CNI International Article

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁

၂၀၂၅ ခုနှစ်တွင် ပထဝီနိုင်ငံရေး တင်းမာမှုများ အလွန်မြင့်တက်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဗင်နီဇွဲလားအပေါ် စစ်ရေးလှုပ်ရှားမှုများနှင့် ဂရင်းလန်း (Greenland) ကျွန်းကို ရယူရန် ကြိုးပမ်းမှု များက မကြာမီ အချိန်အတွင်း အေးချမ်းသွားဖွယ်မရှိသည့် နိုင်ငံတကာရေးရာ အခြေအနေများ ညွှန်ပြနေသည်။

ထိုအခြေအနေများတွင် အံ့အားသင့်ဖွယ် အမြတ်ထွက်မည့် သူများမှာ အာရှကာကွယ်ရေးကုမ္ပဏီများ ဖြစ်လာနိုင် သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ရေး အသုံးစရိတ်များ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

နေတိုးအဖွဲ့ဝင် နိုင်ငံများသည် ၂၀၂၆ ခုနှစ်တွင် ၎င်းတို့ ဂျီဒီပီ၏ ၂ ဒသမ ၈ ရာခိုင်နှုန်းကို ကာကွယ်ရေးကဏ္ဍ အတွက် သုံးစွဲရန် ပြီးခဲ့သည့်နှစ် ဇွန်လက ကတိပြုခဲ့ကြပြီး ၂၀၃၅ တွင် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထား သည်။

နေတိုး၏ အဓိကအဖွဲ့ဝင်ဖြစ်သည့် ဂျာမနီသည် ၂၀၂၉ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ သုံးစွဲရန် ရည်မှန်းထားသည်

ဂျပန်နိုင်ငံသည်လည်း ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုးရန် စီစဉ်နေပြီး အမေရိကန်သမ္မတ ထရမ့်သည် ၂၀၂၇ အတွက် စစ်အသုံးစရိတ်ကို ဒေါ်လာ ၁ ဒသမ ၅ ထရီလျံအထိ မြှင့်တင်ရန် ဆန္ဒရှိနေသည်။

ထိုပမာဏသည်  ၂၀၂၆ ခုနှစ်က လွှတ်တော်က အတည်ပြုထားသည့် အမေရိကန်၏ စစ်အသုံးစရိတ် ဒေါ်လာ ၉၀၁ ဘီလျံထက် သိသိသာသာ များပြားနေသည်ကို တွေ့ရသည်။

ထိုအခြေအနေများကြောင့် ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေးကုမ္ပဏီများ၏ ရှယ်ယာများ သိသိသာသာ အကျိုး အမြတ် ရရှိခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ကမ္ဘာ့စစ်ပွဲတွေကို သရုပ်ပြထားစဉ်

ဥရောပကာကွယ်ရေး အိတ်ချိန်းနှင့် ကုန်သွယ်ရေး ရန်ပုံငွေများသည် ၂၀၂၅ ခုနှစ် နှစ်စမှ ၂၀၂၆ ဇန်နဝါရီလ အစောပိုင်းအထိ နှစ်ဆနီးပါး မြင့်တက်ခဲ့ပြီး အမေရိကန်၏ ထိပ်တန်း နည်းပညာရှယ်ယာ ၇ ခုမှာ ၂၀ ရာခိုင်နှုန်း ကျော်သာ မြင့်တက်ခဲ့သည်။

ထိုကာလအတွင်း အာရှနှင့် အမေရိကန် ကာကွယ်ရေး ရှယ်ယာများသည် ၇၅ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြသည်။ 

လာမည့် ၁၂ လတာကို ကြည့်မည်ဆိုပါက အာရှကာကွယ်ရေး ကုမ္ပဏီများသည် ဥရောပသမဂ္ဂသို့ လက်နက်တင်ပို့ မှု မြင့်တက်လာခြင်းနှင့် အာရှတစ်လွှားရှိ နိုင်ငံများက သွင်းကုန်အစားထိုးရန် ပြည်တွင်း ထုတ်လုပ်မှုများကို အရှိန် အဟုန် မြှင့်တင်လာခြင်းဆိုသည့် အချက် ၂ ချက်ကြောင့် ဥရောပကာကွယ်ရေး ကုမ္ပဏီကြီးများကို ကျော်တက် နိုင်သည့် အလားအလာရှိသည်။

ဥရောပ၏ လက်နက်ဝယ်လိုအားကို အာရှကာကွယ်ရေးကုမ္ပဏီများက ပိုမိုဖြည့်ဆည်းပေးလာရပြီး တောင်ကိုရီးယားကုမ္ပဏီများက ဦးဆောင်နေသည်။

SIPRI ၏ အဆိုအရ တောင်ကိုရီးယားသည် ကမ္ဘာ့လက်နက်တင်ပို့မှု အများဆုံး နိုင်ငံများတွင် နံပါတ် ၁၀ နေရာ တွင် ရှိနေပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကာလအတွင်း ကမ္ဘာ့လက်နက်တင်ပို့မှု စုစုပေါင်း၏ ၂ ရာခိုင်နှုန်းရှိသည်။

ထိုကာလအတွင်း တောင်ကိုရီးယား ကာကွယ်ရေးပစ္စည်း တင်ပို့မှု၏ ၅၃ ရာခိုင်နှုန်းမှာ ဥရောပကို ဦးတည်ခဲ့ပြီး ပိုလန်တစ်နိုင်ငံတည်းသို့ ၄၆ ရာခိုင်နှုန်း တင်ပို့ခဲ့သည်။

ပိုလန် အပါအဝင် ဥရောပနိုင်ငံ အချို့သည် ယခုအခါ အမေရိကန် ကုမ္ပဏီများထက် အာရှကုမ္ပဏီများထံမှ ပိုမို ဝယ်ယူနေကြသည်။

အရည်အသွေး တူညီသော ထုတ်ကုန်များအတွက် အချိန်မီ ပေးပို့နိုင်ခြင်းနှင့် ဈေးနှုန်း သက်သာခြင်းတို့က တောင်ကိုရီးယားကုမ္ပဏီများဘက်သို့ အလေးသာသွားစေသည်။

SIPRI ၏ ထိပ်တန်း လက်နက် ထုတ်လုပ်သည့်နိုင်ငံ ၁၀၀ စာရင်းတွင် အာရှကုမ္ပဏီ ၂၃ ခု ပါဝင်နေပြီး တရုတ် ကုမ္ပဏီ ၈ ခု၊ ဂျပန်ကုမ္ပဏီ ၅ ခု၊ တောင်ကိုရီးယား ကုမ္ပဏီ၄ ခု၊ အိန္ဒိယကုမ္ပဏီ ၃ ခုနှင့် ထိုင်ဝမ်၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့မှ ကုမ္ပဏီတစ်ခုစီ ပါဝင်သည်။

အိန္ဒိယပြည်တွင်းထုတ် လက်နက်တွေကို တွေ့ရစဉ်

တရုတ်ကုမ္ပဏီများမှအပ ကျန်ကုမ္ပဏီအားလုံးမှာ ပြီးခဲ့သည့်နှစ်အတွင်း ဝင်ငွေများ သိသိသာသာ တိုးတက်လာခဲ့ သည်။

အာရှ၏ ကာကွယ်ရေးကဏ္ဍ အောင်မြင်မှုသည် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတွင် ပြည်တွင်းအင်အားကို ပိုမို အသုံးပြုလာခြင်း အပေါ်တွင် အခြေခံထားသည်။

ထိရောက်သော အမျိုးသားလုံခြုံရေး မဟာဗျူဟာ တစ်ရပ်သည် ပြည်တွင်းဖြစ် စစ်လက်နက် စက်မှုဇုန်တစ်ခု ရှိရန် လိုအပ်သည်ဟူသော ယုံကြည်ချက်အပေါ် အခြေခံပြီး အာရှနိုင်ငံများသည် ပြည်ပသွင်းကုန်များအစား ပြည်တွင်း ထုတ်လုပ်မှုဖြင့် အစားထိုးရန် ပိုမိုအာရုံစိုက်လာကြသည်။

အာဆီယံနိုင်ငံအချို့သည် ရည်မှန်းချက်ကြီးမားသော ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ပန်းတိုင် များကို ချမှတ်ထားသည်။

ဥပမာအားဖြင့် အင်ဒိုနီးရှားသည် အဓိက ကာကွယ်ရေး ပစ္စည်းများတွင် ပြည်တွင်း ထုတ်လုပ်မှုနှုန်းကို ၂၀၂၆ တွင် ၄၀ ရာခိုင်နှုန်းမှ ၂၀၃၀ တွင် ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားသည်။

ဗီယက်နမ်ကလည်း စစ်ဘက်သုံးရေဒါများ၊ သရုပ်ဖော် စစ်ရေးလေ့ကျင့်မှု စနစ်များနှင့် AI နည်းပညာတို့တွင် ပြည်တွင်း ပါဝင်မှု အချိုးအစားကို ၂၀၂၅  ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းခန့်မှ ၂၀၃၀ ပြည့်နှစ်၌ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

SIPRI ၏ အဆိုအရ ကမ္ဘာ့ဒုတိယအများဆုံး လက်နက်တင်ပို့သည့် အိန္ဒိယသည် ဦးဆောင်မှုနေရာကို ရယူထား သည်။

အိန္ဒိယသည် ၂၀၂၇ ခုနှစ်တွင် ကာကွယ်ရေးပစ္စည်း ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်ရန် ရည်မှန်းထားခဲ့ သည်။ ၂၀၂၅ တွင် ၆၅ ရာခိုင်နှုန်းအထိ ပြည်တွင်း၌ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ထိုပန်းတိုင်သို့ ရောက်ရန် အခြေအနေ ကောင်းနေသည်။

ထိုတိုးတက်မှုကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အိန္ဒိယသည် ရုရှားထံမှ လက်နက်များ ဝယ်ယူမှု သိသိသာသာ ကျဆင်းသွားခဲ့သည်။

SIPRI ၏ ထိပ်တန်းကုမ္ပဏီ ၁၀၀ အနက် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံ အထက်ရှိသည့် ဥရောပ၊ အမေရိကန်နှင့် အာရှမှ ထိပ်သီးကုမ္ပဏီ ၂၀ ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ခန့်မှန်းခြေ အမြတ်ငွေ တိုးတက်မှုနှုန်းက P/E အချိုးထက် ပိုမိုမြင့်မားနေသော ရှယ်ယာကို ပုံမှန်အားဖြင့် ဈေးချိုသည်ဟု ယူဆကြသည်။

P/E (Price-to-Earnings) အချိုးဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ လက်ရှိ ရှယ်ယာဈေးနှုန်းနှင့် ရှယ်ယာတစ်ခုချင်းစီမှ ရရှိသောအမြတ် (EPS - Earnings Per Share) တို့၏ အချိုးကို တိုင်းတာသည့် အဓိက တန်ဖိုးဖြတ်စနစ်တစ်ခု ဖြစ်သည်။

စစ်လက်နက်ပစ္စည်း အရောင်းပြပွဲကို တွေ့ရစဉ်

ထိုစံနှုန်းဖြ င့်ကြည့်လျှင် အထက်က ဖော်ပြခဲ့သည့်  ဥရောပ၊ အမေရိကန်နှင့် အာရှမှ ထိပ်သီးကုမ္ပဏီ ၂၀ အနက် ၉ ခုမှာ ဈေးချိုသည်ဟု သတ်မှတ်နိုင်ပြီး ၎င်းတို့အနက် ၆ ခုမှာ အာရှကုမ္ပဏီများဖြစ်သည်။

ထိုကုမ္ပဏီ ၆ ခုထဲတွင် ကိုရီးယားကာကွယ်ရေးကုမ္ပဏီကြီး ၄ ခုဖြစ်သည့် Korea Aerospace၊ Hanwha Aerospace၊ Hyundai Rotem နှင့် LIG Nex1 တို့ ပါဝင်သည်။ တရုတ်နိုင်ငံမှ Jonhon Optronic နှင့် ဂျပန်နိုင်ငံမှ Kawasaki Heavy Industries တို့သည်လည်း ဈေးချိုသော စာရင်းထဲတွင် ပါဝင်လာကြသည်။

အာရှမှ ကုန်ပစ္စည်း ထုတ်လုပ်သူများအတွက် ထောက်ပံ့ရေး ကွင်းဆက် အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး တရုတ် က ဂျပန်သို့ မြေရှားသတ္တုများနှင့် အခြားအရေးကြီးသော သတ္တုများများ တင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့် ဖြစ်ရပ်ကို မကြာသေးမီက မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် အာရှကုမ္ပဏီများ၏ လျင်မြန်သော တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းရန် သုတေသနနှင့် ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများကို ခိုင်ခိုင်မာမာ တိုးချဲ့ရန်နှင့် အရေးကြီးသော ကုန်ကြမ်းများ အနှောင့်အယှက်မရှိ စီးဆင်းနိုင်မှုကို စိတ်ချသေချာစေရန် လိုအပ်မည်ဖြစ်သည်။

ဥရောပကာကွယ်ရေးကုမ္ပဏီများသည် ပြီးခဲ့သည့်နှစ်က လျင်မြန်စွာ မြင့်တက်လာခဲ့သော်လည်း ရင်းနှီးမြှုပ်နှံ သူများက ပိုမိုခိုင်မာသော တိုးတက်မှုနှင့် ဆွဲဆောင်မှုရှိသော ဈေးနှုန်းများကို ရှာဖွေလာကြသည့်အတွက် ၎င်းတို့၏ အာရုံစိုက်မှုသည် အာရှဈေးကွက် ဦးဆောင်သူများဘက်သို့ ပြောင်းလဲသွားနိုင်ပေသည်။

Source: ဘန်ကောက်ပို့စ်