CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁

မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်က အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီကို အာဂျင်တီးနားအသင်းအတွက် ဆက်ပြီးကစားစေချင်တယ်လို့ ပြောလိုက်ပါတယ်။

အယ်လ်ဗားရက်ဇ်က “ဒါက မက်ဆီအပေါ်မှာပဲ မူတည်ပေမယ့် သူသာဆက်ပြီးလုပ်ချင်တယ်ဆိုရင် ဒါက အဆင်ပြေသွားမယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်နဲ့ အာဂျင်တီးနားအသင်းဖော်တွေအားလုံးက မက်ဆီကို ဆက်ပြီးကစားစေချင်ပါတယ်” လို့ Goal နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ပြောခဲ့တာပါ။

အယ်လ်ဗားရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီနဲ့အတူ အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကာ ၃၆ နှစ်ကာလအတွင်း ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဆုကို နိုင်ငံအသင်းအတွက် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လာမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းတိုက်စစ်ကို ထပ်ပြီးဦးဆောင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲဟာ မက်ဆီအတွက် နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်သွားနိုင်တာပါ။

မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးဖို့ကို အခုအချိန် ထိ ဆုံးဖြတ်ထားခြင်းမရှိသေးဘဲ ကိုပါအမေရိကဖလားပြိုင်ပွဲကိုသာ အာရုံစိုက်ထားတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် အာဂျင်တီးနားအသင်းဖော်တွေအားလုံးက မက်ဆီကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို ဆက်ပြီးဦးဆောင်ပေးဖို့ မျှော်လင့်နေကြတာပါ။ မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ ပွဲအရေအတွက် အများဆုံး ကစားသမားဖြစ်သလို သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမတိုင်ခင် တရုတ်နိုင်ငံမှာ နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ် အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

Source:Goal