CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃

တူရကီအသင်းကို အရေးနိမ့်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် သြစတြီးယား အသင်းနည်းပြ ရက်ဂ်နစ်က သူတို့အိမ်ပြန်ရမယ်ဆိုတာ မယုံကြည်နိုင်ဘူး ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

ရက်ဂ်နစ်က “ဂိုး ၂ ဂိုးပေးခဲ့ရပြီး အနောက်ကနေ လိုက်ကစားရတာဟာ မလွယ်ကူပါဘူး။ အသင်းဟာ အရာရာ ကြိုးစားခဲ့ပြီး သွင်းဂိုး ၁ ဂိုး ပြန်ရခဲ့သလို သရေကျဖို့အတွက်လည်း အချိန်အလုံအလောက် ရှိခဲ့ပါတယ်။ နောက်ဆုံး မိနစ်မှာ ကျနော်တို့ရဲ့ခေါင်းတိုက်ချက်သာ ဂိုးဝင်သွားခဲ့ရင် ဒီပွဲကို ကျနော်တို့ အနိုင်ရနိုင်ပါတယ်။ အခုတော့ ကျနော်တို့ အိမ်ပြန်ရမယ်ဆိုတာကို ကျနော်မယုံနိုင်ပါဘူး။ ကျနော်တို့ ဒီပြိုင်ပွဲမှာ ဆက်ပြီးရှိနေမယ်လို့ ထင်ခဲ့ ကြောင်း”ပြောခဲ့တာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ဒီပွဲမှာ တူရကီအသင်းက သြစတြီးယားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

သြစတြီးယားအသင်းဟာ တူရကီအသင်းရဲ့ ဦးဆောင်ဂိုးတွေကို အနောက်ကနေလိုက်ပြီး ချေပနိုင်ဖို့ ကြိုးစားခဲ့ရင်း နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဂိုးရနိုင်မယ့် အခွင့်အရေးရရှိခဲ့တာပါ။

ဩစတြီးယားအသင်းနဲ့တူရကီ ယှဉ်ပြိုင်နေကြစဉ်

သြစတြီးယားအသင်း ကစားသမား ခရစ်စတော့ရဲ့ ခေါင်းတိုက်ချက်ကို တူရကီအသင်းဂိုးသမား ဂူနော့ခ် အံ့အားသင့်ဖွယ် ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် တူရကီအသင်းဟာ သြစတြီးယားအသင်းကို အနိုင်ရပြီး ယူရို ၂၀၀၈ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံး အကြိမ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ 

တူရကီအသင်းနည်းပြ မွန်တဲလားက သူတို့အသင်းဟာ နိုင်ပွဲရယူနိုင်ဖို့ အစွမ်းကုန် အားထုတ်ခဲ့ရတယ်လို့ ပြောခဲ့ပါ တယ်။

မွန်တဲလားက “ဘယ်သူကမှ အရှုံးပေးခဲ့ခြင်း မရှိပါဘူး။ ဒီပွဲမှာ ကစားသမားတွေဟာ သူတို့မှာရှိတဲ့ အရာတွေကို ပိုပြီး ပေးကြပါတယ်။ အသင်းအတွင်းမှာ ဒီလိုမျိုးစိတ်ဝိညာဉ်ရှိရင် ဒီပွဲတွေကို အနိုင်ရနိုင်ပါတယ်။ ယုံကြည်မှုနဲ့ ယုံကြည်ချက်လည်း ရှိရပါမယ်။ ဒီပွဲက အသင်းရဲ့လုပ်ဆောင်မှု အရာအားလုံးအတွက် အလွန်ဂုဏ်ယူတယ်”လို့ ပြောခဲ့တာပါ။

သြစတြီးယားအသင်းကို အနိုင်ရခဲ့တဲ့ တူရကီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN