CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

စိတ်ကူးနှင့်လက်တွေ့ ထပ်တူမကျခဲ့သည့် ရုရှား

By CNI
CNI
Category: ဆောင်းပါး
Hits: 686

CNI International Article

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇

ပြီးခဲ့သည့် ၄ နှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းကို အချိန်တို အတွင်းမှာပင် တိုက်ခိုက် သိမ်းပိုက်နိုင်ရန် စီစဉ်ခဲ့သည်။

ယူကရိန်း အောင်ပွဲမှတဆင့် ရုရှားနိုင်ငံရဲ့ အဆင့်အတန်းကို ပြန်လည်မြှင့်တင်ပြီး ကမ္ဘာကြီးကို တစ်နိုင်ငံတည်းက လွှမ်းမိုးထားသည့် Unipolar အခင်းအကျင်းမှ အင်အားကြီးနိုင်ငံ အများအပြားရှိသည့် Multipolar ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို အရှိန်အဟုန်ဖြင့် ပြောင်းလဲရန် ပူတင်က ရည်မှန်းခဲ့ခြင်းဖြစ်သည်။

ထိုဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းတွင် ပါဝင်သည့် အင်အားကြီးနိုင်ငံများအနက် ရုရှားလည်း ပါဝင်လာမည်ဖြစ်သည်။

သို့သော် ထိုအစီအစဉ်က အကောင်အထည် ပေါ်ခဲ့ပါသလား၊ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီး ၄ နှစ်ကြာသည်အထိ ရုရှား သည် ကမ္ဘာကြီးကို ခွဲဝေရယူရန် ကြိုးပမ်းနေကြသည့် အင်အားကြီးနိုင်ငံများထဲတွင် ပါဝင်လာတော့ခြင်း မရှိသည် ကို မြင်တွေ့ခဲ့ရသည်။

ရုရှားသည် အင်အားကြီးနိုင်ငံ ဖြစ်လိုသည့် ရည်မှန်းချက် ပြင်းပြခဲ့သော်လည်း လက်တွေ့တွင် အလယ်အလတ် တန်းစား အင်အားကြီးနိုင်ငံ တစ်ခုသာ ဖြစ်နေသဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုနေရသလို ၎င်း၏ ရည်မှန်းချက်များကို နှောင့်ယှက်နေသည့် ရန်လိုသော အလယ်အလတ် တန်းစားနိုင်ငံ အများအပြားကိုလည်း ရင်ဆိုင်နေရသည်။

မဟာမိတ်နိုင်ငံ တိုက်ခိုက်ခံနေရချိန်တွင် လက်ပိုက်ကြည့်နေရခြင်း
********************************************************
မကြာသေးမီ ရက်ပိုင်းအတွင်း ရုရှားသည် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အလားတူ ဖြစ်စဉ်မျိုးကို ကြုံတွေ့ခဲ့ရသည်။

ထိုဖြစ်စဉ်မှာ အမေရိကန်နှင့် အစ္စရေး၏ ၎င်း၏ မဟာမိတ် အီရန်ကို ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ရုရှားသည် ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားထံမှ အကူအညီ တောင်းခံချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergei Lavrov) ၏ တုန့်ပြန်ပုံသည် အားရစရာ မကောင်းခဲ့ပေ။

လာဗရော့ဗ်၏ တုန့်ပြန်ချက်အရ ရုရှားသည် ကမ္ဘာ့အခင်းအကျင်းသစ်ကို ရှေ့တန်းက ဦးဆောင်နေသူနှင့်မတူဘဲ ဥရောပနိုင်ငံရေးသမား တစ်ယောက်၏ လေသံမျိုးနှင့် ဆင်တူနေသည်။

လာဗရော့ဗ်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှု၊ အကြောင်းမဲ့ စော်ကားမှု လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။ 

ထို့ပြင် နိုင်ငံတကာဥပဒေ၊ အပြန်အလှန် လေးစားမှုနှင့် သက်ဆိုင်ရာ အကျိုးစီးပွားများကို မျှတစွာ ထည့်သွင်း စဉ်းစားပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုခဲ့သည်။

ထိုပြောကြားချက်များအရ အီရန်စစ်ပွဲတွင် ရုရှား၏ ပါဝါသည် ကျဆင်းနေသည့် အချက်ကို ဖော်ပြရာ ရောက်နေ ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သေဆုံးသွားတဲ့ အီရန် အဓိပတိ အလီခါမေနီကို တွေ့ရစဉ်

လက်တွေ့အခြေအနေကို ရင်ဆိုင်နေရခြင်း
************************************
ရုရှားသည် ကိယက်ဗ် (Kyiv) တိုက်ပွဲတွင် အရေးနိမ့်ခဲ့ပြီး ယူကရိန်းမြောက်ပိုင်းရှိ သိမ်းပိုက်ထားသော နယ်မြေ အများအပြားမှ ဆုတ်ခွာခဲ့ရသည်။

ထို့ပြင် ယူကရိန်းအရှေ့ပိုင်းတွင်လည်း အချိန်ကြာလာသည်နှင့်အမျှ အင်အားပြုန်းတီးစေသည့် ရေရှည်တိုက်ပွဲ အဖြစ် ပြောင်းလဲသွားခဲသည်။

ယူကရိန်းဘက်တွင် တောင်ပိုင်းနယ်မြေ အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။

ထိုအချက်က ရုရှားအတွက် ဒွန်ဘတ်စ် (Donbas) ဒေသနှင့် ၂၀၁၄ ခုနှစ်က တရားမဝင် သိမ်းပိုက်ထားသည့် ခရိုင်းမီးယား (Crimea) ဒေသတို့ကြား ကုန်းလမ်းဆက်သွယ်ရေးတံတားတစ်ခု တည်ဆောက်နိုင်ရန် အခွင့်အရေး ရရှိသွားခဲ့သည်။

သို့သော် ယူကရိန်းအစိုးရသည် ယူကရိန်း၏ ပိုင်နက်နက်မြေ ၈၀ ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး ကမ္ဘာ့ဈေးကွက်အတွက် အရေးပါသည့် ပင်လယ်နက်လမ်းကြောင်းကိုလည်း ဆက်လက် အသုံးပြုနိုင်စွမ်း ရှိနေ သည်။

ယူကရိန်းစစ်မြေပြင်တွင် ရှေ့ဆက်မတိုးနိုင်တော့သည့် အချိန်တွင် ရုရှားသည် အရပ်ဘက် အခြေခံ အဆောက် အအုံများ၊ စွမ်းအင် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

ဆောင်းရာသီ ကာလအတွင်း ယူကရိန်းပြည်သူများကို အေးခဲနေသည့် ဒုက္ခများပေးပြီး အရှုံးပေးလာအောင် ရုရှား က မျှော်လင့်ခဲ့ခြင်းဖြစ်သည်။

ထိုနည်းဗျူဟာမျိုးသည် အောင်မြင်လေ့ မရှိသော်လည်း ယူကရိန်း ပြည်သူများအတွက်မူ အလွန်ဆိုးရွားသည့် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။

တစ်ဖက်တွင်လည်း ယူကရိန်းကို ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင် အလျှော့ပေးလာအောင် ရုရှားက ဖိအားပေးနေ သော်လည်း ယူကရိန်းက ကြံ့ကြံ့ခံ တွန်းလှန်နေဆဲဖြစ်သည်။

လွယ်လွယ်နှင့် အင်အားကြီးနိုင်ငံမဖြစ်
********************************
ရုရှား၏ အားထုတ် ကြိုးပမ်းမှုများသည် အင်အားကြီးနိုင်ငံ အများအပြားရှိသည့် ကမ္ဘာ့အခင်းအကျင်းသစ်ကို ဖန်တီးလိုသည့် ရည်မှန်းချက်ကြောင့် ရှု့ပ်ထွေးလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယူကရိန်းကို အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများ အစုအဖွဲ့က ဝိုင်းဝန်း ကူညီထောက်ပံ့ ပေးလာကြခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ရုရှားသည် ဝင်ရိုးစုံကမ္ဘာတွင် အင်အားကြီး နိုင်ငံအဖြစ် ပါဝင်လိုသည့် ပထဝီနိုင်ငံရေး စိတ်ကူးယဉ် အိပ်မက်သည် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဆိုသည့် အချက်ကို နားလည်လာခဲ့သည်။

ရုရှား၏ လူဦးရေသည် လျော့နည်းလာပြီး သက်ကြီးပိုင်း အရေအတွက် များပြားလာသည်။

ထို့ပြင် ရုရှား၏ ဂျီဒီပီသည် ဂျပန် သို့မဟုတ် ဂျာမနီတို့နှင့် တစ်တန်းတည်းတွင် ရှိနေသော်လည်း အိန္ဒိယထက် နည်းပါးနေကာ အမေရိကန် သို့မဟုတ် တရုတ်တို့နှင့် နှိုင်းယှဉ်စရာ မလိုလောက်အောင်ပင် နိမ့်ကျနေသည်။

ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်

ထို့ပြင် ရုရှား၏ စီးပွားရေးသည် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအပေါ်တွင်သာ အဓိက မှီခိုနေရသည်။

သို့သော် ရုရှားသည် ဥရောပ-အာရှ ကုန်းမြေပေါ်တွင် ဩဇာကြီးမားနေဆဲဖြစ်သည့် အလယ်အလတ်တန်းစား အင်အားကြီး နိုင်ငံဖြစ်ပြီး၊ ကုလသမဂ္ဂ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ကာ နျူကလီးယား လက်နက်လည်း ပိုင်ဆိုင် ထားသဖြင့် အင်အားကြီးနိုင်ငံအဆင့်ကို ပုံဖော်ရန် ကြိုးပမ်းနိုင်ဆဲဖြစ်သည်ဟု ယူဆခံထားရသည်။

သို့သော် လက်ရှိ ရလဒ်များက ရုရှား၏ ရည်မှန်းချက်များနှင့် ဆန့်ကျင်ဘက်သာ ဖြစ်နေခဲ့သည်။

တစ်စထက်တစ်စ ပိုမိုဆိုးရွားလာခြင်း
********************************
ယူကရိန်းစစ်ပွဲတွင် အောင်ပွဲ မရယူနိုင်သည့် အချိန်တွင် အခြားနေရာများတွင် ရုရှား၏ ဩဇာဖြန့်ကြက် နိုင်စွမ်းလည်း ထိခိုက်လာခဲ့သည်။

တစ်ချိန်က အစ္စရေးနှင့် ရင်းနှီးခဲ့သည့် ဆက်ဆံရေးသည် ယခုအခါတွင် ပြိုလဲလုနီးပါး ဖြစ်နေကာ ဆီးရီးယားတွင် လည်း ခြေကုပ်ယူ အသားစီးရမှုကို ဆုံးရှုံးခဲ့သလို မဟာမိတ်များဖြစ်သည့် အီရန်နှင့် ဗင်နီဇွဲလားတို့ကိုလည်း အကူအညီ မပေးနိုင်တော့သည်ကို မျက်မြင်တွေ့နေရပြီဖြစ်သည်။

တစ်ချိန်က အကန့်အသတ်မရှိသည့် မိတ်ဖက် ဆက်ဆံရေးအဖြစ် ကြေညာခဲ့သည့် တရုတ်ကလည်း ယူကရိန်း စစ်ပွဲတွင် ရုရှားဘက်မှ သိသိသာသာ ရပ်တည်ပေးခဲ့ခြင်း မရှိသလို လက်နက်များလည်း ထောက်ပံ့ပေးခဲ့ခြင်း မရှိပေ။

အိန္ဒိယကမူ ရုရှားထံမှ ရေနံများကို လျှော့စျေးဖြင့် ဝယ်ယူနေသလို လက်နက်များကိုလည်း ဆက်လက် ဝယ်ယူ နေဆဲ ဖြစ်သည်။

သို့သော် ထိုအခြေအနေသည် အိန္ဒိယ၏ ဘက်ပေါင်းစုံ ချဉ်းကပ်သည့် ပထဝီနိုင်ငံရေး မဟာဗျူဟာ အစိတ်အပိုင်း သာ ဖြစ်သည်။

အီရန်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

စိတ်ကူးနှင့် လက်တွေ့
*******************
တစ်ဖက်တွင်လည်း ယူကရိန်းသည် စစ်ပွဲအစောပိုင်းက ရရှိခဲ့သည့် အမေရိကန်၏ အကူအညီများကို ဆုံးရှုံးခဲ့ရ သည်။

သို့သော် ယူကရိန်းသည် အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများထံမှ ဘဏ္ဍာရေးနဲ့ စစ်ရေးအရ အကူအညီတွေကို ဆက်လက် ရရှိနေဆဲဖြစ်သည်။

နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ စစ်ပွဲစတင်ခဲ့ချိန်ကတည်းက အမေရိကန်က ထောက်ပံ့ပေးခဲ့ သည့် ဒေါ်လာ ၇၅ ဘီလျံနီးပါးရှိ စစ်ရေးအကူအညီသည် ယူကရိန်းအတွက် ပြည်ပနိုင်ငံများ၏ စုစုပေါင်း အကူအညီ၏ ၃၀ ရာခိုင်နှုန်းသာရှိခဲ့သည်။

ကျန်သည့် အကူအညီ ၇၀ ရာခိုင်နှုန်းနှင့် လွန်ခဲ့သည့် ၁၂ လအတွင်း ရရှိခဲ့သည့် စစ်ရေးအကူအညီများ အားလုံး သည် ဂျာမနီထံမှ ၂၀ ရာခိုင်နှုန်း၊ ဗြိတိန်ထံမှ ၉ ရာခိုင်နှုန်း၊ နော်ဝေထံမှ ၈ ရာခိုင်နှုန်းနှင့် ဆွီဒင်ထံမှ ၇ ရာခိုင်နှုန်း နှင့် အခြား အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများထံမှ ကူညီပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရုရှား၏ ယူကရိန်းအပေါ် ဆင်နွှဲသည့် စစ်ပွဲသည် အင်အားကြီးနိုင်ငံ အများအပြား ပါဝင်သည့် ဝင်ရိုးစုံ ကမ္ဘာ ပေါ်ပေါက်ရေးအတွက် အရှိန်အဟုန် ကောင်းလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် ထိုဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းသည် ရုရှားမျှော်မှန်းထားခဲ့သည့် ပုံစံမျိုးတော့ မဟုတ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

Source: Asia Times

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီရန်ရဲ့ အမြင့်ဆုံး အာဏာစုဖွဲ့ပုံကို ပြသထားစဉ်

အီရန်ရဲ့ ပါဝါ ဖွဲ့စည်းပုံကို တိုက်ခိုက်ခြင်း

By CNI
CNI
Category: ဆောင်းပါး
Hits: 814

CNI International Article

၂၀၂၆ ခုနှစ်၊ မတ်လ ၇

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်နိုင်ငံရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့က ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ (Ali Khamenei) သည် တိုက်ပွဲစတင်ခဲ့သည့် ပထမဆုံးနေ့မှာပင် သေဆုံးခဲ့သည်။

ထို့ပြင် နောက်ထပ်ရက်များတွင် ပြုလုပ်သည့် တိုက်ခိုက်မှုများအတွင်း အီရန်စစ်ဘက် ခေါင်းဆောင်ပိုင်းမှ အဓိက ကျသူ အများအပြားလည်း သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း အစ္စရေး၏ စစ်ဆင်ရေးများသည် အီရန်စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိအချို့ကို သတ်ဖြတ်နိုင်ခဲ့ပြီးဖြစ်သလို တစ်ချိန်က အရှေ့အလယ်ပိုင်း တစ်ခွင်တွင် ကြောက်ရွံ့ခဲ့ရသော အီရန်၏ လက်အောက်ခံ အဖွဲ့အစည်းများကိုလည်း အင်အားချည့်နဲ့သွားစေခဲ့သည်။

အီရန် ဟော်မုဇ်ရေလက်ကြား တိုက်ပွဲကို ပြသထားစဉ်

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကမူ ၎င်းနှင့် တရားစီရင်ရေးဌာန အကြီးအကဲ၊ သြဇာ ကြီးမားသော အုပ်ထိန်းသူကောင်စီ (Guardian Council) မှ အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်သည့် ဦးဆောင်မှု ကောင်စီ (Leadership Council) သည် အမြင့်ဆုံးခေါင်းဆောင် ခါမေနီ၏ တာဝန်များကို ယာယီလွှဲပြောင်း ရယူထားကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအား ဖျက်ဆီးရန်နှင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေရန် ကြိုးပမ်း နေကြောင်း လုံခြုံရေးအကြီးအကဲ အလီ လာရီဂျာနီ (Ali Larijani) က စွပ်စွဲပြောဆိုခဲ့သည်။

ထို့ပြင် ခွဲထွက်ရေးအင်အားစုများ အနေဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ရန် ကြိုးပမ်းလာပါက ပြင်းထန်သော တုန့်ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း လာရီဂျာနီက သတိပေးခဲ့သည်။

ခါမေနီ အသတ်ခံရပြီးနောက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက် မှုများသည် မကြာမီ ကာလအတွင်း အီရန်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်လာစေလိမ့်မည်ဟူသော ယူဆချက် အပေါ် အမေရိကန် အဆင့်မြင့်အရာရှိ အများအပြားက သံသယရှိနေဆဲဖြစ်သည်။

ခါမေနီ ချေမှုန်းခံရပြီးနောက် နောက်ဆက်တွဲ သက်ရောက်မှုများအပေါ် အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ ဆွေးနွေးချက်များသည် အစိုးရခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်၊ မဖြစ် ဆိုသည့် အချက်အတစ်ခုတည်းကိုသာ အာရုံစိုက် ဆွေးနွေးနေခြင်း မဟုတ်ပေ။

အီရန် ခေါင်းဆောင်မှုကို ပြသထားစဉ်

ခါမေနီ သေဆုံးသွားခြင်းသည် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်ရာတွင် အီရန်ဘက်မှ မည်မျှအတိုင်းအတာအထိ လိုက်လျောမည်နည်း ဆိုသည့် အချက်နှင့် ပတ်သက်၍ ဇန်နဝါရီလကတည်းက အမေရိကန်၏ ဌာနပေါင်းစုံမှ အရာရှိများအကြား အကျေအလည် ဆွေးနွေး ငြင်းခုံမှုများ ရှိခဲ့သည်။

သို့သော် လက်ရှိအချိန်အထိ အများသဘောတူညီချက် မရရှိသေးကြောင်း အမေရိကန်အရာရှိ နှစ်ဦးက ပြောကြား ခဲ့သည်။

ထို့ပြင် ခါမေနီ သေဆုံးခြင်းသည် အီရန်နိုင်ငံကို  ဒုံးကျည်၊ နျူကလီးယား အဆောက်အအုံများနှင့် စွမ်းဆောင် ရည်များကို ပြန်လည် တည်ဆောက်ခြင်းမှ မည်မျှ အတိုင်းအတာအထိ ဟန့်တားနိုင်မည်နည်း ဆိုသည့် အချက် ကိုလည်း အမေရိကန်အရာရှိများက ဆွေးနွေးခဲ့ကြကြောင်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိများက ပြောကြားခဲ့သည်။

Source: ရိုက်တာ

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်နဲ့ မန်စီးတီးအသင်းကို တွေ့ရစဉ်

ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ တန်းဆင်းဇုန် တိုက်ပွဲ 

By CNI
CNI
Category: ဆောင်းပါး
Hits: 682

CNI Sport Article

၂၀၂၆ ခုနှစ်၊ မတ်လ ၆

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ် ၂၉ အထိ ယှဉ်ပြိုင်ခဲ့ပြီးပြီဖြစ်လို့ လက်ကျန်ပွဲစဉ်တွေ ကစားဖို့ ၉ ပွဲသာ ကျန်ရှိတော့ပါတယ်။ 

ရာသီကုန်ဆုံးဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် အသင်းတွေ အားလုံးဟာ သူတို့ရဲ့မျှော်လင့်ချက်တွေအတွက် အစွမ်းကုန်ကြိုးစားနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။ 

လက်ရှိအချိန်ထိ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှု၊ ချန်ပီယံလိဂ်ဝင်ခွင့်၊ ဥရောပဝင်ခွင့်ရဖို့ အားပြိုင်မှုနဲ့ တန်းဆင်း ဇုန်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းမှုတွေဟာ အဖြေပေါ်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

ချန်ပီယံဆု အတွက်ကတော့ အာဆင်နယ်နဲ့မန်စီးတီးအသင်း ၂ သင်း ယှဉ်ပြိုင်နေရတာဖြစ်ပြီး အာဆင်နယ်အသင်း က အားသာချက် အနည်းငယ်ရှိနေပါတယ်။ 

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၇ မှတ် အသာရရှိနေတာပါ။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၈ ပွဲမှာ အဲဗာတန်၊ ဘုန်းမောက်၊ မန်စီးတီး၊ နယူးကာဆယ်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနဲ့ ကစားရမယ့်ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ် အသင်း ရယူနိုင်ပြီလို့ ပြောရမှာပါ။ 

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

မန်စီးတီးအသင်းကတော့ လက်ကျန် ၉ ပွဲမှာ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘန်လေ၊ အဲဗာတန်၊ ဘရန်ဖို့ဒ်၊ ဘုန်းမောက်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပွဲကြပ်တွေ ယှဉ်ပြိုင်ရမှာဖြစ်လို့ ခက်ခဲနိုင်ပေမယ့် ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင် လက်ကျန်ပွဲတိုင်းကို အမှားအယွင်း မလုပ်ဘဲ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေပါတယ်။ 

ချန်ပီယံလိဂ်ဝင်ခွင့်ကတော့ ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။ 

ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ၅ နေရာအထိ ရရှိမယ်ဆိုရင် ဒီ ၄ သင်းထဲက ၁ သင်းသာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ လက်ကျန် ၉ ပွဲကို ကြည့်ရမယ်ဆိုရင် အက်စတွန်ဗီလာ၊ ဘုန်းမောက်၊ လိဒ်စ်၊ ချယ်လ်ဆီး၊ ဘရန်ဖို့ဒ်၊ လီဗာပူးလ်၊ ဆန်းဒါးလန်း၊ နော်တင်ဟမ်ဖောရက်စ်၊ ဘရိုက်တန်အသင်းနဲ့ ကစားရမှာပါ။ 

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ အသင်းတွေနဲ့ ကစားရမှာဖြစ်လို့ အနည်း ငယ် ခက်ခဲမှုရှိနိုင်ပြီး နယူးကာဆယ်အသင်းနဲ့ပွဲက စွမ်းဆောင်ရည်ထက် ပိုပြီးကောင်းတဲ့ အရာကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။

အက်စတွန်ဗီလာအသင်းကတော့ လက်ကျန် ၉ ပွဲမှာ ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ နော်တင်ဟမ်ဖောရက်စ်၊ ဆန်းဒါးလန်း၊ ဖူလ်ဟမ်၊ စပါး၊ ဘန်လေ၊ လီဗာပူးလ်၊ မန်စီးတီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ 

နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲတွေမှာ ရလဒ်တွေ မကောင်းဖြစ်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲကို ပိုအာရုံစိုက် သွားနိုင်ပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူကာ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ ပြင်ဆင်လာ နိုင်ပါတယ်။ 

ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအဖြစ် နယူးကာဆယ်၊ အဲဗာတန်၊ မန်စီးတီး၊ ယူနိုက်တက်၊ ဘရိုက်တန်၊ နော်တင်ဟမ်ဖောရက်စ်၊ လီဗာပူးလ်၊ စပါး၊ ဆန်းဒါးလန်းသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်းလည်း လက်ကျန်ပွဲတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရနိုင်ပါတယ်။ 

လီဗာပူးလ်အသင်းရဲ့ လက်ကျန် ၉ ပွဲမှာတော့ စပါး၊ ဘရိုက်တန်၊ ဖူလ်ဟမ်၊ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်၊ ယူနိုက်တက်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာ၊ ဘရန်ဖို့ဒ်အသင်းတို့ ပါဝင်နေပါတယ်။ 

ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ လက်ကျန်ပွဲတွေ အားလုံးဟာ ခက်ခဲ နေတာဖြစ်လို့ ဘယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက် ခြေချော်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

တန်းဆင်းဇုန် အခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် ဘန်လေနဲ့ဝုလ်ဗ်စ်အသင်းတို့ဟာ သင်္ချာနည်းအရ မျှော်လင့်ချက် ရှိတယ်ဆိုပေမယ့် လာမယ့်ရာသီ ချန်ပီယံရှစ်ထံ တန်းဆင်းနိုင်ဖို့ များနေပါတယ်။

အဲ့ဒါကြောင့် တန်းဆင်းဇုန် လက်ကျန် ၁ နေရာအတွက် စပါး၊ လိဒ်စ်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်း အသင်းတို့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ 

ဒီ ၄ သင်းအကြားမှာ ရမှတ်ကွာဟမှုက နည်းတဲ့အတွက် နောက်ဆုံး ပွဲစဉ်ရောက်မှ အဖြေပေါ်ဖို့ ရှိနေတာပါ။ 

အဲ့ဒါကြောင့် ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေမှာ ချန်ပီယံဖြစ်လာမယ့် အသင်း၊ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို ရယူနိုင်မယ့် အသင်းတွေနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းရမယ့် အသင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယနိုင်ငံကို စွန့်ခွာသွားကြတဲ့ နိုင်ငံသားတွေကို သရုပ်ဖော်ပြထားစဉ်

ပြည်ပရောက် အိန္ဒိယနိုင်ငံသားတွေ ဘာလို့ အိမ်မပြန်ကြတာလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 862

CNI International Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်က X လူမှုမီဒီယာပေါ်ရှိ ပို့စ်တစ်ခုသည် အိန္ဒိယလူမျိုး များစွာကို အံ့အားသင့် စေခဲ့သည်။

X လူမှုမီဒီယာ အသုံးပြုသူတစ်ဦးက ကနေဒါတွင် အခြေချနေထိုင်သည့် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့် စကားပြော ဖြစ်ပုံကို ပို့စ်တင်ပြီး ပြန်လည် မျှဝေခဲ့ခြင်းဖြစ်သည်။

ထိုပို့စ်တွင် ကနေဒါ၌ နေထိုင်သည့် ၎င်း၏ သူငယ်ချင်းသည် ပညာတတ်တစ်ဦးဖြစ်ပြီး၊ အောင်မြင်မှု ရရှိနေကာ ဒေါ်လာ ၅ သိန်းခန့် စုမိဆောင်းမိနေကြောင်းနှင့် အိန္ဒိယသို့ ပြန်လာတော့မည် မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ ခြင်းဖြစ်သည်။

သူ့သူငယ်ချင်းသည် အိန္ဒိယကို မချစ်၍ ပြန်မလာခြင်း မဟုတ်ပေ။ ကနေဒါတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် စားဝတ်နေရေး အဆင်ပြေ ချောမွေ့နေချိန်တွင် အိန္ဒိယသို့ ပြန်လာခဲ့မည်ဆိုပါက မပြောပလောက်သည့် အခြေခံ ရပိုင်ခွင့်များအတွက် သည်းကြီးမဲကြီး ရုန်းကန် တောင်းဆိုနေရသည့် ဘဝကို မလိုချင်တော့ခြင်းကြောင့် ဖြစ်သည်။

ထိုပို့စ်အောက်တွင် မှတ်ချက်များစွာနှင့်အတူ ဆွေးနွေးမှုများ ပြင်းထန်ခဲ့သည်။

 ကနေဒါနိုင်ငံရောက် အိန္ဒိယနွယ်ဖွားတွေကို တွေ့ရစဉ်

တိုရွန်တိုမှ ဆရာဝန်များ၊ အမ်စတာဒမ်မှ အင်ဂျင်နီယာများ၊ အုတ်ကလန်းမှ သူနာပြုများ စသည်ဖြင့် နေရာဒေသ ကွဲပြားသော်လည်း ၎င်းတို့၏ ခံစားချက်ချင်းမှာ တူညီနေသည်။

၎င်းတို့၏ ဘုံခံစားချက်တစ်ခုမှာ အိန္ဒိယသည် ဆင်းရဲမွဲတေမှုနှင့် မဆိုင်ဘဲ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်များမှ ဖြစ်ပေါ်လာသည့် စနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အိန္ဒိယတွင် နေထိုင်ရသည်မှာ အလွန်ပင်ပန်းလွန်း သည်ဆိုသည့် ခံစားချက်ပင်ဖြစ်သည်။

တရားဝင် စာရင်းဇယားများအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ပြည်ပသို့ သွားရောက် အခြေချနေထိုင်သူ ၂၀၀,၀၀၀ ကျော်ကို ဆုံးရှုံးနေရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသား ၁ ဒသမ ၆ သန်းကျော်သည် အိန္ဒိယပတ်စ်ပို့များကို စွန့်လွှတ် ခဲ့ကြသည်။

၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် လူပေါင်း ၂၀၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခဲ့ကြသည်။ 

အိန္ဒိယ၏ ပြည်ပရောက် အသိုင်းအဝိုင်း (Diaspora) သည် လူဦးရေ ၃၅ ဒသမ ၄ သန်းအထိ ရှိနေပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး ပြည်ပရောက် အသိုင်းအဝိုင်း ဖြစ်လာခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ပြည်ပရောက် အိန္ဒိယသားများသည် အိန္ဒိယရှိ ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုများထံသို့ ဒေါ်လာ ၁၂၉ ဘီလီယံအထိ လွှဲပို့ခဲ့ကြပြီး ထိုပမာဏသည် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ကြည့်ပါက ပြည်ပမှ ပို့ငွေ အများဆုံး စံချိန်ဖြစ်သည်။

နိုင်ငံရေးသမားများက ခမ်းနားကြီးကျယ်သော ပြည်ပရောက် အသိုင်းအဝိုင်း ထိပ်သီး အစည်းအဝေးများတွင် ထိုကဲ့သို့ ငွေကြေးစီးဝင်မှုကို ဂုဏ်ပြုပြောဆိုလေ့ရှိကြသည်။

သို့သော် အိန္ဒိယနိုင်ငံရေးသမားများ ထုတ်မပြောသည့် အချက်မှာ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာသည် ပြည်တွင်းမှာထက် ပြည်ပတွင် ပိုမိုကောင်းမွန်သော ဘဝများကို တည်ဆောက်နိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။ 

 အမေရိကန်ရောက် အိန္ဒိယနွယ်ဖွားတွေကို တွေ့ရစဉ်

ထိုအချက်သည် အိန္ဒိယအာဏာပိုင်များ၏ စနစ်ပိုင်းဆိုင်ရာ ကျရှုံးမှုကို ဝန်ခံရာ ရောက်မည်ဖြစ်သဖြင့် နှုတ်ဆိတ် နေခဲ့ကြခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index) တွင် အိန္ဒိယသည် အဆင့် ၁၃၄ ၌ ရှိနေသည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ၏ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် အိန္ဒိယသည် ရမှတ် ၁၀၀ လျှင် ၃၈ မှတ်သာ ရရှိထားပြီး ဂမ်ဘီယာနိုင်ငံထက်ပင် နိမ့်ကျနေသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအရှိဆုံး နိုင်ငံများစာရင်း (World Happiness Report) တွင်လည်း အိန္ဒိယသည် အဆင့် ၁၂၆ တွင်သာ ရှိနေသည်။

ထိုအချက်များသည် အတိုက်အခံများ၏ ဝေဖန်မှုသက်သက် မဟုတ်ဘဲ ကမ္ဘာက စောင့်ကြည့်လေ့လာနေသည့် လက်တွေ့ကျသော ရလာဒ်များသာ ဖြစ်သည်။

ယနေ့ခေတ်တွင် အိန္ဒိယနိုင်ငံမှ ထွက်ခွာသွားကြသူများသည် အဆင်းရဲဆုံးသူများ သို့မဟုတ် မျှော်လင့်ချက် မရှိသည့်သူများ မဟုတ်ကြတော့ဘဲ နိုင်ငံရပ်ခြားတွင် ရွေးချယ်စရာ အခွင့်အလမ်းရှိသူများသာ ဖြစ်ကြသည်။

မိမိတို့၏ အရည်အချင်းဖြင့် ရွေးချယ်စရာရှိသူများက နိုင်ငံမှ ထွက်ခွာသွားပြီး ပြန်မလာတော့ခြင်းသည် မိခင် နိုင်ငံတွင် နေထိုင်ရခြင်း၏ တန်ဖိုးနှင့်ပတ်သက်သည့် ဆိုးရွားလှသော အခြေအနေတစ်ခုကို ဖော်ပြနေခြင်း ဖြစ်သည်။

“ကျနော် ဘန်ဂလူရူ (Bengaluru) မှာတုန်းက ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၃ နာရီလောက် ကားပိတ်တာနဲ့ အချိန်ကုန်ရတယ်၊ ကျနော့်ကို ဖြည်းဖြည်းချင်း သတ်နေတဲ့ ညစ်ညမ်းလေထုကို ရှူရှိုက်နေရတယ်၊ ပြီးတော့ စာရွက်စာတမ်း တစ်ခုရဖို့အတွက် လူတိုင်းကို လာဘ်ထိုးနေရတယ်။ မြူးနစ်မှာတော့ ကျနော် ဝင်ငွေ ပိုနည်းပါတယ်။ ဒါပေမယ့် ကျနော်မှာ ကိုယ်ပိုင်အချိန်တွေရှိတယ်၊ သန့်ရှင်းတဲ့လေရှိတယ်၊ ပြီးတော့ ရုံးပိတ်ရက် လည်း ရှိတယ်”ဟု ဂျာမနီနိုင်ငံ မြူးနစ် (Munich)မြို့သို့ ပြောင်းရွှေ့သွားသည့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်။

ထိုအခြေအနေသည် သာမန် အိန္ဒိယလူမျိုး တစ်ဦး ပုံမှန်ဘဝအတိုင်း ရှင်သန်နိုင်ရန် ကြိုးစားရင်း ကျန်းမာရေး အတွက် လက်ဆုပ်လက်ကိုင် မပြနိုင်သည့် ပေးဆပ်မှုများပင် ဖြစ်သည်။

ဒေလီမြို့၏ လေထု အရည်အသွေးသည် ပုံမှန်အားဖြင့် ၄၀၀ ထက် ကျော်လွန်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဘေးကင်းလုံခြုံမှု သတ်မှတ်ချက်ထက် အဆ ၂၀ ပိုများနေသည်။

အိန္ဒိယနိုင်ငံသားတွေရဲ့ နိုင်ငံခြားသွားလိုသော အိပ်မက်ကို သရုပ်ဖော်ပြထားစဉ်

၂၀၂၃ ခုနှစ် Lancet ကျန်းမာရေး ဂျာနယ်၏ လေ့လာချက်အရ လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံသား ၂ ဒသမ ၁ သန်းကျော် နှစ်စဉ် သေဆုံးနေရပြီး ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့ ၂၀ အနက် ၁၄ မြို့မှာ အိန္ဒိယ၏ မြို့များဖြစ်သည်။

လေထုညစ်ညမ်းမှုအပြင် စစ်ဆေးရေးဂိတ်များတွင် ပေးရသည့် တရားမဝင်ငွေကြေးများ၊ မြေဝယ်မည်ဆိုပါက ကြားပွဲစား ငှားရင်ငှား၊ သို့မဟုတ်ပါက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် ဥပဒေကြောင်းအရ အငြင်းအခုံများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအခြေအနေများသည် မူဝါဒ အမှားသက်သက်သာ မဟုတ်ဘဲ လူအများစု၏ သိက္ခာသည် အကြီးအကျယ် ခိုးယူခံနေရခြင်းလည်း ဖြစ်သည်။

ထိုစနစ် အမှားကြီးဖြင့် အကျိုးအမြတ် ရနေသူများသည် ထိုစနစ်ကြီးကို ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်အောင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသဖြင့် ခိုင်မာစွာ တည်ရှိနေခြင်းဖြစ်သည်။

အိန္ဒိယ၏ ပညာတတ်များ ပြည်ပသို့ထွက်ခွာမှု သို့မဟုတ် ဦးဏှောက် ယိုစီးမှုတွင် အမျိုးသမီးများလည်း ပါဝင်နေသည်။

ပြည်ပသို့ ထွက်ခွာသွားသည့် အမျိုးသမီးများအတွက် အဓိက တွန်းအားသည် လစာငွေကြောင့် မဟုတ်ဘဲ လွတ်လပ်ခွင့်ကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

အမျိုးသမီးများ အနေဖြင့် ည ၁၀ နာရီတွင် ဘေးအန္တရာယ်ကို ကြောက်ရွံ့ နေစရာမလိုဘဲ ရထားဘူတာကို လမ်း လျှောက် သွားနိုင်သည့် လွတ်လပ်ခွင့်၊ အမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ မရှိဘဲ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ခွင့်နှင့်  မိသားစုတွေ့ဆုံပွဲတိုင်းတွင် အမျိုးသမီး တစ်ဦး၏ အိမ်ထောင်မှု တာဝန်ထက် ဘာကြောင့် အလုပ်က ပိုပြီးအရေးကြီး နေသနည်းဆိုသည့် မေးခွန်းထုတ် စစ်ဆေး မေးမြန်းမှုတွေကို မခံယူရတော့သည့် လွတ်လပ်ခွင့်များဖြစ်သည်။

“အိန္ဒိယမှာ ကိုယ့်ရဲ့ကိုယ်ပိုင် စည်းကမ်းချက်တွေနဲ့ နေထိုင်ရဖို့ တော်တော်ခက်ခဲပါတယ်။ အကုန်လုံးကို လိုက်ပြီး ညှိနှိုင်းနေရပါတယ်။ ပြည်ပမှာတော့ ကျမ ဘာမှ ညှိနှိုင်းနေစရာ မလိုဘူး။ ကျမ ရှင်သန်နေရုံပါပဲ” ဟု ကနေဒါကို ထွက်ခွာသွားတဲ့ ပြည်သူ့ကျန်းမာရေး သုတေသီတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း မြင့်မားသော်လည်း မူဝါဒများ မရေရာခြင်း (ဥပမာ- နောက် ကြောင်းပြန် အခွန်ကောက်ခြင်း၊ ငွေစက္ကူဖျက်သိမ်းခြင်း) တို့ကြောင့် ရေရှည်စီမံကိန်းများမှာ လောင်းကစားကဲ့သို့ ဖြစ်နေသည်။ 

စနစ်၏ ခန့်မှန်းရခက်မှုသည် ရင်းနှီးမြှုပ်နှံသူများကို တွန့်ဆုတ်စေသည်။

အိန္ဒိယတွင် "Smart Cities" စီမံကိန်းများ ရှိသော်လည်း မြို့ကြီးများတွင် ရေကြီးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး အားနည်းခြင်းတို့မှာ နေ့စဉ်ပြဿနာ ဖြစ်နေသည်။

ကျန်းမာရေးဘတ်ဂျက် နည်းပါးမှုကြောင့် ကိုဗစ် ကပ်ရောဂါ ကာလတွင် ကျန်းမာရေး စနစ်တစ်ခုလုံး ပြိုလဲခဲ့ရ သလို၊ ပညာရေးစနစ်မှာလည်း အဆင့်မီရန် လိုအပ်နေဆဲဖြစ်သည်။

အဂတိလိုက်စားမှုသည် နိုင်ငံရေးနှင့် စီးပွားရေး ယန္တရားအတွင်း အမြစ်တွယ်နေပြီး ဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် လုပ်ငန်းစဉ်တိုင်းတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်နေရခြင်းတို့သည် နိုင်ငံသားတို့၏ သိက္ခာကို ထိခိုက်စေပြီး ပြည်တွင်းတွင် နေထိုင်လိုစိတ်ကို ကုန်ဆုံးစေသည်။

ယခု အခြေအနေနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှု တစ်ခုအတွင်း မှတ်ချက်ပေးသူတစ်ဦးက ယခုကိစ္စ တစ်ခုလုံးကို စာတစ်ကြောင်းတည်းဖြင့် အနှစ်ချုပ်ဖော်ပြခဲ့သည်။

“ခံစားချက်ကို မပြင်ပါနဲ့၊ စနစ်ကိုပဲ ပြင်ပါ။ အိန္ဒိယအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက ရှိပြီးသားပါ” ဟု ရေးသားခဲ့ သည်။

ထို့ကြောင့် အိန္ဒိယခေါင်းဆောင်များ ဖြေရှင်းရမည့် အချက်မှာ ပြည်ပရောက် အိန္ဒိယအသိုင်းအဝိုင်းများကို ဂုဏ်ပြု သည့် အခမ်းအနားများကိုသာ အရေးတယူ ကျင်းပနေရမည် မဟုတ်ဘဲ ဘတ်ဂျက်ခွဲဝေမှုများ၊ ဥပဒေပြုရေးနှင့် ဥပဒေစိုးမိုးရေး ကိစ္စရပ်များသာဖြစ်သည်။

ထိုအခြေအနေများကို မပြောင်းလဲသရွေ့ အိန္ဒိယနိုင်ငံသားများ အပြည့်တင်ထားသည့် လေယာဉ်များသည် ပြည်ပနိုင်ငံများသို့ ဆက်လက် ထွက်ခွာနေကြဦးမည်သာ ဖြစ်သည်။

Source: Asia Times

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပေါ့ဘာကို တွေ့ရစဉ်

ပေါ့ဘာရဲ့ မိုနာကိုအနာဂတ် ဘယ်လို ဖြစ်လာနိုင်လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 905

CNI Sport Article 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရဖူးတဲ့ ပြင်သစ်ကွင်း လယ်လူ ပေါ့ဘာရဲ့ မိုနာကိုအနာဂတ်ဟာ မေးခွန်းထုတ်စရာတွေ အများအပြား ရှိနေပါတယ်။ 

တားမြစ်ဆေးကြောင့် ဘောလုံးနဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေကနေ ၁၈ လကြာ ပိတ်ပင်ခြင်းခံခဲ့ရတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပြင်သစ်ကလပ် မိုနာကိုအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ 

မိုနာကိုအသင်းဟာ ပေါ့ဘာရဲ့ ကြံ့ခိုင်မှု၊ မြက်ခင်းစိမ်းနဲ့ ကာလကြာရှည် ဝေးကွာနေတဲ့ အခြေအနေတွေကို သိပေမယ့် သူပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ပြန်လာနိုင်ဖို့အတွက် ၂ နှစ် စာချုပ်ချုပ်ခဲ့တာပါ။ 

မိုနာကိုအသင်းဟာ ပေါ့ဘာကို ပွဲဦးထွက် အသုံးပြုဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ စောင့်ဆိုင်းခဲ့ရပြီး လက်ရှိ အချိန်မှာ လူစားဝင်အဖြစ် ၃ ပွဲသာ ကစားရသေးတာဖြစ်ပါတယ်။ 

ဒီပွဲတွေမှာ ပေါ့ဘာရဲ့ ပွဲကစားချိန် စုစုပေါင်းက မိနစ် ၃၀ သာရှိခဲ့တာပါ။ မိုနာကိုအသင်း CEO သီယာဂိုစကူရိုက ပေါ့ဘာကို ဘာကြောင့် ခေါ်ယူခဲ့လဲဆိုတာ talkSPORT နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ 

ပေါ့ဘာကို တွေ့ရစဉ်

သီယာဂိုစကူရိုက “သူဟာ ပွဲမကစားတာ ၂ နှစ်ကြာပြီဖြစ်လို့ သူ့ကို ခေါ်ယူတာက စိန်ခေါ်မှု မြင့်မားမယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ သူဟာ လိဂ်၊ မိုနာကို၊ စီးပွားရေး ဝင်ငွေနဲ့ အရာအားလုံးအတွက် မြင်သာမှုရှိတဲ့ အကျိုး သက်ရောက်မှုကို ယူဆောင်လာပေးတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျနော်တို့ အားလုံး သိကြတဲ့အတိုင်း ကစားသမားဟာ အရာအားလုံး ကောင်းမွန်စွာ လုပ်နိုင်ဖို့ ကွင်းထဲမှာ စွမ်းဆောင်ရည် ပြသနေရမှာပါ”လို့ ပြောခဲ့ပါ တယ်။ 

ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ ဒီဇင်ဘာလ ၁၃ ရက်မှာ ခြေသလုံးကြွက်သားဒဏ်ရာ ရပြီးကတည်းက အနားယူခဲ့ရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အသင်းလူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရတာပါ။ 

မိုနာကိုအသင်းဟာ ပေါ့ဘာရဲ့ လက်ရှိ အခြေအနေတွေကြောင့် ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ 

ပေါ့ဘာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သီယာဂိုစကူရိုက “ပေါလ်ဟာ ဒီလုပ်ငန်းစဉ်ကို ဆက်ပြီးရင်ဆိုင်ဖို့ ဆန္ဒရှိနေ သေးရင် ကျနော်တို့ ဘက်ကလည်း သင့်တော်တဲ့ အခိုက်အတန့်မှာ ရှိမယ်ဆိုရင် ဒီဆွေးနွေးမှုကို ကျနော်တို့ ဆက်ပြီး ပြုလုပ်သွားမှာပါ။ ဒါကဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ သူ့ကို ကွင်းထဲ ပိုပြီး ပါဝင်နိုင်အောင် အခွင့်အရေးပေးဖို့နဲ့ နောက်ထပ် ရာသီအနည်းငယ် သူကစားနိုင်တယ်ဆိုတာ ပြသဖို့အာရုံစိုက်နေတယ်”လို့ ပြောခဲ့ပါတယ်။ 

ပေါ့ဘာကို တွေ့ရစဉ်

ပေါ့ဘာဟာ မိုနာကိုအသင်းမှာ အကောင်းဆုံး ပုံစံတွေပြသပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ဒါပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပေါ့ဘာဟာ သူ့ရဲ့မျှော်လင့်ချက် အိပ်မက်တွေကို အဆုံးသတ်ရဖို့ များသွားပါပြီ။ 

ပေါ့ဘာအနေနဲ့ လက်ရှိအချိန်မှာ အာရုံစိုက်ရမှာက ဒဏ်ရာကနေ အမြန်ဆုံး ကောင်းမွန်ပြီး ရလဒ်တွေဆိုးနေတဲ့ မိုနာကိုအသင်းရဲ့ပွဲတွေမှာ အမြန်ဆုံး ပြန်လည်ပါဝင်နိုင်ဖို့ ဖြစ်ပါတယ်။ 

မိုနာကိုအသင်းဟာ ပြည်တွင်းဖလားနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်လို့ လီဂူး-၁ ပြိုင်ပွဲကို အပြည့်အဝ အာရုံစိုက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

Source: Goal

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံကို တွေ့ရစဉ်

ထိုင်း၏ ဘတ်ဂျက်လိုငွေပြမှုနှင့် ဘဏ္ဍာရေးအန္တရာယ်

By CNI
CNI
Category: ဆောင်းပါး
Hits: 841

CNI International Article 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

စာဖတ်သူများအနေဖြင့် ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်လာလိမ့်မည်ဟု ယုံကြည်ချင်သည်ဆိုပါက စာရေးသူအနေဖြင့် မိနစ်ပိုင်းအတွင်း ရှင်းပြနိုင်ပါသည်။

စာဖတ်သူများအနေဖြင့် ကိန်းဂဏန်းများနှင့် အချက်အလက်များကို လေ့လာသုံးသပ်နိုင်ရန်အတွက် ထိုင်း စီးပွားရေး၏ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် (ခန့်မှန်း) ဘဏ္ဍာရေး အခြေအနေများကို ရှင်းပြပေးမည်ဖြစ်သည်။

ထိုကိန်းဂဏန်းများက ထိုင်းနိုင်ငံတွင် စီးပွားရေးကို ထောက်ပံ့ရန် ဘဏ္ဍာငွေ ရှာဖွေနိုင်စွမ်း လုံးဝမရှိတော့ကြောင်း သက်သေပြနေသည်။ 

အကြောင်းအရင်းမှာ ဘဏ်လုပ်ငန်းကဏ္ဍသည် ချေးငွေ ထုတ်ပေးနိုင်စွမ်း မရှိတော့ခြင်းကြောင့် ဖြစ်သည်။ 

ထိုင်းစီးပွားရေး၏ ရန်ပုံငွေ လိုအပ်ချက်မှာ ပြည်ပမှ ငွေကြေးထောက်ပံ့မှု အပေါ်တွင်သာ အလုံးစုံ မှီခိုနေရပြီး အနာဂတ်တွင်လည်း ထိုအတိုင်းသာ ဖြစ်နေလိမ့်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ပြည်ပမှ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုမှာ ဒေါ်လာ ၃၁ ဒသမ ၇ ဘီလျံ (ဘတ်ငွေ ၁ ထရီလီယံနီးပါး) ရှိခဲ့သည်။

ထိုင်းငွေကြေး စနစ်ကို ပြသထားစဉ်

ထိုပမာဏသည် ဘတ် ၆၀၀ ဘီလီယံရှိသော ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန် လုံလောက်ရုံတင်မကဘဲ၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ဘဏ်ချေးငွေများနှင့် သက်တမ်းစေ့သွားသည့် ဒီဘင်ချာ ငွေချေးလက်မှတ် (အကြွေး စာချုပ်) များကို ပြန်လည် ပေးဆပ်နိုင်ရန် အတွက်ပါ လုံလောက်သော ပမာဏ ရှိခဲ့သည်။

သို့သော် ၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းချက်မှာ ၂၀၂၅ ခုနှစ်ကလောက် အခြေအနေ မကောင်းနိုင်ပေ။ 

အဘယ်ကြောင့်ဆိုသော် ပြည်ပမှ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုသည် ဘတ် ၄၅၀ ဘီလျံ (ဒေါ်လာ ၁၅ ဘီလျံ) အထိ ထက်ဝက်ခန့် လျော့ကျသွားနိုင်သောကြောင့် ဖြစ်သည်။

ထိုပမာဏသည် ဘတ် ၈၆၀ ဘီလျံရှိသော ဘတ်ဂျက်လိုငွေပြမှု၊ ဘတ် ၁၈၆ ဘီလျံရှိသော ပြန်လည်တောင်းခံထား သည့် ချေးငွေများနှင့် ဘတ် ၁၃၅ ဘီလျံရှိသော သက်တမ်းစေ့ ဒီဘင်ချာငွေချေး လက်မှတ်များကို ဖြည့်ဆည်းပေး ရန် လုံလောက်မှု မရှိတော့ပေ။

၂၀၂၆ ခုနှစ်အတွက် လိုအပ်မည့် စုစုပေါင်း ပြည်ပဘဏ္ဍာငွေမှာ ဘတ် ၁ ဒသမ ၂ ထရီလျံ (ဒေါ်လာ ၄၀ ဘီလျံ) ဖြစ်ပြီး ထိုပမာဏကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ထို့ကြောင့် ရလဒ်အနေဖြင့် ပြင်းထန်သော ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု ပြတ်လပ်ခြင်း သို့မဟုတ် ငွေကြေး လည်ပတ်နိုင်မှု ဆိုးရွားစွာ ပြတ်တောက်သွားခြင်း (Severe liquidity crunch) ဖြစ်ပေါ်လာမည်ဖြစ်ပြီး၊ ၁၉၉၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဘဏ္ဍာရေး အကျပ်အတည်းမျိုး ဖြစ်လာစေနိုင်သည်။

ထိုင်း ATM စက်များကိုတွေ့ရစဉ်

ဥပမာ ပြရမည်ဆိုပါက Severe liquidity crunch ဆိုသည်မှာ ဘဏ်များတွင် ချေးငွေထုတ်ပေးရန် ငွေမလုံ လောက်ခြင်း၊ ကုမ္ပဏီများ လစာပေးရန် ငွေမရှိခြင်းနှင့် လူများက ATM မှ ငွေထုတ်၍ မရခြင်းတို့ဖြစ်သည်။

စီးပွားရေးပညာရှင် တစ်ဦးဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီး အခ်နီတီ နီသီသန်ပရာပတ် (Ekniti Nitithanprapas) အနေဖြင့် ငွေကြေးဆိုသည်မှာ ကောင်းကင်မှ အလိုလို ကျလာလိမ့်မည် မဟုတ်သလို သစ်ပင်များမှလည်း သီးပွင့် လာလိမ့်မည် မဟုတ်ကြောင်း နားလည် သဘောပေါက်သင့်သည်။

ငွေကြေးကို အရင်းအမြစ် နှစ်ခုမှ ဖန်တီးပေးခြင်းဖြစ်သည်။ ပထမအရင်းအမြစ်မှာ ပြည်တွင်းချေးငွေ တိုးချဲ့ခြင်း ဖြစ်ပြီး ပညာရပ်ပိုင်းဆိုင်ရာအရ Net Domestic Assets (NDA) ဟု ခေါ်ဆိုသည်။ ဒုတိယအရင်းအမြစ်မှာ ပြည်ပမှ အရင်းအနှီးများ စီးဝင်လာခြင်းဖြစ်ပြီး ပညာရပ်ပိုင်းအရ Net Foreign Assets (NFA) ဟု ခေါ်ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ငွေကြေးကို ပြည်တွင်း ချေးငွေမှတဆင့် ထုတ်လုပ်ခြင်းက ပိုမိုကောင်းမွန်သည်။ 

ပြည်ပ အရင်းအမြစ်များအပေါ် မှီခိုလွန်းခြင်းသည် စီးပွားရေးကို မတည်မငြိမ် ဖြစ်စေနိုင်ပြီး ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ကြုံတွေ့ခဲ့ရသော Tom Yum Kung crisis စီးပွားရေး ပျက်ကပ်ကဲ့သို့ အန္တရာယ်များကို ဖြစ်ပေါ်စေ နိုင်သည်။

ပြည်ပမှ အရင်းအနှီးများ စီးဝင်သည့် (NFA) အလွန်အကျွံ များပြားလာချိန်တွင် ထိုသို့ စီးဝင်လာမှုကြောင့် ဖြစ်ပေါ် လာသော ပိုလျှံနေသည့် ငွေဖြစ်လွယ်မှု၊ ပိုလျံငွေပေါ်လွယ်မှု (Excess liquidity) ကို ဗဟိုဘဏ်က ပြန်လည် ထိန်းညှိရန် စီးပွားရေး စာအုပ်များနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အကြံပြုထားသည်။

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အန္တရာယ်ဇုန်အတွင်းသို့ စတင်ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် ဘဏ်လုပ်ငန်း ကဏ္ဍသည် ချေးငွေအသစ်များ ထုတ်ပေးခြင်းကို သိသိသာသာ လျှော့ချခဲ့သဖြင့် ပြည်တွင်းပိုင်ဆိုင်မှု (NDA) ကျဆင်းခဲ့သည်။

ထိုင်းဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းစနစ်ကို ပြုပြင်ပေးမည့်အစား ချို့ယွင်းနေသော ဘဏ်များကြောင့် ဖြစ်ပေါ် လာသည့် ငွေဖြစ်လွယ်မှု ပြတ်လပ်ခြင်းကို ဖြေရှင်းရန်အတွက် ငွေကြေးပမာဏ (Money Supply) ကို ၂ ဆ တိုးမြှင့်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင်မူ အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။

ဘဏ်လုပ်ငန်းစနစ်သည် လက်တွေ့တွင် နှေးကွေးလေးလံလာပြီး ချေးငွေအသစ်များ ထုတ်ပေးခြင်းကို ရပ်တန့် လိုက်သည်။ ထို့ပြင် ဘတ် ၁၄၈ ဘီလျံရှိသော အရစ်ကျ ချေးငွေများကိုပင် ပြန်လည်သိမ်းဆည်းခဲ့သဖြင့် NDA မှာ အနုတ်လက္ခဏာ ဖြစ်သွားခဲ့သည်။

စီးပွားရေး သီအိုရီအရဆိုလျှင် ပြည်တွင်း၌ ငွေဖြစ်လွယ်မှု ဆိုးရွားစွာ ပြတ်လပ်နေသဖြင့် ထိုနှစ်မှာပင် ဒီဘင်ချာ အကြွေးစာချုပ် စျေးကွက်မှစပြီး စီးပွားရေးပြိုလဲသွားသင့်ပြီ ဖြစ်သည်။

သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေး ခြိမ်းခြောက်မှုများနှင့် မသေချာ မရေရာမှုများက စီးပွားရေး ပြိုလဲမည့် အခြေအနေကို ကယ်တင်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ထိုင်းငွေကြေးကို တွေ့ရစဉ်

၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းသွားသောကြောင့် ရင်းနှီးမြှုပ်နှံသူများက စိတ်ချရသော ထိုင်းဘတ်ငွေထဲသို့ ငွေများအလုံးအရင်းနှင့် ပြောင်းရွှေ့ထည့်သွင်းခဲ့ကြသည်။

ထို့ပြင် အမေရိကန်သို့ ကုန်ပစ္စည်းများ အမြောက်အမြား တင်ပို့ရောင်းချခဲ့ရသောကြောင့် နိုင်ငံအတွင်းသို့ ငွေ အမြောက်အမြား စီးဝင်ခဲ့သည်။

ရလဒ်အနေဖြင့် ပြည်ပမှ စီးဝင်လာသော ထိုငွေများကြောင့် ထိုင်းနိုင်ငံတွင် ငွေကြေး ပြတ်လပ်မှုမရှိဘဲ စီးပွားရေး ဆက်လက် လည်ပတ်နိုင်ခဲ့သည်။

၂၀၂၆ ခုနှစ်တွင်မူ ပြည်ပမှ ငွေဝင်နှုန်းမှာ ယခင်နှစ်ကထက် ထက်ဝက်ကျော်ခန့် လျော့ကျသွားမည်ဟု ခန့်မှန်းရပြီး ပို့ကုန်မှရမည့် ဝင်ငွေများမှာလည်း ယခင်ကဲ့သို့ များပြားတော့မည် မဟုတ်ပါ။

ဝင်ငွေနည်းသွားသော်လည်း အစိုးရက ဘတ်ဂျက်တွင် ဘတ် ၈၆၀ ဘီလျံ လိုငွေပြသည့် အခြေအနေအထိ ငွေကြေးသုံးစွဲရန် စီစဉ်ထားသည်။ 

ထို့ကြောင့် စီးပွားရေး တိုးတက်မှုနှုန်းနှင့် အစိုးရ၏ အသုံးစရိတ်ကြားတွင် ဘတ် ၅၄၀ ဘီလီယံခန့် ကွာဟနေပြီး ထိုပမာဏကို ဖြည့်ဆည်းရန် နည်းလမ်းမရှိသလောက် ဖြစ်နေသည်။

ခြုံငုံသုံးသပ်ရမည်ဆိုပါက ထိုင်းစီးပွားရေးသည် မိမိဘာသာ ရပ်တည်နိုင်စွမ်းမရှိဘဲ ပြည်ပမှ ငွေကြေးစီးဝင်မှု အပေါ်တွင်သာ မှီခိုနေရသည်။

အကယ်၍ လိုအပ်နေသော ငွေကြေးပမာဏကို မရှာဖွေနိုင်ပါက ၁၉၉၇ ခုနှစ်ကကဲ့သို့ ပြင်းထန်သော စီးပွားရေး ပျက်ကပ်မျိုး ထပ်မံကြုံတွေ့ရနိုင်ပေသည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘိုဒိုဂလင့်အသင်းကို တွေ့ရစဉ်

ဘိုဒိုဂလင့်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မျှော်လင့်ချက် 

By CNI
CNI
Category: ဆောင်းပါး
Hits: 738

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ဒီရာသီမှသာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ နော်ဝေကလပ် ဘိုဒိုဂလင့်အသင်း ကတော့ အားလုံးကို မထင်မှတ်ထားတဲ့ အရာတွေ လုပ်ပြနေပါတယ်။ 

ဘိုဒိုဂလင့်အသင်းဟာ ပြီးခဲ့တဲ့ ရှုံးထွက်အဆင့် ပလေးအော့ဖ် ပထမအကျော့ပွဲမှာ မနှစ်ကရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အင်တာမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘိုဒိုဂလင့်အသင်းဟာ အင်တာမီလန်အသင်း မတိုင်မီ League Phase နောက်ဆုံး ၂ ပွဲမှာ ဥရောပထိပ်သီးတွေ ဖြစ်တဲ့ မန်စီးတီးနဲ့ အက်သလက်တီကိုအသင်းတို့ကို အနိုင်ယူခဲ့တာပါ။

အဲ့ဒါကြောင့် ဘိုဒိုဂလင့်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပထိပ်သီး အသင်း ၃ သင်းကို ဆက်တိုက် အနိုင် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဥရောပထိပ်သီးတွေနဲ့ ယှဉ်ရင် အားနည်းတဲ့ အသင်းဖြစ်ပေမယ့် ဘိုဒိုဂလင့်အသင်းရဲ့ နောက်ဆုံး ၃ ပွဲ စွမ်းဆောင် ရည်က အသိအမှတ်ပြုခံရဖို့ ထိုက်တန်ခဲ့တာပါ။ 

ဘိုဒိုဂလင့်အသင်းဟာ လူဦးရေ ၅၅,၀၀၀ သာရှိတဲ့ ဘိုဒိုအခြေစိုက် အသင်းဖြစ်ပြီး သူတို့အသင်းရဲ့ ဈေးကွက် တန်ဖိုးဟာ ပေါင် ၄၉ သန်းသာရှိတယ်လို့ သိရပါတယ်။ 

ဘိုဒိုဂလင့်အသင်းဟာ မန်စီးတီးနဲ့ အက်သလက်တီကို အသင်းတို့ကို အနိုင်မရမီမှာ ချန်ပီယံလိဂ် League Phase ကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့ပေမယ့် ဒီနိုင်ပွဲတွေကြောင့် ပလေးအော့ဖ်ဆက်ပြီး ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

ဘိုဒိုဂလင့်အသင်း အနိုင်ရယူခဲ့တဲ့အသင်းတွေကို တွေ့ရစဉ်

ဘိုဒိုဂလင့်အသင်းဟာ ဥရောပဖလား ပြိုင်ပွဲတွေမှာ အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းဖြစ်ပေမယ့် သူတို့ ကို အားလုံး သတိထားမိခဲ့တာကတော့ ၂၀၂၁-၂၂ ရာသီ ကွန်းဖရန့်လိဂ် အုပ်စုအဆင့်မှာ ရိုးမားအသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။

ဒီနိုင်ပွဲနဲ့အတူ အိမ်ကွင်း မာကျောတဲ့ ဘိုဒိုဂလင့်အသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ စောင့်ကြည့်ခြင်းခံရတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့ပါတယ်။ 

ဘိုဒိုဂလင့်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်တဲ့ ပထမဆုံး နော်ဝေကလပ် အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

ဘိုဒိုဂလင့်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပါးအသင်းကို အရေးနိမ့်ခဲ့တာပါ။ 

ဘိုဒိုဂလင့်အသင်းဟာ ဒီရာသီမှာတော့ ချန်ပီယံလိဂ် League Phase ကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အုပ်စုပွဲတွေမှာ ဆလားဗီးယား၊ စပါး၊ ဂါလာတာစာရေး၊ မိုနာကို၊ ဂျူဗင်တပ်စ်၊ ဒေါ့မွန်၊ မန်စီးတီး၊ အက်သလက်တီကို အသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ 

ဘိုဒိုဂလင့်အသင်း ပရိသတ်ကို တွေ့ရစဉ်

ဘိုဒိုဂလင့်အသင်းဟာ ဆလားဗီးယား၊ စပါးနဲ့ ဒေါ့မွန်အသင်းတို့ကို သရေကစားပြီး မန်စီးတီးနဲ့ အက်သလက်တီကို အသင်းတို့ကို အနိုင်ရရှိကာ ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ 

ဘိုဒိုဂလင့်အသင်းဟာ ပလေးအော့ဖ်အဆင့် ပထမအကျော့မှာ အင်တာမီလန်အသင်းကို အနိုင်ရခဲ့တာကြောင့် ၁၆ သင်းအဆင့် တက်နိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။ 

ဒီရာသီ နော်ဝေလိဂ် မစတင် ရသေးတာကြောင့်လည်း ဘိုဒိုဂလင့်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်းကို ပိုပြီးအာရုံစိုက်ခွင့် ရှိနေတာပါ။ 

အဲ့ဒါကြောင့် ဘိုဒိုဂလင့်အသင်းဟာ ဒီအချက်ကို အားသာချက်အဖြစ် အသုံးချခွင့် ရှိနေပါတယ်။ ဒါပေမယ့် ဆန်စီရို ကွင်းမှာ ကစားမယ့် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်ဟာ ဘိုဒိုဂလင့်အသင်းအတွက် ခက်ခဲမှုတွေ အများကြီး ရှိနိုင်ပါတယ်။ 

ဘိုဒိုဂလင့်အသင်း နည်းပြက သူတို့ဟာ ဒုတိယအကျော့ပွဲမှာ ခံစစ်ကို ကောင်းမွန်စွာ ကစားပြီး တန်ပြန် တိုက်စစ် အတွက် အခွင့်အရေးတွေ ဖန်တီးပေးဖို့ လိုတယ်လို့ ပြောထားပါတယ်။ 

ဘိုဒိုဂလင့်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့ရဲ့ နောက်ထပ် ရည်မှန်းချက်ဖြစ်တဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ဖို့ အင်တာမီလန်အသင်းကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာဂဒေသကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ရောက်လာစဉ်

နာဂယူနစ်က ဘယ်ဒေသတွေလဲ 

By CNI
CNI
Category: ဆောင်းပါး
Hits: 1021

CNI Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ 

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ချင်းယူနစ်၊ ကချင်ယူနစ်၊ နာဂယူနစ် နဲ့ ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) ဒေသဆိုပြီး သူတို့ သတ်မှတ်ထားကြောင်း၊ အဲဒီ ဒေသတွေကို ထိန်း ချုပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသနဲ့ အောက်ပိုင်းဒေသ တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်မယ်လို့ ပြော ခဲ့တယ်။

အဲဒီ ပြောကြားချက်ကတော့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်း အနားကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ လုပ်တဲ့ အချိန်က ဖြစ်တယ်။

ဒါပေမယ့် နာဂယူနစ်က ဘယ်ဒေသတွေလဲ၊ နာဂယူနစ်ထဲမှာ ဘယ်ဒေသတွေ ပါတယ်ဆိုတာကိုတော့ သူပြော မသွားဘူး။

ဆိုတော့ နာဂယူနစ်ဒေသတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီးဒေသ၊ ဟုမ္မလင်းဒေသ၊ ရွှေပြည်အေးဒေသ၊ ဖောင်းပြင်ဒေသ၊ တမူးဒေသတွေကို ထည့်သွင်းထားသလား သို့မဟုတ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီးဒေသ၊ ဟုမ္မလင်းဒေသကို ထည့်သွင်းထားသလား သို့မဟုတ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသပဲလား.........?

သို့သော် နာဂလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ NSCN-K/AM နဲ့ NSCN-K/YA တို့ကရော ဘယ်လို စဉ်းစား မလဲ၊ နာဂလက်နက်ကိုင်တွေ မျှော်တွေးထားတဲ့ နာဂယူနစ်က ဘယ်ဒေသတွေလဲ၊ နာဂယူနစ်ထဲမှာ ဘယ်ဒေသ တွေပါလဲ......?

အလားတူ အရှေ့နာဂအမျိုးသားအစည်းအရုံး(ENNO/ENDA)နဲ့ နာဂ PDF ကရော KIA ပြောတဲ့ နာဂယူနစ်ကို ဘယ်လို စဉ်းစားထားလဲ၊ နာဂယူနစ်က ဘယ်ဒေသတွေလဲ၊ နာဂယူနစ်ထဲမှာ ဘယ်ဒေသတွေပါသလဲ.......?

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းမြေပုံကို တွေ့ရစဉ်

ENNO/ENDA နဲ့ NPDF တွေက KIA ရဲ့ လက်နက်ခဲယမ်း ထောက်ပံ့မှုနဲ့ စစ်သင်တန်းပေးမှုတွေကို ရရှိထားတဲ့ အဖွဲ့ တွေဖြစ်သလို KIA နဲ့ ပူးတွဲပြီးတော့ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းထဲမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဖြစ် တဲ့အတွက် KIA ပြောတဲ့ နာဂယူနစ်ဒေသကို ကြိုတင် ညှိနှိုင်း သဘောတူညီ ထားပြီးဖြစ်မယ်လို့ နားလည်မိတယ်။

ဒီနောက် NSCN-K/YA ကလည်း KIA နဲ့ဆက်ဆံရေး တစ်ရပ်ရှိထားသလို တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ ကြားနေရတဲ့ အခါကျတော့ KIA ပြောတဲ့ နာဂယူနစ်က ဘယ်ဒေသတွေ လဲဆိုတာကို အနည်းအကျဉ်းတော့ သိထားနိုင်တယ်လို့ မြင်တယ်။

ဒါပေမယ့် NSCN-K/AM အဖွဲ့ကတော့ အားလုံးနဲ့ ထိတွေ့ ဆက်ဆံနိုင်ရေးကို တည်ဆောက်ထားသလို ဆက်ဆံမှု တွေလည်း ရှိနေတယ်လို့ နားလည်ထားတဲ့အတွက် ဒီအဖွဲ့ရဲ့ နာဂယူနစ် နယ်မြေ စဉ်းစားချက်ကလည်း ဘယ်လို ရှိနေနိုင်သလဲ........?

နာဂလက်နက်ကိုင်တွေဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွင်းမှာရှိတဲ့ နာဂလူမျိုးစုတွေကို စုစည်းပြီးတော့ လွတ်လပ် တဲ့ နာဂပြည်ထောင်စု (သို့မဟုတ်) လွတ်လပ်တဲ့ နာဂနိုင်ငံတော် ထူထောင်ရေးကို ရည်မှန်းထားကြပါတယ်။ 

ဒါပေမယ့် ဘယ်ဒေသတွေကို စုစည်းပြီးတော့ အကောင်အထည်ဖော်မလဲ........?

ဒေသတွင်း သတင်းရင်းမြစ်တွေကတော့ မြန်မာနိုင်ငံထဲမှာ အခြေစိုက်ပြီး နေနေတဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ကချင်ပြည်နယ်ထဲက တနိုင်း-ရှင်ဗွေယန်ကနေ စစ်ကိုင်းတိုင်းဒေသကြီးထဲက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီး၊ ဟုမ္မလင်း၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ တမူးအထိ နာဂယူနစ်အနေနဲ့ စိတ်ကူးထားတယ်လို့ ဆိုကြတယ်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်

မည်သို့ပင်ဆိုစေကာမူ KIA ရဲ့ နာဂယူနစ် သတ်မှတ်ချက်နဲ့ နာဂ လက်နက်ကိုင်တွေရဲ့ နာဂယူနစ် သတ်မှတ်ချက် အကြား ဘယ်လို အပေးအယူလုပ်မလဲ၊ နာဂယူနစ် သတ်မှတ်ချက် အပေးအယူ အလုပ်ဖြစ်ခဲ့ရင် နာဂယူနစ် ထိန်း ချုပ်ရေးကို အကောင်အထည်ဖော်ရမှာဖြစ်တဲ့အတွက် အိန္ဒိယ-မြန်မာ- ရှမ်းနီက ဘယ်လို စဉ်းစားလာနိုင်သလဲ....?

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅-၁၆ ရက်မှာတော့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နာဂဒေသ (လဟယ်-လေရှီး)နဲ့ ဟုမ္မလင်းဒေသကို ရောက်ရှိလာခဲ့တယ်။ 

အဲဒီခရီးစဉ်မှာပဲ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် ဒေသတွင်းနေ ပြည်သူလူထုတွေ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့၊ နာဂဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တာ လုပ်ပေးမယ်၊ လက်နက်ကိုင်တွေဟာ ဒေသတွင်းက သယံဇာတတွေ တရားမဝင် ထုတ်ပြီးတော့ ရောင်းချ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောခဲ့တယ်။

နာဂဒေသနဲ့ ဟုမ္မလင်းဒေသ ခရီးစဉ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နှစ်သစ်ကူး အခမ်းအနား မတက်ရောက်တော့ဘဲ သွားရောက်ခဲ့ပုံပေါ်တဲ့အခါကျတော့ ဒီခရီးစဉ်ကို အရေးကြီးပုံပေါ်တယ်။

အလားတူ KIA ရဲ့ နာဂယူနစ် သတ်မှတ်ချက်က ဘယ်ဒေသတွေ ပါတယ်ဆိုတာ သေချာမသိရပေမယ့် နာဂ ဒေသနဲ့ နီးကပ်တဲ့ ဒေသတွေဟာ ရှမ်းနီလူမျိုးတွေနဲ့ ရှမ်းမျိုးနွယ်စုတွေ နေထိုင်ရာ ဒေသတွေဖြစ်တဲ့အတွက် ရှမ်းနီ တွေရဲ့ အခန်းကဏ္ဍကလည်း ထည့်သွင်း စဉ်းစားရမယ့် အနေအထားမှာ ရှိလာနိုင်ပါတယ်။

 NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

အိန္ဒိယကတော့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ အပေါ်ကို အခြေခံ စဉ်းစားပြီးတော့ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် ပဋိပက္ခကို ဘယ်ဖက်မှ မပါဘဲ စောင့်ကြည့်ရေး မူဝါဒနဲ့ပဲ သွားမယ့်ပုံပေါ်တယ်။ ဒါပေမယ့် အိန္ဒိယရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်လာစေတဲ့ အခြေအနေ တစ်ခုဖြစ်ပေါ်လာရင်တော့ အိန္ဒိယရဲ့ စဉ်းစားချက်တွေကလည်း တစ် မျိုး ဖြစ်လာနိုင်ပါတယ်။ 

လက်ရှိလည်း အိန္ဒိယက မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မူးယစ်ဆေးဝါး မှောင်ခိုဈေး ကွက်၊ ရွှေမှောင်ခိုဈေးကွက်၊ လက်နက်ခဲယမ်း မှောင်ခိုဈေးကွက်၊ စစ်ပြေးရှောင် ဒုက္ခသည် ဝင်ရောက်မှု၊ မဏိပူရ ပြည်နယ်အတွင်းက ကူကီးနဲ့ကသည်း လူမျိုးရေး ပဋိပက္ခ အခြေအနေ၊ အိန္ဒိယ နာဂတွေနဲ့ နယ်စပ် ခြံစည်းရုံးခတ် မှု အခြေအနေ၊ NSCN-IM နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ ကုလားတန်မြစ် စီမံကိန်းရပ်တန့်နေမှု စတဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်နေရတယ်။

မည်သို့ပင်ဆိုစေကာမူ KIA ဟာ နာဂ လက်နက်ကိုင် အားလုံးကို စည်းရုံးနိုင်ပြီး စုစည်းကာ ပူးတွဲတိုက်ပွဲ ဖော်ဆောင်လာနိုင်ခဲ့မယ် ဆိုရင်တော့ နာဂယူနစ်နဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးနဲ့ ပေါင်းဖက်လိုက်မယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အလယ်ပိုင်းကနေ အထက်ပိုင်း အပါအဝင် ကချင်ပြည်နယ် ဝင်ပေါက် အားလုံးကို ထိန်းချုပ်သွားနိုင်မယ့် အနေအထား ရှိသွား နိုင်ပါတယ်။

ဒီနောက်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနဲ့ ချင်းယူနစ်ကို ပေါင်းစပ်နိုင်ဖို့အတွက် ဆက်လက် ဖော် ဆောင်လာနိုင်ခြေ ရှိပါလိမ့်မယ်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနဲ့ ချင်းယူနစ်ကိုပါ ထိန်းချုပ်နိုင်ခဲ့ပြီးဆိုရင် တော့ ရခိုင်ပြည်နယ်ကို ချိတ်ဆက်ပြီး ပင်လယ်ထွက်ပေါက်ကို တည်ဆောက်လာနိုင်မည်။

တခြားတစ်ဖက်မှာလည်း မန္တလေးတိုင်းနဲ့ မကွေးတိုင်းက PDF တွေကို ပံ့ပိုးပေးပြီးတော့ မြန်မာနိုင်ငံရဲ့ အလယ် ဗဟိုကို စစ်ရေးဖိအားပေးထားပြီးတော့ မြန်မာ့တပ်မတော်၏ တန်ပြန် စစ်ရေးဖိအားကို ကာကွယ်ထားနိုင်မှာ ဖြစ် ပါတယ်။

KIA ရဲ့ နာဂယူနစ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး ထိန်းချုပ်ရေးနဲ့ ချင်းယူနစ် ပေါင်းစပ်ရေး မဟာဗျူဟာ အလုပ်ဖြစ် မဖြစ်ကတော့ စောင့်ကြည့်လေ့လာနေရန်သာ ရှိလေသတည်း။

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆာအိဖ် အယ်လ်အစ္စလာမ် ကဒါဖီကို တွေ့ရစဉ်

ဆာအိဖ် ကဒါဖီကို ဘယ်သူတွေက ဘာကြောင့် လုပ်ကြံခဲ့တာလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 781

CNI Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂

လစ်ဗျား အာဏာရှင်ဟောင်း မူအာမာ ကဒါဖီ (Muammar Gaddafi) ၏ သားဖြစ်သူ ဆာအိဖ် အယ်လ်အစ္စလာမ် ကဒါဖီ (Saif al-Islam Gaddafi) သည် ဖေဖော်ဝါရီ ၃ ရက်က ဇင်တန် (Zintan) မြို့ရှိ ၎င်း၏ နေအိမ်ခြံဝင်း အတွင်းတွင် သေနတ်ဖြင့် ၁၉ ချက် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။

ဆာအိဖ်သည် ၂၀၁၁ ခုနှစ်တွင် ဖမ်းဆီးခံရပြီးကတည်းက လစ်ဗျား အနောက်တောင်ဘက်ရှိ တောင်ပေါ်မြို့ ဖြစ်သည့် ဇင်တန်၌ နေထိုင်ခဲ့ခြင်းဖြစ်သည်။

မျက်နှာဖုံးစွပ် အမျိုးသားလေးဦးက လုံခြုံရေးကင်မရာများကို ကြိုတင်ဖျက်ဆီးခဲ့ပြီးနောက် ဆာအိဖ်၏ ခြံဝင်း အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှု မဖြစ်ပွားမီ မိနစ် ၉၀ ခန့်အလိုတွင် ဆာအိဖ်၏ လုံခြုံရေး အစောင့်တပ်ဖွဲ့ဝင်များသည် ထိုခြံဝင်းအတွင်း မှ ထွက်ခွာသွားခဲ့ကြသည်။

ထိုလုံခြုံရေးအစောင့်များ ခြံဝင်းအတွင်းမှ မည်သည့် အကြောင်းကြောင့် ထွက်သွားခဲ့ကြသည်ကို ရှင်းလင်းစွာ မသိရပေ။

ပစ်ခတ်မှု ပြီးဆုံးသွားချိန်တွင်လည်း မျက်နှာဖုံးစွပ် သေနတ်သမားများသည် အလျင်စလို ထွက်ပြေးတိမ်းရှောင် သွားခြင်းမရှိဘဲ တည်ငြိမ် အေးဆေးစွာဖြင့် ထွက်ခွာသွားခဲ့ကြသည်။

ထိုမျက်နှာဖုံးစွပ် သေနတ်သမားများကို လိုက်လံဖမ်းဆီးသူ မရှိသလို မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက် ဖြစ်ကြောင်း ဝန်ခံခြင်း မရှိပေ။

ထို့နောက် သေနတ်သမားများသည် လူမသိသူမသိ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ကြသည်။

လစ်ဗျားနိုင်ငံတွင် ထိုကဲ့သို့ တိတ်ဆိတ်မှုမျိုးသည် လူသတ်သမားများအနေဖြင့် လိုက်လံဖမ်းဆီးခံရမည့်အရေး သို့မဟုတ် စုံစမ်းစစ်ဆေးခံရမည့်အရေးကို ကြောက်ရွံ့စရာမလိုသည့် အခြေအနေမျိုးကို ပြသရာရောက်နေသည်။

ဆာအိဖ်သည် လစ်ဗျားနိုင်ငံကို နှစ်ပေါင်း ၄၀ ကျော်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် လူထုအုံကြွမှုတွင် ရာထူးမှ ဖယ်ရှားခံရကာ အသတ်ခံခဲ့ရသည့် အာဏာရှင် ကဒါဖီ၏ ဒုတိယမြောက်သားဖြစ်သည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၄ ခုနှစ်မှစပြီး ပြိုင်ဘက်အင်အားစု နှစ်ခုအကြား ကွဲပြားနေခဲ့သည်။

နိုင်ငံအနောက်ဘက်တွင်မူ ထရီပိုလီ (Tripoli) မြို့တော်အခြေစိုက် အစိုးရအဆက်ဆက်ရှိခဲ့ပြီး ယခုနောက်ဆုံး ဝန်ကြီးချုပ် အဗ်ဒူ ဟာမစ် ဒီဘီဘာ (Abdul Hamid Dbeibah) ဦးဆောင်သည့် အစိုးရသည် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုဖြင့် အာဏာကို ရယူထားသည်။

နိုင်ငံအရှေ့ဘက်တွင်မူ စစ်ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာ (Khalifa Haftar) က ယူအေအီး၊ ရုရှားနှင့် အီဂျစ် နိုင်ငံတို့၏ ကျောထောက်နောက်ခံဖြင့် စစ်အင်အားသုံးကာ နယ်မြေများကို ထိန်းချုပ်ထားသည်။

လစ်ဗျား အာဏာရှင်ဟောင်း မူအာမာ ကဒါဖီကို တွေ့ရစဉ် 

တစ်ချိန်တည်းမှာပင် ဘင်ဂါဇီ (Benghazi) မြို့ရှိ ဟစ်ဖ်တာ၏ အမည်ခံအစိုးရက လက်တွေ့တွင် စစ်အုပ်ချုပ်ရေး ဖြစ်နေသည့် အခြေအနေကို အရပ်ဘက် အုပ်ချုပ်ရေးပုံစံအဖြစ် ဖုံးကွယ်ပေးထားသည်။

ဆာအိဖ်ကို လုပ်ကြံသတ်ဖြတ်မှု၏ လုပ်ဆောင်ပုံ အဆင့်ဆင့်က ဖြစ်ရပ်မှန်ကို ဖော်ပြနေသည်။

ထိုဖြစ်ရပ်သည် ပြီးစလွယ် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုမျိုး မဟုတ်ပါ။

ဆာအိဖ်၏ လှုပ်ရှားမှုများ၊ ၎င်း၏ လုံခြုံရေး အစီအမံများနှင့် အတွင်းစည်းများကို နားလည်ထားသူများက အချိန်တို အတွင်း တိကျစွာ အကောင်အထည်ဖော်ခဲ့သော စစ်ဆင်ရေးတစ်ခုဟု သတ်မှတ်နိုင်သည်။

ဆာအိဖ်နှင့် နီးစပ်သူများကမူ ထိုလုပ်ကြံ သတ်ဖြတ်မှုတွင် အတွင်းလူ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ဆာအိဖ်ထံသို့ ရောက်ရှိနိုင်ရန် လက်နက်ရှိရုံဖြင့် မလုံလောက်ပေ။ ၎င်း၏ နေ့စဉ် လုပ်ဆောင်ချက်များ၊ လုံခြုံရေး အစောင့်များနှင့် ၎င်း၏ အသက်အန္တရာယ်ကို ကာကွယ်ပေးထားသည့် စီမံချက်များကိုပါ သိရှိနားလည်နိုင်ရန် လိုအပ်သည်။

နှစ်ပေါင်းများစွာအတွင်း ဆာအိဖ်သည် ဒေသတွင်း အင်အားစုများနှင့် နားလည်မှုယူခြင်း၊ တစ်ခါတစ်ရံတွင် ရုရှားနှင့် ဆက်နွှယ်သည့် လုံခြုံရေး အကူအညီများဖြင့် နည်းမျိုးစုံသုံးပြီး ဖုံးကွယ်နေထိုင်ခဲ့သည်။

သို့သော် တိုက်ခိုက်မှု ဖြစ်ပွားသည့် ညတွင်မူ ထိုအကာအကွယ် အားလုံးကို ရုပ်သိမ်းထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ဆာအစ်ဖ်ကို လုပ်ကြံသည့် စစ်ဆင်ရေးကို စီစဉ်သူသည် ထိုအကာအကွယ်များ ရုပ်သိမ်းသွားမည်ကို ကြိုတင်သိရှိနေသူဖြစ်သည်။

လုပ်ကြံသတ်ဖြတ်မှုသည် အသံတိတ် ပြီးဆုံးသွားသော်လည်း လုပ်ဆောင်ပုံ နည်းစနစ်နှင့် လုပ်နိုင်စွမ်းတို့ကို သုံးသပ်ရမည်ဆိုပါက ကျူးလွန်သူသည် မည်သူဖြစ်နိုင်သည်၊ မည်သည့် အတွက်ကြောင့် လုပ်ကြံခဲ့သည်ဆိုသည့် အချက်များကို ယခုဆောင်းပါးကို ဖတ်ရှုပြီးပါက စာဖတ်သူကိုယ်တိုင် သိရှိ နားလည်လာလိမ့်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ထရီပိုလီမြို့တော်၏ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သော SSA ၏ တပ်မှူး အဗ်ဒယ်လ်ဂါနီ အယ်လ် ကစ်ကလီ (Abdelghani al-Kikli) သည် ပြိုင်ဘက် တပ်ဖွဲ့တစ်ဖွဲ့၏ လုပ်ကြံခြင်း ခံရခဲ့ချိန်က နောက် ဆက်တွဲ အခြေအနေသည် ချက်ချင်းဆိုသလို ပရမ်းပတာ ဖြစ်သွားခဲ့သည်။

လက်နက်ကိုင် တိုက်ပွဲများကြောင့် မြို့တော်၏ နေရာ အတော်များများ ပိတ်ဆို့သွားခဲ့ရပြီး ထိုဖြစ်ရပ်သည် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ရန်လိုမှုကြောင့်ဖြစ်ကာ မည်သူ့ လက်ချက်ဖြစ်ကြောင်း ချက်ချင်း သိသာထင်ရှားခဲ့သည်။

ဆာအိဖ်ကို လုပ်ကြံခဲ့သည့် စစ်ဆင်ရေးသည် ကစ်ကလီကို လုပ်ကြံသည့် ဖြစ်ရပ်နှင့် လုံးဝတူညီခြင်း မရှိပေ။

ဆာအိဖ်၏ ဖြစ်စဉ်တွင် တိကျသေချာမှုနှင့် လုပ်ကြံမှုအပေါ် အသံတိတ်နေမှုက အခြား အင်အားစုတစ်ခုကို ညွှန်ပြနေသည်။

ဟက်ဖ်တာ၏ ဩဇာစက်ဝိုင်းအတွင်းရှိ ဝေဖန်သူများ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသူများနှင့် အနှောင့်အယှက် ဖြစ်စေ သော ပုဂ္ဂိုလ်များသည် အမြဲတစေ အသံတိတ် ဖယ်ရှားခြင်း ခံခဲ့ရဖူးပါသည်။

ဟက်ဖ်တာ၏ တပ်ဖွဲ့အတွင်းမှ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဆီး ရန် အလိုရှိနေသည့် မာမွတ် အယ်လ်ဝါဖာလီ (Mahmoud al-Werfalli) သည် ၂၀၂၁ ခုနှစ်တွင် ဘင်ဂါဇီမြို့၌ နေ့လည်ခင်းမှာပဲ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

စစ်ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာကို တွေ့ရစဉ်

ထိုဖြစ်စဉ် အပြီးတွင်လည်း မည်သည့် စုံစမ်းစစ်ဆေးမှုမှ ပေါ်ပေါက်မလာခဲ့သလို အခြားသူများသည်လည်း အလားတူ ပုံစံမျိုးဖြင့် အသံတိတ် အရှင်းခံခဲ့ရသည်။

ထိုကဲ့သို့ စစ်ဆင်ရေးများသည် နယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ရန် မလိုအပ်ပေ။

လုပ်ကြံသူများသည် လျှို့ဝှက်ကွန်ရက်များ၊ ခြိမ်းခြောက်မှုများနှင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိမည်ဆိုသည့် မျှော်လင့်ချက်တို့ အပေါ်တွင်သာ အမှီပြု လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ထိုအချက်များထဲက တစ်ခုမှ ခိုင်မာသော သက်သေ အထောက်အထား မဟုတ်ပေ။ လစ်ဗျားနိုင်ငံတွင် ခိုင်မာသော သက်သေ အထောက်အထားကို ရရှိရန် ခက်ခဲသည်။

ထပ်တလဲလဲ ဖြစ်ပေါ်နေသော ပုံစံများကိုသာ တွေ့နိုင်သော်လည်း ၎င်းတို့၏ နောက်ကွယ်တွင် ခိုင်မာသော အစီအစဉ်များ ရှိနေတတ်ပါသည်။

ကဒါဖီ တည်ဆောက်ခဲ့သည့် နိုင်ငံရေးစနစ်သည် ၂၀၁၁ ခုနှစ်တွင် ပျောက်ကွယ်သွားခဲ့ခြင်း မဟုတ်ပေ။

ကဒါဖီ၏စနစ်ကို အစိတ်အပိုင်းများအဖြစ် ဖြတ်၊ ညှပ်၊ ကပ် ပြုလုပ်ကာ ပုံစံသစ်ဖြင့် ပြန်လည်အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။

ဟက်ဖ်တာသည် ထိုစနစ်၏ အကြွင်းအကျန်များဖြစ်သော မျိုးနွယ်စု အချင်းချင်း အထောက်အပံ့ပေးသည့် ကွန်ရက်များ၊ လုံခြုံရေးဆိုင်ရာ အဆင့်ဆင့်အုပ်ချုပ်မှု ယန္တရားများနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို အခြေခံသည့် စီးပွားရေးစနစ်များအား ဆက်ခံကျင့်သုံးခဲ့ပြီး မိသားစု ကောင်းစားရေးကို ဦးစားပေးခဲ့သည်။

ထိုစနစ်ကို ဟက်ဖ်တာ၏ သားဖြစ်သူ ဆတ်ဒမ် ဟက်ဖ်တာ (Saddam Haftar)  ကွပ်ကဲသည့် Tariq bin Ziyad တပ်မဟာကဲ့သို့ အထူးကိုယ်ရံတော် တပ်ဖွဲ့ဖြင့် အခိုင်အမာ အကာအကွယ် ပေးထားသည်။

ဆတ်ဒမ်သည် ၎င်းဘာသာ တစ်ဖက်သတ် အမည်ပေးထားသော လစ်ဗျားအမျိုးသားတပ်မတော် (LNA) ၏ ဒုတိယစစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး ဖခင်ဖြစ်သူ ဟက်ဖ်တာ၏ နေရာကို ဆက်ခံရန် အလားအလာ အရှိဆုံးသူ ဖြစ်သည်။

ကဒါဖီ၏ သစ္စာခံဟောင်းများကို ထိုစနစ်သစ်အတွင်းမှ ဖယ်ထုတ်ထားခြင်း မရှိသော်လည်း ၎င်းတို့ကို မည်သည့် အခါမှ အပြည့်အဝ ယုံကြည်ခဲ့ခြင်း မရှိပေ။

ကဒါဖီလိုလားသော နိုင်ငံရေးသမားများနှင့် စစ်ဗိုလ်ချုပ်များကို ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် ဟက်ဖ်တာ၏ လက်အောက်သို့ ပြန်လာရန် တိုက်တွန်းခဲ့ပြီး တင်းကြပ်သော စည်းကမ်းချက်များ အောက်တွင်သာ ပြန်လည် လက်ခံခဲ့သည်။

ဥပမာအားဖြင့် တစ်ချိန်က ဆာအိဖ်၏ ညီဖြစ်သူ ခါမစ် (Khamis) ၏ နာမည်ကျော် အမှတ်-၃၂ တပ်မဟာ (32nd Brigade) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဟက်ဆန် ဇာဒ်မာ (Hassan Zadma) ကဲ့သို့သော ပုဂ္ဂိုလ်များကို ၎င်းတို့၏ အသုံးဝင်မှုကြောင့်သာ သိမ်းသွင်းခဲ့ခြင်းဖြစ်ပြီး မိတ်ဖက်များအဖြစ် ပူးပေါင်းခဲ့ခြင်း မဟုတ်ပေ။

ကဒါဖီ၏ သစ္စာခံများသည် ဟက်ဖ်တာ၏ ထိန်းချုပ်မှုကို ခြိမ်းခြောက်လာသည့် အခါမျိုးတွင်မူ ဘေးချိတ်ခံရခြင်း သို့မဟုတ် ၎င်းတို့၏ အဖွဲ့အစည်းများ ဖျက်သိမ်းခံရခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဆာအိဖ်မှာမူ ကဒါဖီ၏ အခြား သစ္စာခံဟောင်းများကဲ့သို့ ဟက်ဖ်တာ၏ အင်အားစုတွင် ပါဝင်ရန် ကမ်းလှမ်းခံရဖူး ခြင်း မရှိပေ။

ဆာအိဖ်သည် လက်ရှိစနစ်၏ ပြင်ပတွင်သာ ရှိနေခဲ့ပြီး အခြေအနေ တစ်ခုအရ သည်းခံစောင့်ကြည့်ခံနေရသူ သို့မဟုတ် ထိန်းချုပ်ခံထားရသူသာ ဖြစ်သည်။

သူသည် ၂၀၁၇ ခုနှစ်ကတည်းကပင် လုပ်ကြံသတ်ဖြတ် ခံရနိုင်သည့် ခြိမ်းခြောက်မှုအောက်တွင် နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာကို တွေ့ရစဉ်

ဆာအိဖ်သည် ပြုပြင်ပြောင်းလဲရေးကို ကိုယ်စားပြုသူ မဟုတ်ပေ။ သူသည် လက်ရှိ အာဏာရှင်များ၏ နေရာကို အစားထိုးမည့် အာဏာရှင်လောင်း တစ်ဦးအဖြစ် ကိုယ်စားပြုနေခြင်း ဖြစ်သည်။

ဟက်ဖ်တာအတွက် ဆာအိဖ်၏ အန္တရာယ်မှာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အန္တရာယ်မျိုး ဖြစ်သည်။

ဟက်ဖ်တာသည် မဟာမိတ်အုပ်စုကို စုစည်းထားခြင်းမှာ အတွေးအခေါ် ဝါဒကြောင့် မဟုတ်ဘဲ အကျိုးခံစားခွင့် များ ခွဲဝေပေးမှုကြောင့်သာ ဖြစ်သည်။ 

ထိုအကျိုးခံစားခွင့်များကို ခွဲဝေရာတွင်လည်း ညီမျှမှု မရှိပေ။ အချို့သော မျိုးနွယ်စုများနှင့် လက်နက်ကိုင် အဖွဲ့ များသည် အခြားသူများထက် ပိုမိုရရှိနေကြသည်။

အကယ်၍ ဟက်ဖ်တာ သေဆုံးသွားခဲ့လျှင် ရသင့်သလောက် မရခဲ့ကြောင်း ခံစားနေရသူများသည် အာဏာ ဆက်ခံမှု အပြောင်းအလဲ ကာလကို ၎င်းတို့၏ ရပိုင်ခွင့်များအတွက် ပြန်လည်ညှိနှိုင်းရန် အခွင့်အရေး တစ်ခုအဖြစ် မြင်ကြလိမ့်မည်။ သို့မဟုတ်ပါက ပိုကောင်းသည့် ကမ်းလှမ်းချက် ပေးသူထံသို့ ဘက်ပြောင်းသွားကြလိမ့်မည်။

ဟက်ဖ်တာ လက်ထက်တွင် ရသင့်သလောက် မရခဲ့သည့် လက်နက်ကိုင်အဖွဲ့များကို ဆွဲဆောင်နိုင်လောက်သည့် သမိုင်းကြောင်းနှင့် မျိုးရိုးအမည် အရှိန်အဝါရှိသော တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ဆာအိဖ်ဖြစ်သည်။

သူသည် ဟက်ဖ်တာက ပုံစံသစ်ဖြင့် ပြန်လည် အသုံးပြုနေသည့် ဖခင်ဖြစ်သူ ကဒါဖီ၏ စနစ်ဟောင်းကို အမွေ ခံမည့်သူ ဖြစ်သည်။

ဆာအိဖ်သာ အာဏာရလာခဲ့လျှင် ထိုစနစ်ကို ဖျက်သိမ်းမည် မဟုတ်ပေ။ သူသည်လည်း ထိုအကျိုးခံစားခွင့် ခွဲဝေမှုနှင့် အာဏာရှင်ဆန်သော တုန့်ပြန်မှုများဖြင့်ပင် ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်သည်။ 

ထို့ကြောင့် စနစ်က အတူတူပင်ဖြစ်ပြီး အုပ်ချုပ်သည့် မိသားစုသာ ကွဲပြားသွားမည်ဖြစ်သည်။

ထိုအချက်ကပင် ဆာအိဖ်ကို ဟက်ဖ်တာ၏ လက်ရှိစနစ်အတွင်း နေရာပေးရန် အလွန်ခက်ခဲစေခဲ့ခြင်း ဖြစ်သည်။

ဆာအိဖ်ကို လုပ်ကြံမှု မဖြစ်ပွားမီ ၄၈ နာရီအလိုတွင် ဟက်ဖ်တာ၏ သားဖြစ်သူ ဆတ်ဒမ် ဟက်ဖ်တာသည် ထရီပိုလီအခြေစိုက် ကုလသမဂ္ဂ အသိအမှတ်ပြု အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၏ တူဖြစ်သူနှင့် လစ်ဗျား အမျိုးသား လုံခြုံရေးယန္တရား၏ အကြီးအကဲဖြစ်သူ အီဘရာဟင် ဒီဘီဘာ (Ibrahim Dbeibah) နှင့် ပဲရစ်မြို့ရှိ Elysee နန်းတော်တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်မျှ မရှိခဲ့ပေ။ 

သို့သော် ပေါက်ကြားလာသော သတင်းများအရ ဆွေးနွေးမှုတွင် အစီအစဉ် တစ်ခုတည်းသာ ရှိသည်ဟု ဆိုကြသည်။

ထိုအစီအစဉ်မှာ လစ်ဗျားရှိ ပြိုင်ဘက် အစိုးရနှစ်ဖွဲ့ဖြစ်သည့် စစ်ခေါင်းဆောင် ဟက်ဖ်တာ အစိုးရနှင့် ကုလ အသိ အမှတ်ပြု ဝန်ကြီးချုပ် ဒီဘီဘာ၏ အစိုးရအဖွဲ့တို့ကြား နောက်ထပ်တစ်ကြိမ် ကြားဖြတ်ညီညွတ်ရေးအစိုးရတစ်ရပ် ကို ထပ်မံ ဖွဲ့စည်းနိုင်မည် ဟုတ်၊ မဟုတ်ဆိုသည့် အချက်ဖြစ်သည်။
ထိုအစိုးရအောက်တွင် ဟက်ဖ်တာ၏ တပ်ဖွဲ့ (LAAF) ကို နိုင်ငံတော်၏ လက်အောက်သို့ တရားဝင် သွတ်သွင်းမည် ဖြစ်ပြီး၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကို ဟက်ဖ်တာ မိသားစုနှင့် ဒီဘီဘာ မိသားစုနှစ်ခုအကြား ခွဲဝေယူ ကြမည် ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲများကိုလည်း ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ထပ်မံရွှေ့ဆိုင်းသွားမည်ဖြစ်သည်။

လစ်ဗျားပြည်သူများသည် ၂၀၁၄ ခုနှစ်ကတည်းက မဲပေးခွင့် မရရှိခဲ့ကြပေ။

ကဒါဖီနဲ့ သားဖြစ်သူ ဆာအိဖ်ကို တွေ့ရစဉ်

ထို့ပြင် မအောင်မြင်ခဲ့သော အာဏာလွှဲပြောင်းရေး အစီအစဉ်များ၊ ဖောက်ဖျက်ခံခဲ့ရသော ရွေးကောက်ပွဲ ကတိ ကဝတ်များနှင့် လူဟောင်းများကိုသာ အာဏာတည်မြဲစေရန် ရည်ရွယ်သည့် ကြားဖြတ် အစီအစဉ်သစ်များကြောင့် လူထုကြား မကျေနပ်ချက်များသည် ပိုမိုကြီးမားလာခဲ့သည်။

ပဲရစ်တွင် ညှိနှိုင်းခဲ့သည့် ဟက်ဖ်တာနှင့် ဒီဘီဘာ မိသားစုနှစ်ခုအကြား အာဏာခွဲဝေမှုသည် လူထု၏ ဒေါသကို မီးတောင် ပေါက်ကွဲသကဲ့သို့ ဖြစ်စေလိမ့်မည်။

ထိုအခြေအနေမျိုးတွင် ဆာအိဖ် အနေဖြင့် ရွေးကောက်ပွဲတွင် မူဝါဒ လမ်းစဉ်များကို အထူးတလည် ချပြနေရန်ပင် မလိုဘဲ မဲစာရင်းတွင် ပါဝင်နေရုံဖြင့် ဟက်ဖ်တာနှင့် ဒီဘီဘာတို့ကို မုန်းတီးနေသည့် လူထု၏ မဲများကို သိမ်းကြုံး ရယူနိုင်မည်ဖြစ်သည်။

အကောင်အထည် ပေါ်လာခဲ့ခြင်း မရှိသည့် ၂၀၂၁ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဆာအိဖ်သည် ဟက်ဖ်တာထက် လူထုထောက်ခံမှုနှုန်း သိသိသာသာ များပြားခဲ့သည်။

ဆာအိဖ်သည်လည်း အာဏာရှင်ကဲ့သို့ အုပ်ချုပ်လိမ့်မည်ဖြစ်သဖြင့် လစ်ဗျားပြည်သူများသည် အာဏာရှင်များကြား ရွေးချယ်ရမည်ဆိုပါက လက်ရှိ အာဏာရှင်များဖြစ်သည့် ဟက်ဖ်တာနှင့် ဒီဘီဘာတို့၏ စနစ်ကို ဆန့်ကျင်သည့် အာဏာရှင် (ဆာအိဖ်) ကိုသာ ရွေးချယ်မည်ဖြစ်သည်။

ဆာအိဖ်ကို ထိုအာဏာခွဲဝေမှု အစီအစဉ်သစ် အတွင်းသို့ ဆွဲသွင်းခဲ့မည်ဆိုပါက ဟက်ဖ်တာနှင့် ဒီဘီဘာတို့ နှစ်ဖက် စလုံးအတွက် မတည်မငြိမ် ဖြစ်စေမည်ဖြစ်ပြီး ဆာအိဖ်ကို ချန်လှပ်ထားခဲ့မည်ဆိုပါကလည်း ဆာအိဖ်သည် လက်ရှိ စနစ်ကို မကျေနပ်သည့် လစ်ဗျားပြည်သူတိုင်း၏ ဒေါသကို ဖော်ထုတ်မည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာပေလိမ့် မည်။

ဆာအိဖ် အသတ်ခံရပြီး ၅ ရက်အကြာတွင် ဆာအိဖ်၏ မျိုးနွယ်စုဝင်များသည် ဆာအိဖ်ကို ဖခင်ဖြစ်သူ၏ သစ္စာခံ များ ကြာရှည်စွာ အခြေစိုက်ခဲ့သည့် ဘာနီ ဝါလစ် (Bani Walid) မြို့၌ သင်္ဂြိုဟ်ခဲ့ကြသည်။

ဆာအိဖ်၏ မျိုးနွယ်စုဝင်များက ဆာအိဖ်၏ဖခင် ကဒါဖီ မျိုးနွယ်စုများ အခြေစိုက်ရာ ဆာတီ (Sirte) မြို့တွင် သင်္ဂြိုဟ်ရန် ဆန္ဒရှိခဲ့သော်လည်း ဟက်ဖ်တာ၏ တပ်ဖွဲ့များက ခွင့်မပြုခဲ့ပေ။

ဆာအိဖ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဧည့်ခံပွဲများကိုလည်း ပိတ်ပင်ခဲ့သလို၊ လူထု၏ ငိုကြွေးပူဆွေး မှုများကိုလည်း တားဆီးခဲ့သည်။

ဆာအိဖ်သည် အသက်ရှင်ချိန်ကတည်းက မည်သည့်နေရာတွင် နေထိုင်ရမည်။ မည်သူ့ကို တွေ့ဆုံရမည်။ မည်သည့် အချိန်တွင် စကားပြောရမည်ဆိုသည့် အသွားအလာ၊ အနေအထိုင်၊ အပြောအဆိုတို့ ထိန်းချုပ်ခံရပြီး ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ရသူဖြစ်သည်။

ယခုအခါတွင်လည်း သူ မည်သည့် နေရာတွင် သေဆုံးရမည်ကို လုပ်ကြံသူများက ဆုံးဖြတ်ခဲ့ကြပြီး ၎င်း၏ ရုပ် အလောင်းကို မည်သည့်နေရာ၌ မြှုပ်နှံရမည်ကို နိုင်ငံရေးပြိုင်ဘက်များက ဆုံးဖြတ်ခဲ့ကြသည်။

ထိုလုပ်ကြံမှုတွင် မည်သူ့ကိုမျှ ဖမ်းဆီး အရေးယူခြင်း မရှိခဲ့သလို နောက်လည်း ရှိလာမည်မဟုတ်ပေ။

လစ်ဗျားနိုင်ငံတွင် လုပ်ကြံမှုတစ်ခု ဖြစ်ပြီးတိုင်း အသံတိတ်နေခြင်းသည် အဖြေမရှိခြင်းကြောင့် မဟုတ်ပေ။ 

ထိုကဲ့သို့ အသံတိတ်နေမှုကပင် အဖြေတစ်ခုဖြစ်နေသည်။

Source: အယ်လ်ဂျာဇီးယား

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် 

By CNI
CNI
Category: ဆောင်းပါး
Hits: 665

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာတဲ့ အင်္ဂလန်တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ ဆန္ဒရှိနေပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့လုပ်ခလစာကို လျှော့ယူပြီး ဘာစီလိုနာအသင်းမှာ ဆက်နေချင်ပေမယ့် သူ့ရဲ့ဘာစီလိုနာ အသင်း အနာဂတ်ဟာ မတ်လမှာ ကျင်းပမယ့် အသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲအပေါ် မူတည်နေပါတယ်။ 

ဘာစီလိုနာအသင်းဟာ သွင်းဂိုး ၁၀ နဲ့ ဂိုးဖန်တီးမှု ၁၀ ဂိုးနဲ့အထက် ပြုလုပ်ထားတဲ့ ရက်ရှ်ဖို့ဒ်ကို ရာသီကုန်ချိန်မှာ ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။ 

ဘာစီလိုနာအသင်းဟာ ရာသီကုန်ချိန်မှသာ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပြီး ဒါက နောက်လာ မယ့် အသင်းဥက္ကဋ္ဌသစ် အပေါ်မှာ မူတည်နေတာပါ။ 

ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူခဲ့တဲ့ လာပေါ်တာဟာ ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပြန်လည် ယှဉ်ပြိုင်ဖို့အတွက် လက်ရှိ အချိန်မှာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ထားပါတယ်။ 

လာပေါ်တာဟာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူဖို့ ဆုံးဖြတ်နိုင်ပါတယ်။ လာပေါ်တာသာ အနိုင်မရခဲ့ရင်တော့ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ဟာ စဉ်းစားစရာတွေ ရှိလာပါတယ်။ 

လာပေါ်တာဟာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌရာထူးအတွက် ဗစ်တာဖောင့်၊ မာခ့်စီရီယာ၊ ဇာဗီရာ၊ ယိုအန်ကမ်ရူဘီတို့ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းက သူ့ကို အပြီးသတ် မခေါ်ယူခဲ့ရင် ယူနိုက်တက်အသင်းထံ ပြန်လာရမှာ ဖြစ်ပေမယ့် ယူနိုက်တက်အသင်းကတော့ သူမပါဝင်တော့တဲ့ အနာဂတ်ကို စီစဉ်မှုတွေ ပြုလုပ်နေတာပါ။ 

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်း အပြီးသတ် ဝယ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်နဲ့ လာပေါ်တာကို တွေ့ရစဉ်

ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ယူနိုက်တက်အသင်း နည်းပြ မိုက်ကယ်ကာရစ်ဟာ ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ပြန်လည် တွေ့ချင်နေတယ်လို့ ဖော်ပြထားတာပါ။ 

မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်အသင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ အတူတွဲ အလုပ်လုပ် ဖူးတာကြောင့် သူ့ရဲ့အကြောင်းကို နားလည်တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် မိုက်ကယ်ကာရစ်ရဲ့ စာချုပ်ဟာ ဒီရာသီကုန်အထိသာ ရှိတာကြောင့် ယူနိုက်တက်အသင်းဟာ နွေရာသီ အထိ ဝေးကွာနေတဲ့ အကြောင်းကို စဉ်းစားနေခြင်းမရှိတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့ဘဲ မနှစ်က ရာသီရဲ့ ဒုတိယရာသီဝက်မှာ အက်စတွန်ဗီလာအသင်းထံ အငှားချခံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ နွေရာသီတုန်းက ယူနိုက်တက်အသင်းကြီး လူစာရင်းနဲ့ အဝေးမှာ သီးခြား လေ့ကျင့်ခဲ့ရပြီး သူ့ရဲ့ ကျောနံပါတ် ၁၀ ကို ကွန်ညာထံ လွှဲပြောင်းပေးခဲ့ရတာပါ။ 

ယူနိုက်တက်အသင်းမှာ ၂၃ နှစ်ကြာရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းမှာ ရှိနေရတာကို သူနှစ်သက်တယ်လို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ 

ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းကတော့ ၂၀၂၈ ခုနှစ် ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းက မဝယ်ယူရင်တောင် တခြားအသင်း တစ်သင်းက ဝယ်ယူလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ သူလုပ်ရမယ့်အရာက ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြပြီး ဆုဖလားတွေ ရယူဖို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်ရဖို့ ဖြစ်ပါတယ်။ 

ဒီနောက်ပိုင်းမှသာ ရက်ရှ်ဖို့ဒ်ဟာ အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ခွင့်ရမလား ဒါမှမဟုတ် ယူနိုက်တက်အသင်းထံ ပြန်လာပြီး တခြားအသင်းထံ ရောင်းချ ခံရမလားဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဖိလစ်ပိုင်သမ္မတ မားကို့စ်နဲ့ အာဆီယံထိုင်ခုံကို တွေ့ရစဉ်

စိန်ခေါ်မှုများနဲ့ အာဆီယံဥက္ကဋ္ဌ ရာထူး

By CNI
CNI
Category: ဆောင်းပါး
Hits: 911

CNI International Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းသည် အာဆီယံအဖွဲ့အတွက် စိတ်လှုပ်ရှားစရာ အကောင်း ဆုံး ကာလများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာပေလိမ့်မည်။

ပင်လယ်ပြင် အခြေပြု နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်သည် မပြတ်ဆုံးနိုင်သေးသည့် ပြဿနာများနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ပထဝီနိုင်ငံရေး အခြေအနေ အပြောင်းအလဲများသည် အရှိန်အဟုန်ဖြင့် မြန်ဆန်လာခဲ့၍ အာဆီယံဥက္ကဋ္ဌ နေရာကို ရယူမည့် ဖိလစ်ပိုင်အတွက် ကြီးမားသည့် နိုင်ငံရေးလှိုင်းလုံး  ရိုက်ခတ်မှု ဒဏ်ကို ခံနိုင်ရည်ရှိစေရန် သံတမန်ရေးရာ ကျွမ်းကျင်မှုများ လိုအပ်မည်ဖြစ်သည်။

ယခုနှစ် ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုအတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာလည်း လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေနှင့် ကိုက်ညီမှုရှိနေသည်။

ထိုဆောင်ပုဒ်မှာ "အတူတကွ ပေါင်းစည်းပြီး အနာဂတ်ခရီး သွားကြမည်" (Navigating the Future, Together) ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။

လက်ရှိတွင် အာဆီယံအဖွဲ့သည် အဖွဲ့ဝင် (၁၁) နိုင်ငံဖြင့် ပိုမိုတက်ကြွလှုပ်ရှားနေပြီး၊ ပါပူအာနယူးဂီနီနိုင်ငံ ကလည်း အဖွဲ့ဝင်ဖြစ်ရန် စောင့်ဆိုင်းလျက်ရှိသည်။

စင်စစ်အားဖြင့် ပါပူအာနယူးဂီနီသည် ၁၉၈၆ ခုနှစ်ကတည်းက လေ့လာသူ နိုင်ငံအဆင့်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပါပူအာနယူးဂီနီနိုင်ငံသည် အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် ပါပူအာနယူးဂီနီနိုင်ငံကို အဖွဲ့ဝင်ဖြစ်ရေးအတွက် အင်တိုက်အားတိုက် ထောက်ခံခဲ့သည်။

အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့ပြီဖြစ်သဖြင့် ပါပူအာနယူးဂီနီနိုင်ငံကို အချိန်ဆွဲထားခြင်းသည် မမျှတရာ ရောက်လိမ့်မည်ဖြစ်သည်။

မလေးရှားထံမှ ဖိလစ်ပိုင်က အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲပြောင်းလက်ခံနေစဉ်

ထို့ကြောင့် မကြာသေးမီက ဖိလစ်နိုင်ငံ၊ ဆီဘူး (Cebu) မြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ အာဆီယံဝန်ကြီး များက ပါပူအာနယူးဂီနီ၏ အဆင့်အတန်းကို အာဆီယံ၏ အထူးလေ့လာစောင့်ကြည့်သူ နိုင်ငံအဖြစ် မြှင့်တင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ပြီး ပါပူအာနယူးဂီနီသည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Apec) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

ယခုအချိန်တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇာရို (Theresa Lazaro) က တစ်ကြိမ်ပြီး တစ်ကြိမ် ဖြစ်ပေါ်လာသည့် ဖိအားများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အာဆီယံအနေဖြင့် ပိုမိုခိုင်မာစွာ စုစည်းရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

သတိပြုရမည့်အချက်မှာ တစ်ချိန်က ဆွေးနွေးဖက် နိုင်ငံသစ်များကို လက်ခံရန် ပွင့်လင်းမှုရှိခဲ့သော အာဆီယံသည် ယခုအခါတွင် ဆွေးနွေးဖက်အသစ်များ လက်ခံခြင်းအပေါ် ကန့်သတ်ချက် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်က တူရကီနိုင်ငံသည် အာဆီယံ၏ အပြည့်အဝ ဆွေးနွေးဖက်နိုင်ငံ (full dialogue partner) ဖြစ်လာရန် မျှော်လင့်ခဲ့သော်လည်း အာဆီယံအဖွဲ့အတွင်း သဘောတူညီမှု မရရှိခဲ့သောကြောင့် ဖြစ်မလာခဲ့ပေ။

ဗြိတိန်သည် ၂၀၂၁ ခုနှစ်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် Brexit အပြီး အာဆီယံ၏ အပြည့်အဝ ဆွေးနွေးဖက် နိုင်ငံအဖြစ် ဝင်ခွင့်ရခဲ့သည့် နောက်ဆုံးနိုင်ငံဖြစ်သည်။

အခြားနိုင်ငံ အများအပြားကလည်း အပြည့်အဝ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်လာရန် စိတ်ဝင်စားမှုကို ထုတ်ဖော် ပြသထား ကြသည်။

အာဆီယံအနေဖြင့် ခန့်မှန်းရခက်သော ကမ္ဘာ့အခြေအနေတွင် မိတ်ဖက် အဖွဲ့အစည်းများ တိုးချဲ့ခြင်းသည် အလွန်အရေးကြီးသည်ဟု ယုံကြည်ထားသည်။

သို့သော် အာဆီယံသည် အဖွဲ့ဝင် အရေအတွက် အပေါ်၌သာ အာရုံစိုက်နေခြင်း မဟုတ်ဘဲ မိတ်ဖက်ပြုမှုများသည် အာဆီယံ၏ ဗဟိုကျမှုနှင့် စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် သေချာ လုပ်ဆောင်ရမည်ဖြစ်သည်။

ထိုသို့သော ဆက်ဆံရေးများသည် အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာတွင် ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးကို မြှင့်တင်ပေးနိုင်ရမည်ဖြစ်သည်။

လက်ရှိတွင် အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဖိလစ်ပိုင်သည် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးစာချုပ်(TAC) ဆိုင်ရာ လမ်းညွှန်ချက်များ ပြင်ဆင်ရေးကို ကြီးကြပ်လုပ်ဆောင်နေသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

ဖိလစ်ပိုင် လက်ထက်တွင် အာဆီယံသည် TAC စာချုပ်ထဲ၌ ပါဝင်သည့်နိုင်ငံများ (HCPs) အနေဖြင့် မည်သို့ ထိတွေ့ ဆက်ဆံရမည်ဆိုသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်သစ်များကို ဖော်ဆောင်သွားမည် ဖြစ်သည်။

ယခုနှစ်တွင် TAC စာချုပ်သည် အနှစ် ၅၀ ပြည့်မြောက်ပြီ ဖြစ်သဖြင့် စာချုပ်၌ လက်မှတ် ရေးထိုးထားသည့် နိုင်ငံ အားလုံးအနေဖြင့် စာချုပ်ပါ တန်ဖိုးထားမှုများနှင့် မူဝါဒများကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် လိုက်နာ စောင့်ထိန်းကြစေရန် အာဆီယံက ဆန္ဒရှိနေသည်။

ထိုမူဝါဒသည် အာဆီယံ၏ ယခင်က ကျင့်သုံးခဲ့သော အဖွဲ့၏ လွှမ်းမိုးမှုကို ပြသရန်အတွက် လက်မှတ်ရေးထိုးသည့် နိုင်ငံအရေအတွက် တိုးချဲ့ရေးကို ဦးစားပေးသည့် မူဝါဒမှ ခွဲထွက်လိုက်ခြင်းလည်း ဖြစ်သည်။

အာဆီယံဝန်ကြီးများသည် မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေး နှစ်ခုလုံးအပေါ် ညီညွတ်စွာ ရပ်တည်ခဲ့ ကြပြီး ဘုံသဘောတူညီချက်နှင့် စုပေါင်းလှုပ်ရှားမှုတို့၏ အရေးပါပုံကို အလေးပေး ပြောကြားခဲ့ကြသည်။

ဖိလစ်ပိုင်သည် အစည်းအဝေး မတိုင်မီကတည်းက မြန်မာနိုင်ငံ အတွင်းနှင့် အပြင်ရှိ သက်ဆိုင်သူများနှင့် ထိတွေ့ ဆက်ဆံမှုများကို ဆောလျင်စွာ စတင်လုပ်ဆောင်ခဲ့သည်။

ထို့ပြင် အာဆီယံသည် မြန်မာ့တပ်မတော် အစိုးရက အပြည့်အဝ အကောင်အထည်ဖော်ရမည့် ဘုံသဘောတူ ညီချက် ၅ ရပ် အပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေသည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်လက် ရှိနေဆဲဖြစ်ကြောင်း ကိုလည်း အာဆီယံရှင်းလင်းစွာ ပြောကြားထားသည်။

သို့သော် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့် ပြန်လည် ပူးပေါင်းလိုသည့် ဆန္ဒနှင့် ပူးပေါင်း နိုင်စွမ်းရှိကြောင်းကို လက်တွေ့ လုပ်ဆောင်ချက်များဖြင့် သက်သေပြရမည်ဖြစ်သည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ကျွန်းတုများ တည်ဆောက် ခြင်းနှင့် တင်းမာမှုကို မြင့်တက်စေနိုင်သော ပြင်းထန်သည့် ဖြစ်ရပ်များအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည်။

ယခင် အစည်းအဝေးများတွင် ကဲ့သို့ပင် အာဆီယံသည် နိုင်ငံတကာ ဥပဒေများနှင့်အညီ မိမိကိုယ်ကို ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ကြရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တို့ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း ၂၀၀၂ ခုနှစ်ကတည်းက စတင်ခဲ့သည့် ပင်လယ်ပြင်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (COC) ဆွေးနွေးညှိနှိုင်းမှုများသည် ပိုမိုမြန်ဆန်ပြီး ထိရောက်လာဖွယ်ရှိသည်ဟု မျှော်လင့် ရသည်။

အာဆီယံအစည်းအဝေး ကျင်းပနေစဉ်

အာဆီယံနှင့် တရုတ်ခေါင်းဆောင်များသည် COC ကို ယခု ၂၀၂၆ ခုနှစ်တွင် အပြီးသတ်ရန်  သတ်မှတ်ခဲ့ကြသည်။ သို့သော် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး အဓိကပြဿနာအချို့မှာ ယနေ့တိုင် ပြေလည်ခြင်း မရှိသေးပေ။

ထိုကဲ့သို့ ကြီးမားသော စိန်ခေါ်မှုများအပြင် အာဆီယံအဖွဲ့ဝင် ဝန်ကြီးများသည် ဖိလစ်ပိုင်၏ ဦးစားပေး စီးပွားရေး လုပ်ငန်းစဉ် ၁၉ ရပ် ကို အတည်ပြုခဲ့ကြသည်။

ထိုလုပ်ငန်းစဉ်များမှာ အဖွဲ့ဝင်နိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှုများကို အားကောင်းစေရန် ရည်ရွယ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဆန်းသစ် တီထွင်မှုတို့ကို ဦးစားပေးထားသည်။

ထို့ပြင် အာဆီယံ ဒစ်ဂျစ်တယ် စီးပွားရေး မူဘောင်သဘောတူညီချက် (ASEAN Digital Economy Framework Agreement) ကို အပြီးသတ်နိုင်ခဲ့ပါက ထိုသဘောတူညီချက်သည် ကမ္ဘာ့ ပထမဦးဆုံးသော ဒစ်ဂျစ်တယ် စီးပွားရေးမူဘောင် ဖြစ်လာနိုင်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများအတွက် စံပြနမူနာတစ်ခု ဖြစ်လာ နိုင်သည်။

လက်ရှိတွင် အာဆီယံသည် ဒစ်ဂျစ်တယ် ကုန်သွယ်ရေး တိုးချဲ့ရန်နှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မျှော်လင့်နိုင်ပြီဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ထရီလျံ (ဘတ် ၆၃.၄ ထရီလျံခန့်) အထိ ရောက်ရှိလာနိုင်ခြေရှိသည်။

သို့သော် ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌတာဝန် အောင်မြင်မှုရှိ၊ မရှိဆိုသည်မှာ အချက် ၂ ချက်ပေါ်၌သာ မူတည် နေပါသည်။

ပထမအချက်မှာ ဖိလစ်ပိုင်ကိုယ်တိုင် အဓိကနေရာမှ ပါဝင်နေသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်း (COC) ကို အပြီးသတ်နိုင်ရေး ဖြစ်သည်။

ဒုတိယအချက်မှာ ဖိလစ်ပိုင်သည် ၎င်း၏ ပြည်တွင်းရေး ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် အတွေ့အကြုံ များကို အခြေခံပြီး မြန်မာ့အရေးကို ဖြေရှင်းရာတွင် ပိုမို ပါဝင်ကူညီပေးနိုင်ရေး ဖြစ်ပေသည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို တွေ့ရစဉ်

သွင်းဂိုးတွေကို ပြန်ရှာဖွေရမယ့်သူ သို့မဟုတ် ဟာလန်း 

By CNI
CNI
Category: ဆောင်းပါး
Hits: 604

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၆

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းဟာ ဂိုးသွင်းနှုန်း အလွန်ကောင်းမွန်တဲ့သူ တစ်ဦးဖြစ်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ 

ဟာလန်းဟာ ဒီရာသီအစမှာ မန်စီးတီးအသင်း အတွက်ရော နော်ဝေ လက်ရွေးစင် အသင်းအတွက်ပါ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့သူ ဖြစ်တာကြောင့် သူဂိုးပေါက် ပျောက်ဆုံးပြီး ပုံမှန်ခြေစွမ်းအောက် ရောက်နေတာက သိသာပါတယ်။ 

ဒါတောင် ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀ ဂိုးနဲ့ ပြိုင်ပွဲစုံ သူ့ရဲ့သွင်းဂိုးက ၂၇ ဂိုးအထိ ရှိနေတာပါ။ 

တခြား တိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဟာလန်းရဲ့ ဂိုးသွင်းနှုန်းက ကောင်းမွန်တယ်လို့ ပြောနိုင် ပေမယ့် သူမန်စီးတီးအသင်းကို ရောက်ခါစကို ပြန်ကြည့်ရင်တော့ အလွန်ကွာခြားသွားတာကို မြင်တွေ့နိုင်ပါတယ်။ 

ဟာလန်းဟာ မန်စီးတီးအသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၂ ဂိုးသာ သွင်းနိုင်ခဲ့ပြီး အသင်းဖော် အိုမာမာမွတ်ရှ်က အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်း ပရိသတ် တချို့ကတောင် အသင်းဟာ တိုက်စစ်မှူး ဟာလန်း မပါဝင်ဘဲ ပိုပြီးကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

ဟာလန်းနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်

ဟာလန်း နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးတွေ ပျောက်ဆုံးနေတာက အကြောင်းအရင်းရှိပြီး ဒီအထဲက တစ်ခုကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကို ရောက်လာခဲ့တဲ့ ဆီမန်ညိုဟာ ဂိုးသွင်းယူမှု တာဝန်ကို သူ့ဆီက နေ လွှဲပြောင်း ရယူတာလည်း ပါဝင်ပါတယ်။

ပြီးတော့ သူ့ကို ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနေတဲ့ ဒိုကူနဲ့ ချာကီတို့ ဒဏ်ရာတွေ ရနေတာကလည်း ဟာလန်း အတွက် သွင်းဂိုးရဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဟာလန်းရဲ့ ကစားတဲ့ပုံစံ၊ နေရာယူမှုတွေကို ပြိုင်ဘက်အသင်း ခံစစ် ကစားသမားတွေက သတိထား မိတာတွေကြောင့်လည်း ဟာလန်းဟာ ဂိုးဧရိယာထဲမှာ အဆုံးသတ် ကောင်းဖို့ ရုန်းကန်နေရတာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ဟာလန်း ရှိနေတာက သူတို့အတွက် ကံကောင်းပြီး သူသာမရှိရင် အသင်းဟာ ဒီလို အနေအထားမျိုးတောင် ရှိမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါ့ပြင် ဂွာဒီယိုလာက ပွဲတွေ အများကြီး ကစားနေရတာက သူ့အတွက် ခက်ခဲစေပြီး မကြာမီ သူပြန်လာနိုင် လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို တွေ့ရစဉ်

ဟာလန်းရဲ့ သွင်းဂိုးတွေ ပျောက်ဆုံးနေမှုက မန်စီးတီးအသင်းကို သက်ရောက်မှုတွေ အများကြီးရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲတွေမှာ ရမှတ်တွေ အများအပြား လျော့စေခဲ့ပါတယ်။ 

နော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးအသင်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ဘရိုက်တန် အသင်းနဲ့ ပွဲတစ်ပွဲသာ ဂိုးသွင်းနိုင်ခဲ့ပြီး ဒီဂိုးကို ပယ်နယ်တီကနေ သွင်းယူခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ဒီပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲသရေနဲ့ ၁ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ဟာလန်းအနေနဲ့ သွင်းဂိုးတွေ အမြန်ဆုံးပြန်သွင်းပြီး ခြေစွမ်းကောင်းတွေနဲ့ မန်စီးတီးအသင်းကို အကူအညီ ပေးနိုင်ဖို့ လုပ်ရတော့မှာပါ။

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အာဆင်နယ်အသင်းကို ဖိအားပေးနေတဲ့ မန်စီးတီးအသင်းဟာ လာမယ့်ပွဲ အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဟာလန်းဟာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆု ပြေးလမ်းကြောင်းပေါ်မှာ ဆက်ပြီးရှိနေနိုင်အောင် ကူညီပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
စစ်လက်နက်ပစ္စည်း အရောင်းပြပွဲကို တွေ့ရစဉ်

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုနဲ့ အာရှကာကွယ်ရေးကုမ္ပဏီများ

By CNI
CNI
Category: ဆောင်းပါး
Hits: 731

CNI International Article

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁

၂၀၂၅ ခုနှစ်တွင် ပထဝီနိုင်ငံရေး တင်းမာမှုများ အလွန်မြင့်တက်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဗင်နီဇွဲလားအပေါ် စစ်ရေးလှုပ်ရှားမှုများနှင့် ဂရင်းလန်း (Greenland) ကျွန်းကို ရယူရန် ကြိုးပမ်းမှု များက မကြာမီ အချိန်အတွင်း အေးချမ်းသွားဖွယ်မရှိသည့် နိုင်ငံတကာရေးရာ အခြေအနေများ ညွှန်ပြနေသည်။

ထိုအခြေအနေများတွင် အံ့အားသင့်ဖွယ် အမြတ်ထွက်မည့် သူများမှာ အာရှကာကွယ်ရေးကုမ္ပဏီများ ဖြစ်လာနိုင် သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ရေး အသုံးစရိတ်များ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

နေတိုးအဖွဲ့ဝင် နိုင်ငံများသည် ၂၀၂၆ ခုနှစ်တွင် ၎င်းတို့ ဂျီဒီပီ၏ ၂ ဒသမ ၈ ရာခိုင်နှုန်းကို ကာကွယ်ရေးကဏ္ဍ အတွက် သုံးစွဲရန် ပြီးခဲ့သည့်နှစ် ဇွန်လက ကတိပြုခဲ့ကြပြီး ၂၀၃၅ တွင် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထား သည်။

နေတိုး၏ အဓိကအဖွဲ့ဝင်ဖြစ်သည့် ဂျာမနီသည် ၂၀၂၉ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ သုံးစွဲရန် ရည်မှန်းထားသည်

ဂျပန်နိုင်ငံသည်လည်း ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုးရန် စီစဉ်နေပြီး အမေရိကန်သမ္မတ ထရမ့်သည် ၂၀၂၇ အတွက် စစ်အသုံးစရိတ်ကို ဒေါ်လာ ၁ ဒသမ ၅ ထရီလျံအထိ မြှင့်တင်ရန် ဆန္ဒရှိနေသည်။

ထိုပမာဏသည်  ၂၀၂၆ ခုနှစ်က လွှတ်တော်က အတည်ပြုထားသည့် အမေရိကန်၏ စစ်အသုံးစရိတ် ဒေါ်လာ ၉၀၁ ဘီလျံထက် သိသိသာသာ များပြားနေသည်ကို တွေ့ရသည်။

ထိုအခြေအနေများကြောင့် ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေးကုမ္ပဏီများ၏ ရှယ်ယာများ သိသိသာသာ အကျိုး အမြတ် ရရှိခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ကမ္ဘာ့စစ်ပွဲတွေကို သရုပ်ပြထားစဉ်

ဥရောပကာကွယ်ရေး အိတ်ချိန်းနှင့် ကုန်သွယ်ရေး ရန်ပုံငွေများသည် ၂၀၂၅ ခုနှစ် နှစ်စမှ ၂၀၂၆ ဇန်နဝါရီလ အစောပိုင်းအထိ နှစ်ဆနီးပါး မြင့်တက်ခဲ့ပြီး အမေရိကန်၏ ထိပ်တန်း နည်းပညာရှယ်ယာ ၇ ခုမှာ ၂၀ ရာခိုင်နှုန်း ကျော်သာ မြင့်တက်ခဲ့သည်။

ထိုကာလအတွင်း အာရှနှင့် အမေရိကန် ကာကွယ်ရေး ရှယ်ယာများသည် ၇၅ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြသည်။ 

လာမည့် ၁၂ လတာကို ကြည့်မည်ဆိုပါက အာရှကာကွယ်ရေး ကုမ္ပဏီများသည် ဥရောပသမဂ္ဂသို့ လက်နက်တင်ပို့ မှု မြင့်တက်လာခြင်းနှင့် အာရှတစ်လွှားရှိ နိုင်ငံများက သွင်းကုန်အစားထိုးရန် ပြည်တွင်း ထုတ်လုပ်မှုများကို အရှိန် အဟုန် မြှင့်တင်လာခြင်းဆိုသည့် အချက် ၂ ချက်ကြောင့် ဥရောပကာကွယ်ရေး ကုမ္ပဏီကြီးများကို ကျော်တက် နိုင်သည့် အလားအလာရှိသည်။

ဥရောပ၏ လက်နက်ဝယ်လိုအားကို အာရှကာကွယ်ရေးကုမ္ပဏီများက ပိုမိုဖြည့်ဆည်းပေးလာရပြီး တောင်ကိုရီးယားကုမ္ပဏီများက ဦးဆောင်နေသည်။

SIPRI ၏ အဆိုအရ တောင်ကိုရီးယားသည် ကမ္ဘာ့လက်နက်တင်ပို့မှု အများဆုံး နိုင်ငံများတွင် နံပါတ် ၁၀ နေရာ တွင် ရှိနေပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကာလအတွင်း ကမ္ဘာ့လက်နက်တင်ပို့မှု စုစုပေါင်း၏ ၂ ရာခိုင်နှုန်းရှိသည်။

ထိုကာလအတွင်း တောင်ကိုရီးယား ကာကွယ်ရေးပစ္စည်း တင်ပို့မှု၏ ၅၃ ရာခိုင်နှုန်းမှာ ဥရောပကို ဦးတည်ခဲ့ပြီး ပိုလန်တစ်နိုင်ငံတည်းသို့ ၄၆ ရာခိုင်နှုန်း တင်ပို့ခဲ့သည်။

ပိုလန် အပါအဝင် ဥရောပနိုင်ငံ အချို့သည် ယခုအခါ အမေရိကန် ကုမ္ပဏီများထက် အာရှကုမ္ပဏီများထံမှ ပိုမို ဝယ်ယူနေကြသည်။

အရည်အသွေး တူညီသော ထုတ်ကုန်များအတွက် အချိန်မီ ပေးပို့နိုင်ခြင်းနှင့် ဈေးနှုန်း သက်သာခြင်းတို့က တောင်ကိုရီးယားကုမ္ပဏီများဘက်သို့ အလေးသာသွားစေသည်။

SIPRI ၏ ထိပ်တန်း လက်နက် ထုတ်လုပ်သည့်နိုင်ငံ ၁၀၀ စာရင်းတွင် အာရှကုမ္ပဏီ ၂၃ ခု ပါဝင်နေပြီး တရုတ် ကုမ္ပဏီ ၈ ခု၊ ဂျပန်ကုမ္ပဏီ ၅ ခု၊ တောင်ကိုရီးယား ကုမ္ပဏီ၄ ခု၊ အိန္ဒိယကုမ္ပဏီ ၃ ခုနှင့် ထိုင်ဝမ်၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့မှ ကုမ္ပဏီတစ်ခုစီ ပါဝင်သည်။

အိန္ဒိယပြည်တွင်းထုတ် လက်နက်တွေကို တွေ့ရစဉ်

တရုတ်ကုမ္ပဏီများမှအပ ကျန်ကုမ္ပဏီအားလုံးမှာ ပြီးခဲ့သည့်နှစ်အတွင်း ဝင်ငွေများ သိသိသာသာ တိုးတက်လာခဲ့ သည်။

အာရှ၏ ကာကွယ်ရေးကဏ္ဍ အောင်မြင်မှုသည် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတွင် ပြည်တွင်းအင်အားကို ပိုမို အသုံးပြုလာခြင်း အပေါ်တွင် အခြေခံထားသည်။

ထိရောက်သော အမျိုးသားလုံခြုံရေး မဟာဗျူဟာ တစ်ရပ်သည် ပြည်တွင်းဖြစ် စစ်လက်နက် စက်မှုဇုန်တစ်ခု ရှိရန် လိုအပ်သည်ဟူသော ယုံကြည်ချက်အပေါ် အခြေခံပြီး အာရှနိုင်ငံများသည် ပြည်ပသွင်းကုန်များအစား ပြည်တွင်း ထုတ်လုပ်မှုဖြင့် အစားထိုးရန် ပိုမိုအာရုံစိုက်လာကြသည်။

အာဆီယံနိုင်ငံအချို့သည် ရည်မှန်းချက်ကြီးမားသော ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ပန်းတိုင် များကို ချမှတ်ထားသည်။

ဥပမာအားဖြင့် အင်ဒိုနီးရှားသည် အဓိက ကာကွယ်ရေး ပစ္စည်းများတွင် ပြည်တွင်း ထုတ်လုပ်မှုနှုန်းကို ၂၀၂၆ တွင် ၄၀ ရာခိုင်နှုန်းမှ ၂၀၃၀ တွင် ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားသည်။

ဗီယက်နမ်ကလည်း စစ်ဘက်သုံးရေဒါများ၊ သရုပ်ဖော် စစ်ရေးလေ့ကျင့်မှု စနစ်များနှင့် AI နည်းပညာတို့တွင် ပြည်တွင်း ပါဝင်မှု အချိုးအစားကို ၂၀၂၅  ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းခန့်မှ ၂၀၃၀ ပြည့်နှစ်၌ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

SIPRI ၏ အဆိုအရ ကမ္ဘာ့ဒုတိယအများဆုံး လက်နက်တင်ပို့သည့် အိန္ဒိယသည် ဦးဆောင်မှုနေရာကို ရယူထား သည်။

အိန္ဒိယသည် ၂၀၂၇ ခုနှစ်တွင် ကာကွယ်ရေးပစ္စည်း ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်ရန် ရည်မှန်းထားခဲ့ သည်။ ၂၀၂၅ တွင် ၆၅ ရာခိုင်နှုန်းအထိ ပြည်တွင်း၌ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ထိုပန်းတိုင်သို့ ရောက်ရန် အခြေအနေ ကောင်းနေသည်။

ထိုတိုးတက်မှုကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အိန္ဒိယသည် ရုရှားထံမှ လက်နက်များ ဝယ်ယူမှု သိသိသာသာ ကျဆင်းသွားခဲ့သည်။

SIPRI ၏ ထိပ်တန်းကုမ္ပဏီ ၁၀၀ အနက် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံ အထက်ရှိသည့် ဥရောပ၊ အမေရိကန်နှင့် အာရှမှ ထိပ်သီးကုမ္ပဏီ ၂၀ ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ခန့်မှန်းခြေ အမြတ်ငွေ တိုးတက်မှုနှုန်းက P/E အချိုးထက် ပိုမိုမြင့်မားနေသော ရှယ်ယာကို ပုံမှန်အားဖြင့် ဈေးချိုသည်ဟု ယူဆကြသည်။

P/E (Price-to-Earnings) အချိုးဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ လက်ရှိ ရှယ်ယာဈေးနှုန်းနှင့် ရှယ်ယာတစ်ခုချင်းစီမှ ရရှိသောအမြတ် (EPS - Earnings Per Share) တို့၏ အချိုးကို တိုင်းတာသည့် အဓိက တန်ဖိုးဖြတ်စနစ်တစ်ခု ဖြစ်သည်။

စစ်လက်နက်ပစ္စည်း အရောင်းပြပွဲကို တွေ့ရစဉ်

ထိုစံနှုန်းဖြ င့်ကြည့်လျှင် အထက်က ဖော်ပြခဲ့သည့်  ဥရောပ၊ အမေရိကန်နှင့် အာရှမှ ထိပ်သီးကုမ္ပဏီ ၂၀ အနက် ၉ ခုမှာ ဈေးချိုသည်ဟု သတ်မှတ်နိုင်ပြီး ၎င်းတို့အနက် ၆ ခုမှာ အာရှကုမ္ပဏီများဖြစ်သည်။

ထိုကုမ္ပဏီ ၆ ခုထဲတွင် ကိုရီးယားကာကွယ်ရေးကုမ္ပဏီကြီး ၄ ခုဖြစ်သည့် Korea Aerospace၊ Hanwha Aerospace၊ Hyundai Rotem နှင့် LIG Nex1 တို့ ပါဝင်သည်။ တရုတ်နိုင်ငံမှ Jonhon Optronic နှင့် ဂျပန်နိုင်ငံမှ Kawasaki Heavy Industries တို့သည်လည်း ဈေးချိုသော စာရင်းထဲတွင် ပါဝင်လာကြသည်။

အာရှမှ ကုန်ပစ္စည်း ထုတ်လုပ်သူများအတွက် ထောက်ပံ့ရေး ကွင်းဆက် အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး တရုတ် က ဂျပန်သို့ မြေရှားသတ္တုများနှင့် အခြားအရေးကြီးသော သတ္တုများများ တင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့် ဖြစ်ရပ်ကို မကြာသေးမီက မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် အာရှကုမ္ပဏီများ၏ လျင်မြန်သော တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းရန် သုတေသနနှင့် ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများကို ခိုင်ခိုင်မာမာ တိုးချဲ့ရန်နှင့် အရေးကြီးသော ကုန်ကြမ်းများ အနှောင့်အယှက်မရှိ စီးဆင်းနိုင်မှုကို စိတ်ချသေချာစေရန် လိုအပ်မည်ဖြစ်သည်။

ဥရောပကာကွယ်ရေးကုမ္ပဏီများသည် ပြီးခဲ့သည့်နှစ်က လျင်မြန်စွာ မြင့်တက်လာခဲ့သော်လည်း ရင်းနှီးမြှုပ်နှံ သူများက ပိုမိုခိုင်မာသော တိုးတက်မှုနှင့် ဆွဲဆောင်မှုရှိသော ဈေးနှုန်းများကို ရှာဖွေလာကြသည့်အတွက် ၎င်းတို့၏ အာရုံစိုက်မှုသည် အာရှဈေးကွက် ဦးဆောင်သူများဘက်သို့ ပြောင်းလဲသွားနိုင်ပေသည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကို တွေ့ရစဉ်

သောမတ်စ်ဖရန့်ခ် ဖြေရှင်းရမယ့် စပါးရဲ့ရလဒ် ကွာခြားမှုပုစ္စာ

By CNI
CNI
Category: ဆောင်းပါး
Hits: 631

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁

စပါးအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဖရန့်ဖတ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး League Phase မှာ အဆင့် ၄ နေရာ ရပ်တည်ကာ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ 

ဒါကို ကြည့်ရမယ်ဆိုရင် စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး ဥရောပပြိုင်ပွဲမှာ ရလဒ်ကောင်းမွန် နေတာ မြင်တွေ့ရတာဖြစ်ပါတယ်။ 

စပါးအသင်းဟာ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၈ ပွဲ ကစားခဲ့တာမှာ ၅ ပွဲ အနိုင်ရပြီး PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ၁ ပွဲတည်းသာ ရှုံးနိမ့်ခဲ့တာပါ။

ပရီးမီးယားလိဂ်မှာတော့ စပါးအသင်းဟာ ၂၃ ပွဲ ကစားအပြီးမှာ ၇ ပွဲသာ အနိုင်ရပြီး ၉ ပွဲအထိ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲပိုများနေပြီး ဥရောပပြိုင်ပွဲမှာ ဘာကြောင့် ရလဒ် ကောင်းနေလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

စပါးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်းကစားခဲ့တဲ့ ၄ ပွဲစလုံး ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့် နိုင်ပွဲ ရယူနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ အိမ်ကွင်းပွဲတွေမှာ ၆ ပွဲအထိ အရေးနိမ့်ထားပြီး နိုင်ပွဲက အလွန်နည်းခဲ့တာပါ။

စပါးအသင်းကိုတွေ့ရစဉ်

စပါးအသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ အမြဲတမ်း ခံနေရတာဖြစ်ပါတယ်။ 

စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ရလဒ်တွေကြောင့် နည်းပြသောမတ်စ်ဖရန့်ခ်ရဲ့ အနာဂတ်ဟာ လှုပ်ခတ်ခဲ့ပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ရလဒ်တွေက သူ့နည်းပြရာထူးကို ပြန်ကယ်တင်သွားခဲ့ပါတယ်။ 

စပါးအသင်းဟာ မာရသွန်ခရီးလို တာဝေးသွားရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ပြင်ဆင်တာမှာ ခက်ခဲနေပြီး တစ်ပွဲတိုးသွားရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်ရာမှာ လွယ်ကူနေခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ၁၆ သင်းအဆင့် ရောက်ရင်တော့ စပါးအသင်းအတွက် ခက်ခဲမှုတွေ စတင်လာတော့မှာပါ။ 

စပါးအသင်းဟာ မနှစ်က ရာသီကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး ဥရောပပြိုင်ပွဲမှာ ရလဒ်တွေကောင်းခဲ့တာ ဖြစ်ပါတယ်။ 

လန်ဒန်ကလပ်ဟာ မနှစ်က ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာ ရပ်တည်ခဲ့ပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တာပါ။ 

စပါးအသင်းကိုတွေ့ရစဉ်

စပါးအသင်းဟာ လာမယ့်ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲတွေကို မတ်လရောက်မှသာ ကစားရမှာဖြစ်လို့ ဖေဖော်ဝါရီလထဲ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲတွေမှာ ရလဒ်ကောင်းတွေရအောင် လုပ်ရတော့မှာဖြစ်ပါတယ်။ 

ဒါပေမယ့် လာမယ့် ပရီးမီးယားလိဂ် ပွဲတွေဟာ စပါးအသင်းအတွက် အလွန်ခက်ခဲတဲ့ ပွဲတွေဖြစ်လို့ ဒီပွဲတွေကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

စပါးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲတွေအဖြစ် မန်စီးတီး၊ ယူနိုက်တက်၊ နယူးကာဆယ်၊ အာဆင်နယ် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီပွဲတွေဟာ နည်းပြ သောမတ်စ်ဖရန့်ခ်ရဲ့ အနာဂတ်ကိုလည်း ဆုံးဖြတ်သွားနိုင်တာပါ။ 

အဲ့ဒါကြောင့် လာမယ့် မန်စီးတီးအသင်းနဲ့ပွဲမှာ ရလဒ်ကောင်း ရယူပြီး ပရီးမီးယားလိဂ်မှာ စပါးအသင်းရဲ့ ရလဒ် ကွာခြားမှုပုစ္စာကို နည်းပြသောမတ်စ်ဖရန့်ခ် ဖြေရှင်းနိုင်မလားဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ထရမ့်နှင့် Deep State ကြားက အားပြိုင်မှု

By CNI
CNI
Category: ဆောင်းပါး
Hits: 893

CNI International Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄

လက်ရှိ ကမ္ဘာ့အခြေအနေသည် ယူကရိန်းစစ်ပွဲ၊ ဂါဇာပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသ၏ မတည်ငြိမ်မှုများ၊ အင်အားကြီး နိုင်ငံများကြား အားပြိုင်မှုများအပြင် ဗင်နီဇွဲလားအပေါ် အမေရိကန်၏ အရေးယူ ဆောင်ရွက်မှုများ နှင့် ဂရင်းလန်း (Greenland) ကျွန်းကို အမေရိကန်က ထိန်းချုပ်ရန် ကြိုးပမ်းမှုများကြောင့် ရှုပ်ထွေးပွေလီသည့် အခြေအနေသို့ ရောက်ရှိနေသည်။

ထိုအကျပ်အတည်းများသည် ဒေသတွင်း အခင်းအကျင်းများ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများ၏ ရည်မှန်းချက်များ ကြောင့်သာ မဟုတ်ဘဲ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု ပုံစံနှင့်ပတ်သက်ပြီး အတွင်းစည်းတွင် သဘောထား ကွဲလွဲမှုများ၏ ရလဒ်များဖြစ်သည်။

ဤအားပြိုင်မှု၏ ဗဟိုချက်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) နှင့် အမေရိကန် လျှို့ဝှက်အုပ်စိုးမှု ရပ်ဝန်း (American Deep State) ဟု အများက ခေါ်ဆိုကြသည့် အင်အားစုတို့ ထိပ်တိုက်တွေ့နေခြင်းဖြစ်သည်။

လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (Deep State) ဆိုသည်မှာ အစိုးရအထက်တွင် ရှိနေသည်ဟု ယူဆရသည့် ရွေးကောက်ခံ မဟုတ်သော သြဇာကြီး အဖွဲ့အစည်းများ၊ အမြစ်တွယ်နေသော အကျိုးစီးပွားအုပ်စုများနှင့် ဝါဒရေးရာ ကွန်ရက် များ ပါဝင်သည့် အင်အားစုဟု မှတ်ယူနိုင်သည်။

ထို့ပြင် Deep State ကို အရိပ်ထဲမှ အစိုးရအဖွဲ့၊ လျှို့ဝှက်အစိုးရအဖွဲ့၊ မမြင်ရသည့် အစိုးရအဖွဲ့ အစရှိသဖြင့် အမျိုးမျိုး ခေါ်ဆိုလေ့ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ထိုပဋိပက္ခသည် ငြိမ်းချမ်းရေးနှင့် စစ်ပွဲကြား တစ်ဖက်ဖက်အား ရွေးချယ်မှုမျိုး မဟုတ်ဘဲ အမေရိကန်၏ အာဏာ ကို မည်သူက ထိန်းချုပ်မည်နည်း၊ အာဏာအသုံးချမှုကို မည်သို့သော အကြောင်းပြချက်ဖြင့် တရားမျှတအောင် ပြုလုပ်မည်နည်း၊ နောက်ဆုံးတွင် မည်သူ့အကျိုးစီးပွားကို အလုပ်အကျွေး ပြုမည်နည်း ဆိုသည့် မေးခွန်းများအပေါ် အခြေခံထားသည်။

သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုပါက အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် အမြဲတမ်း ပါဝင်ပတ်သက်နေရန် ပုံဖော်ထားခြင်းမျိုး မဟုတ်ခဲ့ပေ။

ဒုတိယကမ္ဘာစစ် မတိုင်မီက အမေရိကန်၏ မဟာဗျူဟာသည် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခြင်းနှင့် လိုအပ် သည့် ကိစ္စရပ်များတွင်သာ ပါဝင်ခြင်းအပေါ်မှာ အခြေခံခဲ့သည်။

အမေရိကန်သမ္မတ ဂျော့ဂျ်ဝါရှင်တန် (George Washington) သည် အမြဲတမ်း မဟာမိတ်ဖွဲ့ခြင်းကို ရှောင်ကြဉ်ရန် သတိပေးခဲ့ဖူးသည်။

ထိုသတိပေးချက်သည် ပြည်ပရေးရာကိစ္စများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခြင်းသည် သမ္မတနိုင်ငံ စနစ်ဖြင့် အုပ်ချုပ်မှုစနစ် (Republican governance) ကို ထိခိုက်ပျက်ပြား စေမည်ဆိုသည့် စိုးရိမ်မှုကို ထင်ဟပ်စေခဲ့သည်။

၁၈၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မွန်ရိုးဝါဒ (Monroe Doctrine) သည် ဥရောပ၏ အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများကို ရှောင်ရှားရင်း အနောက်ကမ္ဘာခြမ်းတွင် အမေရိကန်၏ လွှမ်းမိုးမှုကို အတည်ပြုနိုင်ရန် စနစ် တကျ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က အမေရိကန်၏ အာဏာသည် စစ်မှန်သော်လည်း ပထဝီဝင်အရ ကန့်သတ်ချက်ရှိပြီး မဟာဗျူဟာ မြောက် သတိထား ဆောင်ရွက်သည့် ပုံစံမျိုးသာ ဖြစ်ခဲ့သည်။

သို့သော် ဒုတိယကမ္ဘာစစ်နှင့် ဆိုဗီယက်ယူနီယံ၏ အင်အားကြီးထွားလာမှုတို့က ထိုအခြေအနေကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည်။

အမေရိကန်သည် နေတိုးကဲ့သို့သော အဖွဲ့အစည်းများနှင့် မာရှယ်စီမံကိန်း (Marshall Plan) ကဲ့သို့သော မူဝါဒ များမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု အခန်းကဏ္ဍကို လက်ခံကျင့်သုံးလာခဲ့သည်။

အမျိုးသားတစ်ဦး သတင်းအချက်အလက် စိစစ်နေစဉ်

သို့သော် စစ်အေးတိုက်ပွဲ အစောပိုင်းကာလ မဟာဗျူဟာများသည် လက်တွေ့ကျသော အခြေအနေပေါ်တွင်သာ အခြေခံခဲ့ကြသည်။

သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါ (Dwight Eisenhower) သည် "စစ်ဘက်-စက်မှု လုပ်ငန်းစုကြီးများ" (Military-Industrial Complex) ၏ အန္တရာယ်ကို သတိပေးခဲ့ပြီး အမြဲတမ်း စစ်အင်အား ပြင်ဆင်နေခြင်းသည် ဒီမိုကရေစီ နည်းကျ ထိန်းကျောင်းမှုများကို ပုံပျက်စေနိုင်သည့် အချက်ကို လက်ခံခဲ့သည်။

သမ္မတ ရော်နယ် ရေဂင် (Ronald Reagan) ကလည်း မူဝါဒရေးရာအရ ပြင်းထန်သည့် စကားလုံးများကို အသုံးပြု ခဲ့သော်လည်း လက်တွေ့တွင်မူ ဖိအားပေးခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ပေါင်းစပ်အသုံးပြုကာ တင်းမာမှုများ ကို လျှော့ချရန်သာ ကြိုးပမ်းခဲ့သည်။

ထိုအချိန်က အမေရိကန်၏ အာဏာကို ရှင်းလင်းသော ရည်မှန်းချက်များနှင့် သတ်မှတ်ထားသော အကန့်အသတ် များ၊ စည်းဘောင်များအတွင်း၌သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးသွားချိန်တွင် ထိုကဲ့သို့ ထိန်းချုပ် ကန့်သတ်မှုများကို ပြိုပျက်သွားစေခဲ့သည်။

ပြိုင်ဘက်ကင်းသွားသည့် အခါတွင် လစ်ဘရယ် အပြည်ပြည်ဆိုင်ရာဝါဒသည် အမေရိကန်၏ အာဏာကို ပုံစံ ပြောင်းလဲသွားစေခဲ့သည်။

ထို့နောက်တွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စည်းမျဉ်းအခြေပြု အခင်းအကျင်း (Rules-based order) ဟူသော စကားလုံးများဖြင့် အခြားနိုင်ငံများ၏ အရေးကိစ္စများတွင် ကြားဝင်စွက်ဖက်ခြင်းကို သာမန်လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်လာခဲ့သည်။

အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံများ၏ ဖြစ်ရပ်များက တစ်ထပ်တည်း တူညီနေသည့် သာဓကတစ်ခုကို ပြသရာရောက်ခဲ့သည်။

ထိုသာဓကမှာ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ပြီးနောက်တွင် ရေရှည် မတည်ငြိမ်မှုများ၊ မူလရည်မှန်း ချက်ထက် ကျော်လွန်လာသော စစ်ရေးချဲ့ထွင်မှုများနှင့် မဟာဗျူဟာမြောက် ကျိုးကြောင်းကွဲလွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လေယာဉ်ကိုတွေ့ရစဉ်

စစ်ပွဲသည် နိုင်ငံခြားရေးမူဝါဒ၏ လက်နက် တစ်ခုမျှသာ မဟုတ်တော့ဘဲ အုပ်ချုပ်ရေးယန္တရား၏ အခြေအနေ တစ်ရပ် ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ အခြေအနေမျိုးမှာပင် အမေရိကန် လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (American Deep State) ဟုခေါ်သည့် အင်အားစုသည် အတွေးအမြင် တစ်ခုအဖြစ် မဟုတ်ဘဲ လုပ်ငန်းသဘာဝအရ အပြန်အလှန် အမှီပြုနေသည့် စနစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ကာကွယ်ရေး ကန်ထရိုက်တာများ၊ ထောက်လှမ်းရေးအေဂျင်စီများ၊ ဗျူရိုကရေစီအဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်အဖွဲ့များ၊ မီဒီယာအဖွဲ့အစည်းများနှင့် ပညာရှင် အသိုင်းအဝိုင်းများက အချင်းချင်း အားဖြည့်ပေးနေသည့် ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့ကြသည်။

ထိုအုပ်စုများ၏ တရားဝင် တည်ရှိမှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော အကျပ်အတည်းများ အပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။

ရွေးကောက်ပွဲများက နိုင်ငံ့ခေါင်းဆောင်များကိုသာ ပြောင်းလဲနိုင်ခဲ့သော်လည်း မူဝါဒ လမ်းကြောင်းများမှာမူ သိသိသာသာ တည်ငြိမ်နေခဲ့သည်။

ကျရှုံးမှုများကို လိုအပ်ချက် တစ်ခုအဖြစ် အသွင်ပြောင်းလဲခဲ့ကြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများကိုမူ အဖွဲ့အစည်း အသီးသီးကြားတွင် အစဖျောက်ခဲ့ကြသည်။

ဘိုင်ဒန်အစိုးရ၏ ပြင်းထန်သော လစ်ဘရယ် အပြည်ပြည်ဆိုင်ရာဝါဒသို့ ပြန်လည်ကူးပြောင်းမှုသည် ထိုစနစ်ကြီး၏ စိတ်ပျက်ရသည့် အခြေအနေများကို ဖော်ထုတ်ပြသရာ ရောက်ခဲ့သည်။

ယူကရိန်းအရေးတွင် အမေရိကန်သည် နေတိုး အင်အားစု နယ်မြေ ချဲ့ထွင်ရေးနှင့် မဟာဗျူဟာမြောက် အရိပ် လက္ခဏာ ပြမှုများမှတဆင့် ရုရှားနှင့် ထိပ်တိုက်တွေ့ရန် တွန်းအားပေးခဲ့သော်လည်း ခိုင်မာသည့် သံတမန်ရေးရာ ထွက်ပေါက်တစ်ခုကိုမူ ရှာဖွေရန် ငြင်းဆန်ခဲ့သည်။

အချုပ်အခြာအာဏာကို ကိုယ်ကျင့်တရားအရ ကာကွယ်ခြင်းဟု အမည်တပ်ထားခြင်းသည်  နောက်ဆုံးတွင် ယူကရိန်းအား ပျက်စီးစေခဲ့သလို ဥရောပစီးပွားရေးကို ကျပ်တည်းစေသည်။ 

ထို့နောက် ရုရှား၏ စစ်အင်အား ချဲ့ထွင်မှုကို ခိုင်မာစေပြီး ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုများအား ပိုမိုနက်ရှိုင်းစေ သည့် ကြားခံစစ်ပွဲ (Proxy war) တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဂါဇာဒေသတွင် အမေရိကန်၏ မူဝါဒ မတည်ငြိမ်မှုနှင့် ဘက်ရွေးတတ်သည့် ကိုယ်ကျင့်တရား စံနှုန်းများသည် အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများကို ပိုမိုရဲတင်းလာစေခဲ့ပြီး အရပ်သားများအပေါ် ကြီးမားသော ဒုက္ခများကိုသာ ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန်သည် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်သူ သို့မဟုတ် ပြတ်သားသော ဆုံးဖြတ်ချက် ချနိုင်သူအဖြစ် မပေါ်လွင်ဘဲ ဖြစ်ရပ်များအပေါ် တုန့်ပြန်ရုံ သက်သက်သာ လုပ်ဆောင်နိုင်သည့် အခြေအနေတွင် ရှိနေကာ စကားလုံးများနှင့် မြေပြင် အခြေအနေကြားတွင် ပိတ်မိနေခဲ့သည်။

ထရမ့်၏ ထွက်ပေါ်လာမှုသည် စစ်အေးတိုက်ပွဲလွန်ခေတ်က အမြစ်တွယ်နေသော အယူအဆဟောင်းများကို ပြတ်တောက်သွားစေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ထို့ပြင် သံတမန်ရေးရာကို ကိုယ်ကျင့်တရားဆိုင်ရာ အသိအမှတ်ပြုမှုအဖြစ် မဟုတ်ဘဲ အကျိုးအမြတ်အတွက် အသုံးချရမည့် လက်နက်တစ်ခုအဖြစ်သာ သဘောထားခဲ့သည်။

ထရမ့်သည် အီရန်နှင့် တင်းမာမှုများ မြင့်တက်လာခြင်းကို ရှောင်ရှားခဲ့ပြီး ရုရှားနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မှု ကိုလည်း ငြင်းပယ်ခဲ့သည်။

ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့တွင် အမေရိကန်၏ တပ်အင်အားကို လျှော့ချခဲ့ကာ ယခင်က မဆက်ဆံခဲ့သည့် ပြိုင်ဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၎င်း၏ သမ္မတ သက်တမ်းအတွင်း ကြီးမားသော စစ်ပွဲအသစ်များ မရှိခြင်းက အမြဲတမ်း စစ်ရေး ပါဝင်ပတ်သက်မှု အပေါ် မှီခိုနေသော စနစ်ကြီးတစ်ခုလုံး သို့မဟုတ် Deep State အတွက် တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ ခဲ့သည်။

သို့သော် ထရမ့်သည် အမေရိကန်၏ လွှမ်းမိုးမှုကို မည်သည့်အခါကမျှ ဆန့်ကျင်ခဲ့ခြင်းမရှိပေ။

ထိုအချက်ကို ဗင်နီဇွဲလားနှင့် ဂရင်းလန်း (Greenland) ကိစ္စများတွင် မြင်တွေ့နိုင်သည်။

ထရမ့်အနေဖြင့် အင်အားသုံးရန် သို့မဟုတ် ဖိအားပေးရန် ဝန်မလေးခြင်းသည် Deep State နှင့် ၎င်းကြားက ပဋိပက္ခနှင့် ဆန့်ကျင်ဘက်ဖြစ်မနေဘဲ ၎င်း၏မူဝါဒကို ပိုပြီး ရှင်းလင်းသွားစေခြင်းဖြစ်သည်။

ထရမ့်သည် အာဏာအသုံးချမှုကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ ထိုအာဏာကို  Deep State အင်အားစုက ချုပ်ကိုင် ထားခြင်းကိုသာ ဆန့်ကျင်နေခြင်းဖြစ်သည်။

ရွေးကောက်ခံ မဟုတ်သည့် အင်အားစုများက စီမံခန့်ခွဲသည့် အခြေအနေထက် သမ္မတက တိုက်ရိုက်ထိန်းချုပ် သည့် တိုတောင်းပြီး အကျိုးအမြတ်ကို အခြေခံသော လုပ်ဆောင်ချက်များကိုသာ ထရမ့်ကို ပိုမိုနှစ်သက်သည်။

ဗင်နီဇွဲလားတွင် လုပ်ဆောင်ခဲ့သည့် အမေရိကန်၏ စစ်ဆင်ရေးက ထိုသဘောတရားကို ထင်ဟပ်စေသည်။

တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် ခေါင်းစဉ် တပ်ထားသော်လည်း လက်တွေ့တွင်  အနောက် ကမ္ဘာခြမ်း၌ လွှမ်းမိုးမှုရယူရန်နှင့် ရေနံကြောင့်ဖြစ်သည်။

လက်ရှိ အမေရိကန်နိုင်ငံရေး အခင်းအကျင်းတွင် ဖြစ်ပွားနေသော သမ္မတထရမ့်နှင့် Deep State ကြား ထိပ်တိုက် တွေ့ဆုံမှုသည် ရိုးရှင်းသော ပုဂ္ဂိုလ်ရေး ရန်ငြိုးဖွဲ့မှု မဟုတ်ပေ။

အမေရိကန်၏ အချုပ်အခြာအာဏာကို မည်သို့ အသုံးချမည်နည်းဆိုသည့် မတူညီသော ပုံစံနှစ်ခုကြား အားပြိုင်နေ သည့် ဖွဲ့စည်းပုံဆိုင်ရာ တိုက်ပွဲ (Structural Battle) တစ်ခု ဖြစ်သည်။

ထရမ့်၏ နိုင်ငံခြားရေးမူဝါဒသည် အစဉ်အလာ သံတမန်ရေးရာ စံနှုန်းများကို ဖယ်ရှားခဲ့ပြီး ဗင်နီဇွဲလား၏ ရေနံ အပေါ် အာရုံစိုက်မှုနှင့် ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများသည် မွန်ရိုးဝါဒကို ပြန်လည်နိုးထစေခဲ့ သည်။

တစ်ဖက်တွင် Deep State ဟုခေါ်သည့် ဗျူရိုကရေစီ ယန္တရားသည် ၎င်းတို့၏ အာဏာကို စည်းမျဉ်းအခြေပြုမှုနှင့် လူသားချင်းစာနာမှုဟူသော ပုံရိပ်များနောက်တွင် တည်ဆောက်ထားသည်။

ထရမ့်က ဆုံးဖြတ်ချက်ချသည့် အာဏာကို သမ္မတထံတွင်သာ ဗဟိုပြုစေလိုပြီး အစဉ်အလာ လုပ်ထုံးလုပ်နည်းများ ကို လျစ်လျူရှုမှုများသည် Deep State ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်စိန်ခေါ်ရာ ရောက်သည်။

ထို့ကြောင့် Deep State သည် ထောက်လှမ်းရေး သတင်းများ ပေါက်ကြားစေခြင်းနှင့် မီဒီယာများမှတဆင့် တိုက်ခိုက်ခြင်းများသည် ထရမ့်ကို ပုဂ္ဂိုလ်ရေး မနှစ်သက်မှုကြောင့်သာ မဟုတ်ဘဲ ၎င်းတို့၏ တည်ရှိမှုနှင့် လွှမ်းမိုး မှုကို ကာကွယ်ရန် တုန့်ပြန်ခြင်းသာ ဖြစ်သည်။

ခြုံငုံသုံးသပ်ရမည်ဆိုပါက ထရမ့်နှင့် Deep State အကြား အားပြိုင်မှုသည် အမေရိကန်နိုင်ငံရေး၏ နက်ရှိုင်းသော အကျပ်အတည်းကို ထင်ဟပ်နေသည်ဟု မှတ်ယူနိုင်ပေသည်။

Source: Asia Times

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်းကိုတွေ့ရစဉ်

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဘယ်အသင်းတွေ တက်နိုင်မလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 847

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်ဟာ ကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့တာကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်မယ့် အသင်း ၈ သင်း၊ ပလေးအော့ဖ် ကစားရမယ့် အသင်း ၁၆ သင်းဟာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့သာ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ထားနိုင်တဲ့ အတွက် ကျန်တဲ့အသင်းတွေဟာ နောက်ဆုံးပွဲမှာ ရလဒ်ကောင်းရရှိဖို့ ကြိုးပမ်းရတော့မှာပါ။ 

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲစလုံး အနိုင်ရထားပြီး နောက်ဆုံးပွဲမှာ ကိုင်ရတ်အသင်းနဲ့ ကစား ရမှာဖြစ်လို့ ရာနှုန်းပြည့်အနိုင်နဲ့ League Phase အဆင့်ကို အဆုံးသတ်ရဖို့ ရှိနေပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းကလည်း PSV အသင်းနဲ့ ကစားရမယ့် နောက်ဆုံးပွဲမှာ ရမှတ် ၁ မှတ် ရယူနိုင်တာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ဖို့ သေချာမှာ ဖြစ်ပါတယ်။ ထိပ်ဆုံး ၂ သင်းဟာ လာမယ့် အဆင့်တိုင်းမှာ ဒုတိယအကျော့ကို အိမ်ကွင်းကစားရမှာဖြစ်လို့ အားသာချက်ရရှိမှာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းကိုတွေ့ရစဉ်

အဆင့် ၃ နေရာက ရီးရယ်လ်အသင်း၊ အဆင့် ၄ နေရာက လီဗာပူးလ်အသင်း၊ အဆင့် ၅ နေရာက စပါးအသင်းတို့ ဟာ နောက်ဆုံးပွဲမှာ အနိုင်ရတာနဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်မှာဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းက ဘင်ဖီကာအသင်း၊ လီဗာပူးလ်အသင်းက ကာရာဘတ်အသင်း၊ စပါးအသင်းက ဖရန့်ဖတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အဆင့် ၆ နေရာက PSG အသင်းကနေ အဆင့် ၁၃ နေရာက အတ္တလန်တာအသင်းတို့ဟာ ရမှတ် ၁၃ မှတ်ချင်း တူညီနေတာကြောင့် အားပြိုင်မှုတွေက ပိုပြီးပြင်းထန်ဖို့ ရှိနေပါတယ်။ 

နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ အနိုင်ရဖို့ လိုအပ်နေသလို သူတို့ရဲ့ကံကြမ္မာဟာ ဂိုးကွာခြား ချက်အပေါ်မှာ မူတည်နေပါတယ်။

မန်စီးတီးအသင်းကိုတွေ့ရစဉ်

နယူးကာဆယ်အသင်းဟာ PSG အသင်း အိမ်ကွင်း သွားရောက် ကစားရမှာဖြစ်လို့ ခက်ခဲနိုင်ပြီး ချယ်လ်ဆီး အသင်းကလည်း အဝေးကွင်းမှာ နာပိုလီအသင်း၊ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ ဂါလာတာစာရေး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ထိပ်ဆုံး ၈ နေရာထဲက ကျန်ရှိတဲ့ ၆ နေရာအတွက် အသင်း ၁၆ သင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးပွဲမှာ ဒီအထဲကအသင်းတွေ ထိပ်တိုက်တွေ့တဲ့ပွဲက ၂ ပွဲသာရှိပါတယ်။

ဒီပွဲတွေကတော့ PSG နဲ့ နယူးကာဆယ်၊ ဒေါ့မွန်နဲ့ အင်တာမီလန်အသင်း ပွဲစဉ်တွေ ဖြစ်ပါတယ်။ အဆင့် ၃၂ နေရာ မှာ ရပ်တည်နေတဲ့ အေဂျက်စ်အသင်းထိ အားလုံးပါဝင်နေသေးတဲ့ ပလေးအော့ဖ် နေရာအတွက် ယှဉ်ပြိုင်မှုတွေ ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

ပွဲစဉ် ၇ အပြီးမှာ ဖရန့်ဖတ်၊ ဆလားဗီးယား၊ ဗီလာရီးရယ်လ်နဲ့ ကိုင်ရတ်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာထားရတာပါ။ 

ရီးရယ်လ်အသင်းကို တွေ့ရစဉ်

အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ မာဆေးလ်အသင်းနဲ့ အေဂျက်စ်အသင်းတို့အကြားမှာ ရမှတ်ကွာဟမှုက ၃ မှတ်သာရှိပါတယ်။ နာပိုလီ၊ ဘင်ဖီကာအသင်းတို့လို အသင်းကြီးတွေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာရမယ့် အခြေအနေမှာ ရှိနေပါတယ်။ 

သူတို့ ၂ သင်းဟာ ချယ်လ်ဆီး၊ ရီးရယ်လ်အသင်းတို့နဲ့ တွေ့ဆုံရမှာဖြစ်လို့ ပလေးအော့ဖ် ဝင်ခွင့်အတွက် ယှဉ်ပြိုင် ခွင့် ရယူနိုင်ဖို့ မျှော်လင့်ချက် အလွန်နည်းနေပါတယ်။ League Phase နောက်ဆုံးပွဲကတော့ အသင်းတိုင်းရဲ့ မျှော်လင့်ချက် ကိုယ်စီအတွက် အလွန်အရေးပါနေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

အဲဒါကြောင့် ဘယ်အသင်းတွေက အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်မလဲ၊ ဘယ်အသင်းတွေက ပလေးအော့ဖ် ဝင်ခွင့်သာရပြီး ဘယ်အသင်းတွေက ထွက်ခွာရမလဲ ဆိုတာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ 

Source: BBC

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 2 of 18

  1. You are here:  
  2. Home
  3. ဆောင်းပါး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar