CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃

မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ နည်းပြ မာရှေယာနိုထုတ်ပြန်ခဲ့တဲ့ အာဂျင်တီးနား အိုလံပစ် အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အာဂျင်တီးနားအိုလံပစ်အသင်းလူစာရင်းမှာ အယ်လ်ဗာရက်ဇ်အပြင် ဝါရင့်နောက်ခံလူ အော်တာမန်ဒီလည်း ပါဝင်ခဲ့တာပါ။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ ဒီလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ 

အာဂျင်တီးနားအိုလံပစ်အသင်းလူစာရင်းမှာပါဝင်နေတဲ့ အယ်လ်ဗာရက်ဇ်၊အော်တာမန်ဒီနဲ့ ဂိုးသမား ရူလီတို့ဟာ ကျင်းပနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း နိုင်ငံအသင်းအတွက် ပါဝင်နေကြတာပါ။ 

အဲဒါကြောင့် သူတို့ ၃ ဦးဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးမှသာ အိုလံပစ်အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

နည်းပြ မာရှေယာနိုဟာ အိုလံပစ်ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၁၈ ဦးစာရင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီလူစာရင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းနဲ့အတူ ချန်ပီယံဆုရယူခဲ့တဲ့ တိုက်စစ်မှူး အယ်လ်မာဒါလည်း ပါဝင်ခဲ့တာပါ။ 

ဒါ့အပြင် ရေးဗားပလိတ်အသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ရှိ အီချီဗာရီလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ အိုလံပစ်ပြိုင်ပွဲ မယှဉ်ပြိုင်ခင် ပြင်သစ်မှာ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ ရှိနေတာပါ။

ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၉ ရက်အထိကျင်းပမယ့် အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းဟာ အုပ်စု B မှာ မော်ရိုကို၊အီရတ်၊ယူကရိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းဟာ ဇူလိုင် ၂၄ ရက်မှာ မော်ရိုကို၊၂၇ ရက်မှာ အီရတ်နဲ့ ၃၀ ရက်မှာ ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အာဂျင်တီးနားအသင်းဟာ ၂၀၀၄ နဲ့ ၂၀၀၈ ခုနှစ်က ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရယူနိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

Source:ESPN