CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက အသင်းအနေနဲ့ ရိုမေးနီးယားအသင်းကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ဆက်ထိန်းဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။

ရော်နယ်လ်ကိုးမန်းက “ဒီပွဲမှာ ကျနော်တို့ဟာ ပွဲအစကတည်းက ထက်မြက်ခဲ့ပြီး ဒါက ခြားနားမှုကို ဖြစ်စေခဲ့တာ ပါ။ ရလဒ်က အမြဲတမ်း အရေးကြီးဆုံးဖြစ်ပေမယ့် ကောင်းမွန်စွာ ကစားနိုင်ဖို့လည်း လိုပါတယ်။ ဒီပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ဟာ ကောင်းမွန်ပြီး ဒီပြိုင်ပွဲမှာ ဒါကို ဆက်ပြီးလုပ်ဆောင်ရမှာပါ။ ဒီအဆင့်ကနေ လျော့သွားရင် တော့ ဗိုလ်လုပွဲကို ရောက်နိုင်မှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။

နယ်သာလန်အသင်းဟာ ရိုမေးနီးယားအသင်းနဲ့ ကစားခဲ့တဲ့ ၁၆ သင်းအဆင့် ပွဲစဉ်မှာ ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင် ရရှိခဲ့တာပါ။

နယ်သာလန်အသင်းဟာ ဒီပွဲစဉ်မှာ ရိုမေးနီးယားအသင်းကို တစ်ပွဲလုံး အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင် မှု ၆၅ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၆ ကြိမ်ရှိခဲ့ပါတယ်။ 

နယ်သာလန်နဲ့ရိုမေးနီးယား ယှဉ်ပြိုင်နေစဉ်

ရိုမေးနီးယားအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာပါ။ 

နယ်သာလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ယူရိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ၂၀၀၈ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းသားတွေအတွက် ဂုဏ်ယူမိပြီး သူတို့ဟာ ဒီထက်ပိုပြီး ဂိုး အများကြီး သွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဗန်ဒိုက်က “နိုင်ပွဲအတွက် အလွန်ဂုဏ်ယူသလို စွမ်းဆောင်ရည်ကိုလည်း ကျေနပ်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ဝေဖန်ပိုင်းခြားပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲအပြီးမှာ ပိုကောင်းလာမယ်ဆိုတာ သိပါတယ်။ ဒီပွဲမှာ ကျနော်တို့ ဒါကိုလုပ်ပြနိုင်ခဲ့ပြီး ဘောလုံးကို ကောင်းမွန်စွာ ကစားတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါ တယ်”လို့ ပြောခဲ့တာပါ။

နယ်သာလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ တူရကီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။ 

Source: CNA