CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁

နယ်သာလန်အသင်း ကွင်းလယ်လူ ဒီဂျောင်ဟာ ဒဏ်ရာကြောင့် မကြာခင် ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို လွဲချော်သွားပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ ဒီဂျောင်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဧပြီ ၂၁ ရက် ပွဲစဉ်နောက်ပိုင်း ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့တာပါ။ 

ဒါပေမယ့် ဒီဂျောင်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်းရဲ့ ပဏာမလူစာရင်းမှာ ရွေးချယ်ခံရပြီး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ ဒီဂျောင်ကို ယူရိုပြိုင်ပွဲ ခေါ်ဆောင်နိုင်ဖို့ အချိန်စောင့်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကစားသမားဟာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိဘူးလို့ အတည်ပြုခဲ့တာပါ။

ဒီဂျောင်က ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့် မရတော့တဲ့အတွက် ဝမ်းနည်းပြီး စိတ်လည်းပျက်မိတယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ဒီဂျောင်ကိုတွေ့ရစဉ်

ဒီဂျောင်က “ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကျနော်တို့ အလုပ်တွေ အများကြီး လုပ်ခဲ့ပေမယ့် ကျနော့် ခြေချင်းဝတ်က အချိန်ပိုပြီးလိုတဲ့အတွက် ကံမကောင်းခဲ့ပါဘူး။ အဓိကပြိုင်ပွဲတစ်ခုမှာ နိုင်ငံကို ကိုယ်စား ပြုခွင့်ရတာဟာ အိပ်မက်နဲ့ အကြီးမားဆုံး ဂုဏ်ယူစရာပါ။ ကျနော်ဟာ အသင်းကို အပြင်ကနေ အားပေးမှုတွေ ပြုလုပ်သွားမှာပါ”လို့ ရေးသားခဲ့တာပါ။

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက အိုက်စလန်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ ဒီဂျောင် ရဲ့ ဒဏ်ရာအတွက် ဘာစီလိုနာအသင်းကို ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။ 

နယ်သာလန်အသင်းအတွက် ၅၄ ပွဲ ပါဝင်ကစားထားတဲ့ ဒီဂျောင်ဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းထံပြန်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ရတော့မှာပါ။

နယ်သာလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်၊ သြစတြီးယား၊ ပိုလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်မှာ ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN