CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၅

အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်လူ မက်အယ်လစ္စတာက သူအပါအဝင် လီဗာပူးလ်အသင်းကစားသမား တွေဟာ နည်းပြ ကလောပ့်ကို ပရီးမီးယားလိဂ်ဖလားလက်ဆောင်ပေးချင်တယ်လို့ ပြောလိုက်ပါတယ်။

မက်အယ်လစ္စတာက “ကျနော်တို့ နည်းပြကလော့ပ်ကို ပရီးမီးယားလိဂ်ဖလား လက်ဆောင်ပေးချင်ပါတယ်။ ဒါက အကြီးမားဆုံးရည်မှန်းချက်ပါပဲ။ ကလောပ့်က သူ့ရဲ့ဆုံးဖြတ်ချက်ကို အလွန်ယုံကြည်မှုရှိနေပါတယ်။ ကျနော့် အတွက်တော့ သူနဲ့ တစ်နှစ်ပဲ လက်တွဲခွင့်ရခဲ့လို့ စိတ်မကောင်းပါဘူး။ အနာဂတ်မှာ ကျနော်တို့ ထပ်ပြီး ဆုံတွေ့ နိုင်ဖို့ မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာမှာ စတင်ကိုင်တွယ်ခဲ့တဲ့ ကလောပ့်ဟာ ဒီရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲဒါကြောင့် လီဗာပူးလ်အသင်း ကစား သမားတွေဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလောပ့်ကို ဆုဖလားတွေနဲ့ နှုတ်ဆက်ဖို့ ဆုံးဖြတ် ထားတာပါ။ လီဗာပူးလ်အသင်းဟာ မကြာသေးခင်က ဒီရာသီ ပထမဆုံးဆုဖလားဖြစ်တဲ့ ကာရာဘောင်းဖလားကို ရယူထားနိုင်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာတော့ ယူနိုက်တက်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေ ပြီး ကွင်းလယ်လူ မက်အယ်လစ္စတာက နည်းပြ ကလောပ့်ကို ပရီးမီးယားလိဂ်ဆုဖလား လက်ဆောင်ပေးချင်တယ် လို့ ပြောလာခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လာ မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ လီဗာပူးလ်အသင်းဟာ အဆင့် ၁ နေရာကို ပြန်တက်နိုင်မယ့် အခွင့်အရေးရှိနေတာပါ။

လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မတ် ၃၁ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

Source:Besoccer