CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁

ရီးရယ်လ်အသင်းဟာ ဖီဖာရဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအသစ်ကို ပါဝင်ယှဉ်ပြိုင်ဖို့ ငြင်းပယ်လိမ့်မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပြီး ဒီပြိုင်ပွဲကို သူတို့ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက သူတို့ဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအသစ်အတွက် ဖီဖာရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိမ့်မယ်လို့ အီတလီသတင်းစာ Giornale နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဒါ့အပြင် အန်ဆယ်လော့တီက သူတို့လိုပဲ တခြားကလပ်တွေလည်း ဒီပြိုင်ပွဲအတွက် ဖီဖာရဲ့ဖိတ်ခေါ်မှုကို ငြင်းပယ် လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

ဒီလိုပြောဆိုမှု ထွက်ပေါ်လာအပြီးမှာ ရီးရယ်လ်အသင်းက သူတို့ဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအသစ်မှာ စီစဉ်ထားတဲ့အတိုင်း ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ရီးရယ်လ်အသင်းရဲ့ ကြေညာချက် ထွက်ပေါ်လာအပြီးမှာ အန်ဆယ်လော့တီကလည်း အီတလီသတင်းစာဟာ သူနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူရည်ရွယ်ထားတဲ့အတိုင်း အဓိပ္ပါယ်မဖော်ပြခဲ့ဘူးလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါ တယ်။ 

ရီးရယ်လ်အသင်းကို တွေ့ရစဉ်

ဖီဖာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အသစ်ကို အသင်းပေါင်း ၃၂ သင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လကနေ ဇူလိုင်အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီပြိုင်ပွဲမှာ ဝင်ခွင့်ရတဲ့ ဥရောပအသင်း ၁၂ သင်းထဲက ၁ သင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဒီပြိုင်ပွဲအတွက် ၂၉ သင်း ဝင်ခွင့်နေရာ ရရှိပြီးဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာက ဆော်ဒီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းက ဖလူမီနက်စ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ပုံစံအသစ်နဲ့ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအသစ်မှာ ဥရောပက ၁၂ သင်း၊ တောင်အမေရိကက ၆ သင်း၊ ကွန်ကာကပ်ဖ်၊ အာဖရိကနဲ့ အာရှက ၄ သင်းစီ၊ သမုဒ္ဒရာပိုင်းဇုန်က ၁ သင်းနဲ့ အိမ်ရှင်နိုင်ငံက ၁ သင်းတို့ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအသစ်မှာ ပါဝင်ယှဉ်ပြိုင်မယ့် ဥရောပကလပ် ၁၂ သင်းကတော့ ချယ်လ်ဆီး၊ ရီးရယ်လ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အသလက်တီကိုနဲ့ ဆဲလ်ဘတ်အသင်းတို့ ဖြစ်ပါတယ်။

Source: ESPN