CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၃
ရီးရယ်လ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ မိုဒရစ်ဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။
မိုဒရစ်က “ဒီလိုအချိန်မျိုးကို ဘယ်တော့မှ မရောက်ရှိချင်ခဲ့ပေမယ့် အခုရောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် ဒါက ဘောလုံးပါ။ ဘဝမှာ အရာအားလုံးက အစနဲ့အဆုံးရှိပါတယ်။ ရီးရယ်လ်အသင်းမှာ ကစားခဲ့တာက ဘောလုံး သမားတစ်ဦး အနေနဲ့ရော၊ လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ပါ ကျနော့်ရဲ့ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ သမိုင်း တစ်လျှောက် အကောင်းဆုံးကလပ်ရဲ့ အအောင်မြင်ဆုံး ခေတ်တွေထဲက တစ်ခုမှာ အစိတ်အပိုင်း ဖြစ်ခဲ့ရတဲ့ အတွက် ဂုဏ်ယူပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ထွက်ခွာမှာဖြစ်ပေမယ့် ကျနော်ဟာ အမြဲတမ်း အသင်းပရိသတ်ဖြစ်နေမှာပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်ဆိုရင် ကုန်ဆုံးမှာဖြစ်ပေမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ထွက်ခွာဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါ တယ်။
၂၀၁၂ ခုနှစ်ကတည်းက ရီးရယ်လ်အသင်းမှာရှိခဲ့တဲ့ မိုဒရစ်ဟာ မေလ ၂၄ ရက်မှာ ကစားမယ့် ဆိုစီဒက်အသင်းနဲ့ လာလီဂါ ရာသီပိတ်ပွဲစဉ်မှာ ရီးရယ်လ်အသင်း ကစားသမားဘဝ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ပါဝင်ကစား သွားမှာဖြစ်ပါတယ်။
မိုဒရစ်ကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဒီပွဲစဉ်မှာ မိုဒရစ်ကို နှုတ်ဆက်ဂုဏ်ပြုမှုတွေ ပြုလုပ်သွားမှာပါ။
၂၀၁၈ ဘောလွန်းဒီအောဆုကို ရရှိခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၈ ခု ရယူနိုင်ခဲ့ပြီး အသင်းရဲ့သမိုင်းမှာ အအောင်မြင်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်း အကြီးအကဲ ပီရက်ဇ်က မိုဒရစ်ဟာ အသင်းနဲ့ အသင်းပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာဖြစ်သလို သူ့ရဲ့အမွေအနှစ်ဟာ အမြဲတမ်းရှင်သန်နေမယ်လို့ ပြောခဲ့ပါတယ်။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၅၆ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူနိုင်တာ အပါအဝင် အသင်းအတွက် ကစားခဲ့တဲ့ ၁၃ ရာသီမှာ ပြိုင်ပွဲစုံ ၅၉၀ ပါဝင်ကစားပြီး ၄၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN