CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂

အင်တာမီလန်အသင်းဟာ ဆန်းချက်ဇ်၊ကွာဒရာဒိုနဲ့ ကလာဆန်တို့အပါအဝင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံး သွားခဲ့တဲ့ ကစားသမားတွေကို ထွက်ခွာခွင့်ပြုလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းအတွက် ၃၃ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်းယူကာ စီးရီးအေဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

အသက် ၃၅ နှစ်အရွယ်ရှိ ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းမှာ ၂ ကြိမ် ကစားခဲ့ပြီး ပွဲပေါင်း ၁၄၂ ပွဲကစားကာ စီးရီးအေဖလားနဲ့ အီတလီစူပါဖလား ၂ ကြိမ်စီနဲ့ ကိုပါအီတာလီယာဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကွာဒရာဒိုဟာ အင်တာ မီလန်အသင်းအတွက် ၁၂ ပွဲသာကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက အေဂျက်ဇ်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး ရောက်ရှိလာခဲ့တဲ့ ကလာဆန်ဟာ အင်တာမီလန် အသင်းအတွက် ၁၈ ပွဲသာပါဝင်ကစားနိုင်ခဲ့တာပါ။ 

အင်တာမီလန်အသင်းဟာ ကလာဆန်ကို စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နယ်သာလန်ကစားသမားဟာ အသင်းက ထွက်ခွာခွင့်ပြုတဲ့သူတွေထဲမှာ ပါဝင် ခဲ့တာဖြစ်ပါတယ်။ 

စီးရီးအေချန်ပီယံအသင်းဟာ ကွင်းလယ်လူ ဆန်စီကိုလည်း ထွက်ခွာခွင့်ပေးခဲ့တာပါ။ 

ဆန်စီဟာ ၂၀၂၀-၂၁ ရာသီကတည်းက အင်တာမီလန်အသင်းမှာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီမှာ ဆမ်ဒိုးရီးယား၊ မွန်ဇာအသင်း တွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆွန်မားရဲ့အရန်ဂိုးသမားအဖြစ် ခေါ်ယူခဲ့တဲ့ ဂိုးသမား အူဒီရိုကိုလည်း ဆမ်ဒိုရီးယားအသင်းထံ ပြန်ပို့ခဲ့တာပါ။ 

အင်တာမီလန်အသင်းဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေစတင်တော့မှာဖြစ်ပြီး စီးရီးအေချန်ပီယံဆုကို ဆက်ထိန်းဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ အတွက် ကစားသမားသစ်တွေကို အားဖြည့်ဖို့ ရှိနေတာဖြစ်ပါတယ်။

Source:ChannelNewsAsia