝင်ရောက်လာခြင်းသည် ထိုင်း၏ ကုန်ထုတ် လုပ်ငန်းကို ထိခိုက်စေခဲ့ပြီး အိမ်ထောင်စု ကြွေးမြီများလည်း မြင့်တက်ခဲ့သည်။
ပြည်ပသွင်းကုန်များကို အခွန်များ တိုးကောက်မည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းအစိုးရသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်းမှုအား မြှင့်တင်ရန်အတွက် များပြားသည့် ဘတ်ဂျက်သုံးစွဲမှု၊ ထောက်ပံ့ကြေးများနှင့် ကြွေးမြီသက်သာချောင်ချိရေး အစီအစဉ်များကို ကြေညာခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ထိုင်း၏ ပြည်တွင်း ဝယ်လိုအား၊ ဘဏ္ဍာရေး လှုံ့ဆော်မှု အခြေအနေများ ခိုင်မာလာသဖြင့် ယခုနှစ်အတွင်း ထိုင်း၏ စီးပွားရေး နာလန်ထူမှုသည် အရှိန်အဟုန် ရလာခဲ့ကာ ပြည်ပ၏ ဝယ်လိုအားများမှာမူ အနည်းငယ် နှေးကွေးနေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းထားကို ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိလာလိမ့်မည်ဟု ခန့်မှန်း ထားပြီး ထိုနှုန်းထားသည် ပြီးခဲ့သည့်နှစ်က ၂ ဒသမ ၆ ရာခိုင်နှုန်းထက် ပိုမိုများပြားနေသည်။
၂၀၂၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုမူ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ မျှော်မှန်းထားပြီး ၂၀၂၈ ခုနှစ်တွင်လည်း ထိုနှုန်းထားထက် ပိုမိုမြင့်တက်လိမ့်မည်ဟု ခန့်မှန်းထားသည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: စီးပွားရေး
- Hits: 444
CNI International News
တိုင်ပေ၊ ဖေဖော်ဝါရီ ၁၁
ထိုင်ဝမ်သည် အမေရိကန်နိုင်ငံ အလက်စကာ (Alaska) ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို ဝယ်ယူရန် စိတ်ဝင် စားနေကြောင်း ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် ကုန်သွယ်ရေး ပိုငွေပြမှုကို ကျဉ်းမြောင်းစေရန် အပါအဝင် အမေရိကန်၏ အခွန်တိုးကောက်မည့် အစီအစဉ်ကို ကာမိစေရန်အတွက် ထိုင်ဝမ်က ကြိုးပမ်းနေခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခုသီတင်းပတ်မှစပြီး အမေရိကန်သို့ တင်ပို့သည့် ပြည်ပကုန်စည်အများစုကို အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ဖေေဖာ်ဝါရီ ၇ ရက် ကတည်းက ကြေညာခဲ့သည်။
ထိုင်ဝမ်သည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် ကုန်သွယ်ရေး ပိုငွေပြမှု အလွန်များပြားခဲ့ပြီး ပြီးခဲ့သည့်နှစ်က ကုန်သွယ်ရေး ပိုငွေပြမှု ၈၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
ထိုင်ဝမ်၏ နာမည်ကြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) များကဲ့သို့ နည်းပညာမြင့် ထုတ်ကုန်များကို အမေရိကန်၏ ဝယ်လိုအား မြင့်တက်ခဲ့သဖြင့် ထိုင်ဝမ်မှ အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၁၁၁ ဒသမ ၄ ဘီလျံအထိ မြင့်တက်လာခဲ့သည်။
သဘာဝဓာတ်ငွေတင် သင်္ဘောကို တွေ့ရစဉ်
ထိုင်ဝမ်အစိုးရပိုင် CPC စွမ်းအင်ကုမ္ပဏီက အမေရိကန်၏ အလက်စကာ သဘာဝဓာတ်ငွေ့များကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်နှင့် အလက်စကာအကြား သင်္ဘောလမ်းကြောင်းသည် ကွာဝေးခြင်း မရှိသော်လည်း ထိုင်ဝမ်စီးပွားရေး ဝန်ကြီးဌာနက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိဘဲ CPC ကလည်း မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း တုန့်ပြန်ခဲ့ခြင်းမရှိပေ။
ထိုင်ဝမ်၏ သဘာဝဓာတ်ငွေ့ရည် (LNG) အများစုသည် ဩစတြေးလျနှင့် ကာတာနိုင်ငံတို့မှ တင်သွင်းဝယ်ယူ ခြင်းဖြစ်ပြီး အမေရိကန်မှ ဝယ်ယူသည့် ပမာဏမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။
အမေရိကန်နှင့် ကုန်သွယ်ရေး ပိုငွေပြမှုကို လျှော့ချရန်အတွက် CPC သည် အမည်မဖော်လိုသည့် အလက်စကာ ပြည်နယ်မှ ကုမ္ပဏီတစ်ခုနှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်အစိုးရပိုင် မီဒီယာက ဖေဖော်ဝါရီ ၉ ရက်တွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: စီးပွားရေး
- Hits: 749
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြည်ပနိုင်ငံများမှ အမေရိကန်သို့ တင်သွင်းသည့် ကုန်စည်များအပေါ် အခွန်များတိုးမြှင့်ကောက်ခံသော သမ္မတအုပ်ချုပ်ရေးအမိန့်များကို လက်မှတ်ရေးထိုး ခဲ့ပြီးနောက် ဒေါ်လာဈေးများ မြင့်တက်ခဲ့ပြီး စတော့ရှယ်ယာဈေးများ ကျဆင်းသွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်က ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ် သွင်းကုန်များအပေါ် အခွန်များတိုးမြှင့် ကောက်ခံမည်ဟု ပြောကြား ခဲ့ပြီးနောက် ဒေါ်လာဈေးနှုန်းသည် ၂ နှစ်ကျော်အတွင်း အမြင့်ဆုံးနှုန်းထားအဖြစ် ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ကနေဒါ ဒေါ်လာသည် ၂၀၀၃ ခုနှစ်နောက်ပိုင်း အားအနည်းဆုံး နှုန်းထားအထိ ကျဆင်းခဲ့ပြီး ထရမ့်က ဥရောပ ကုန်စည်များကိုလည်း အခွန်တိုးကောက်မည်ဟု ပြောကြားခဲ့သဖြင့် ယူရိုငွေ တန်ဖိုးလည်း ကျဆင်းခဲ့သည်။
ထို့ပြင် ထရမ့်၏ အခွန်တိုးကောက်မည့် အစီအစဉ်၏ ဂယက်ရိုက်ခတ်မှုအဖြစ် ဖေဖော်ဝါရီ ၃ ရက်တွင် ကမ္ဘာလုံး ဆိုင်ရာ စတော့ရှယ်ယာ ဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။
အထူးသဖြင့် မော်တော်ကားကုမ္ပဏီများနှင့် နည်းပညာလုပ်ငန်းများ၏ စတော့ရှယ်ယာများသည် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းကြောင်း Stoxx Europe 600 စတော့ရှယ်ယာညွှန်းကိန်းတွင် ဖော်ပြထားသည်။
စတော့ရှယ်ယာစျေးကွက်ကို စောင့်ကြည့်နေကြစဉ်
ထို့ပြင် ကမ္ဘာ့အခိုင်မာဆုံး ဒစ်ဂျစ်တယ် ငွေကြေးဖြစ်သည့် Bitcoin တန်ဖိုးလည်း ပြုတ်ကျခဲ့ကာ ရေနံစိမ်းနှင့် စက်မှုလုပ်ငန်းသုံး သတ္တုဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။
ထရမ့်၏ အခွန်တိုးကောက်မည့် အစီအစဉ်များသည် ဆယ်စုနှစ် တစ်စုနီးပါးအတွင်း အမေရိကန်သမ္မတ တစ်ဦး၏ ပြည်တွင်းဈေးကွက်ကို ပြည်ပ၏ယှဉ်ပြိုင်မှုမှ ကာကွယ်သည့် အပြင်းထန်ဆုံး လုပ်ဆောင်ချက်အဖြစ် ရှုမြင်ခံခဲ့ရ သည်။
ထို့ကြောင့် ထရမ့်၏ အစီအစဉ်များသည် ငွေကြေးဖောင်းပွမှုမှအစ ပထဝီနိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တို့အဆုံး နယ်ပယ်အသီးသီးကို ဂယက် ရိုက်ခတ်သွားစေခဲ့သည်။
ထရမ့်ကမူ ကနေဒါ၊ မက္ကဆီကိုတို့နှင့် ဆွေးနွေးရန် စီစဉ်ထားသော်လည်း ၎င်း၏ အခွန်တိုးမြှင့် ကောက်ခံမှုသည် ဖေဖော်ဝါရီ ၄ ရက်တွင် အသက်ဝင်မည်ဖြစ်သဖြင့် နောက်ဆုံးမိနစ်၌ သဘောတူညီမှု ရရှိရန် လိုအပ်သည်။
“ထရမ့်က ပိုကာကစားတဲ့ ဖဲသမားတစ်ယောက်လိုပါပဲ။ သူ့လက်ထဲမှာ အနိုင်ဖဲချပ်တွေကို ကိုင်ထားတာပါ” ဟု Standard Chartered Plc ဘဏ်လုပ်ငန်းအဖွဲ့အစည်း၏G-10 FX သုသေတသဌာန အကြီးအကဲဖြစ်သည့် စတီဗင် အင်ဂလန်ဒါ (Steven Englander) က ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: စီးပွားရေး
- Hits: 556
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၃၁
ထိုင်းနိုင်ငံတွင် လာမည့် ၃ နှစ်အတွင်း စီးပွားရေးကို ပြန်လည်အသက်သွင်းရန် ဦးစားပေး လုပ်ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) က ကတိပြုပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည့် ဒေသန္တရရွေးကောက်ပွဲ၌ အာဏာရ ဖြူးထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မဲဆွယ်သည့်အနေဖြင့် ချင်းရိုင် (Chiang Rai) မြို့ရှိ ဖန်း (Phan)ရပ်ကွက်မှာ ပြုလုပ်သည့် မဲဆွယ် စည်းရုံးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ဟန်ချက်မညီမျှမှုနှင့် ရင်ဆိုင်နေရကြောင်း သက်ဆင်က ပြောသည်။
“နိုင်ငံတစ်ဝန်းမှာ စီးပွားရေးက ပြိုလဲနေပါတယ်။ လူတွေရဲ့ ဝင်ငွေတွေလည်း လျော့နည်းလာပါတယ်။ ဘဏ် တွေရဲ့ အကျိုးအမြတ်ကလည်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှု ၃ ရာခိုင်နှုန်းနဲ့ ဆန့်ကျင်နေ ပါတယ်။ ဒါက ဘာကိုပြလဲဆိုတော့ အတိတ်ကာလက စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာကြောင့် စီးပွားရေး ဟန်ချက်ပျက် နေတာကို ပြသနေပါတယ်”ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေသည် ၁၉၉၇ ခုနှစ် အာရှစီးပွားပျက်ကပ် ကာလက အခြေအနေထက် ပိုမိုဆိုးရွားနေပြီး စီးပွားပျက်ကပ်ကာလက ထိုင်းစီးပွားရေး၏ အပေါ်ပိုင်း အလွှာများကို မထိခိုက်စေရန် ထိန်းသိမ်း ထားနိုင်ခဲ့ကြောင်း သက်ဆင်က ပြောသည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကိုတွေ့ရစဉ်
၎င်း၏ သမီးဖြစ်သူ ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatr) သည် သူ့လက်သူ့ခြေဖြင့် နိုင်ငံကို အုပ်ချုပ်နေသော်လည်း စီးပွားရေးကို ပြန်လည် အသက်သွင်းနေသည့် အစိုးရအဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကို မိမိက နောက်ကွယ်မှ အကူအညီပေးခဲ့ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
လာမည့် ၃ နှစ်အတွင်း စီးပွားရေးပြဿနာများကို ဖြေရှင်းရန်၊ ချမ်းသာဝပြောရေးကို ထိန်းသိမ်းရန် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ချိန်ကကဲ့သို့ မဆုတ်မနစ် အားထုတ်ကြိုးပမ်းသွားမည်ဟုလည်း သက်ဆင်က ပြောကြားခဲ့သည်။
သက်ဆင်က သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က နိုင်ငံ၏ ဘတ်ဂျက်သည် ဟန်ချက်ညီခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
စီးပွားရေးကို ပြန်လည်အသက်သွင်းရန် အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ကို တရုတ်သို့ တင်ပို့ခြင်းအား ပိုမိုချဲ့ထွင်ရန် အချက်လည်း ပါဝင်နေသည်။
တရုတ်သည် မကြာသေးမီက ထိုင်းနိုင်ငံထံမှ ပီလောပီနံ တန်ချိန် ၃၀၀,၀၀၀ ဝယ်ယူရန် သဘောတူညီခဲ့သဖြင့် ဈေးနှုန်းများ မြင့်တက်စေခဲ့ကြောင်း သက်ဆင်က ပြောသည်။
ဆန်နှင့်ရာဘာ အပါအဝင် အခြားသီးနှံများ၏ ဈေးနှုန်းများကိုလည်း မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေသွား မည်ဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: စီးပွားရေး
- Hits: 525
CNI International News
ဘေကျင်း၊ ဇန်နဝါရီ ၂၉
တရုတ်နှင့် အိန္ဒိယအကြား ဇန်နဝါရီ ၂၇ ရက်က ထိပ်သီးအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန်နှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တိဘက်ကုန်းပြင်မြင့် ( Tibetan Plateau)ပေါ်တွင် ကြီးမားသည့် ရေကာတာ တည်ဆောက်မည့် တရုတ်၏ အစီအစဉ်များနှင့်ပတ်သက်ပြီး တရုတ်နှင့်အိန္ဒိယအကြား တင်းမာမှုများ မြင့်တက်နေသည့်တိုင် ထိုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။
တရုတ်၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆွန်းဝေတုံး (Sun Weidong) သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီ (Vikram Misri) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်သွယ်ရေး တိုးမြှင့်ရေး၊ အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ရေးတို့အတွက် သဘောတူခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယခရီးသွားများကို တွေ့ရစဉ်
တရုတ်နှင့်အိန္ဒိယအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန်၊ နှစ်နိုင်ငံအကြား စစ်မှုထမ်းများ ထိတွေ့ဖလှယ်မှုများ၊ သတင်းထောက်များ အချင်းချင်း ထိတွေ့ဖလှယ်မှုများကို လွယ်ကူချောမွေ့စေရန် အစီအစဉ် များကို ချမှတ်လုပ်ဆောင်ရန် တရုတ်က ဇန်နဝါရီ ၂၈ ရက် အစောပိုင်းကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ ဘုရားဖူးများအတွက် တိဘက်သို့ သွားရောက်ခွင့် ရရှိရေးကို အမြန်ဆုံး အကောင်အထည်ပေါ်စေရန်နှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများအတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆွေးနွေးပွဲ များကို မြှင့်တင်ရေး၊ ခိုင်မာသည့် သဘောထားများနှင့်အတူ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေး၊ မတူကွဲပြားမှုများကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် တရုတ်-အိန္ဒိယ ဆက်ဆံရေးကို ကောင်းမွန်ပြီး တည်ငြိမ်သည့် လမ်းကြောင်းပေါ်တွင် ရှိနေစေရန် တရုတ်က အလေးထား ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Air India လေကြောင်းလိုင်းကို တွေ့ရစဉ်
၂၀၂၀ ပြည့်နှစ်က ဂေါ်ဝန်တောင်ကြား (Galwan Valley) ဒေသရှိ ဟိမဝန္တာ (Himalayan) နယ်စပ်တစ်လျှောက် တရုတ်နှင့်အိန္ဒိယ စစ်သားများအကြား ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် တရုတ်စစ်သား ၄ ဦးသေဆုံးပြီး အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးများ တင်းမာခဲ့သည်။
ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယသည် ပြည်တွင်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် အစီအစဉ်များ ချမှတ်ခဲ့ကာ နာမည်ကြီး တရုတ်အက်ပလီကေးရှင်းများကို ပိတ်ပင်ခြင်း၊ တိုက်ရိုက်လေကြောင်း လိုင်းများကို ဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့သည်။
သို့သော် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တရုတ်နှင့် အိန္ဒိယအကြား အငြင်းပွားနေသည့် နယ်စပ်ဒေသမှ စစ်သားများကို ထိတွေ့မှု ဖြုတ်သိမ်းရန် သဘောတူညီခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်နွေးထွေး လာခဲ့သည်။
Source: South China Morning Post

- By CNI
- Category: စီးပွားရေး
- Hits: 507
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၈
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က စီးပွားရေး လှုံ့ဆော်ရေး ရည်မှန်းချက်ဖြင့် ထိုင်းလူမျိုးများအား ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးမည့် ဒုတိယအသုတ် အစီအစဉ် စတင်ကြောင်း ဖွင့်ပွဲ အခမ်းအနားကို သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှ ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၂၇ ရက် မနက် ၁၀ နာရီတွင် အစိုးရအိမ်တော်၌ ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနားကို ပေတုန်တန်က စက်ခလုပ်နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။
ဒုတိယအသုတ် ငွေကြေး ထောက်ပံ့ပေးမှုတွင် အသက် ၆၀ အထက် အသက်ကြီးပိုင်း ၃ သန်းခန့်ကို ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးမည်ဖြစ်သည်။
ပေတုန်တန်၏ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းတွင် ၎င်းတို့ အစိုးရအဖွဲ့သည် စီးပွားရေး လှုံ့ဆော်ရေးကို ဦးစားပေး လုပ်ဆောင်နေပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသာအား မြှင့်တင်ပေးရန် အာရုံစိုက် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ပထမအသုတ် ရန်ပုံငွေ ထောက်ပံ့မှုတွင် လူပေါင်း ၁၄ ဒသမ ၅ သန်းခန့် ထောက်ပံ့ငွေများ လက်ခံရရှိခဲ့ပြီး ထိုပထမအသုတ်တွင် လူမှုဖူလုံရေးကဒ်များ ကိုင်ဆောင်သူများနှင့် မသန်စွမ်းများကို ဦးစားပေး ထောက်ပံ့ခဲ့သည်။
ဘတ် ၁၀၀၀၀ ထောက်ပံ့ခြင်း အခမ်းအနားတွင် ပေတုန်တန်ကို တွေ့ရစဉ်
သက်ကြီးပိုင်း ပုဂ္ဂိုလ်အများစုသည် ၎င်းတို့ လက်ခံရရှိမည့် ဘတ် ၁၀,၀၀၀ ထောက်ပံ့ကြေးကို ရရှိရန် အလောတကြီး စောင့်မျှော်ခဲ့ကြကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ပထမအသုတ် ထောက်ပံ့ကြေး ပေးသည့်အဆင့်တွင် လက်ခံရရှိသူများက ၎င်းတို့အစိုးရ၏ အစီအစဉ်ကို ကောင်းမွန်သည့် မှတ်ချက်များပေးခဲ့ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
အချို့လူများက ထောက်ပံ့ကြေးကို ၎င်းတို့ လိုအပ်သည့် အရာများအတွက် အသုံးပြုခဲ့ပြီး အချို့လူများကလည်း ၎င်းတို့ရရှိသော ထောက်ပံ့ငွေများအား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း ပေတုန်တန်က ပြောသည်။
ယခု ဒုတိယအသုတ် ငွေကြေး ထောက်ပံ့မှုသည်လည်း နိုင်ငံ့စီးပွားရေးကို လှုံ့ဆော်နိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်